တောင်ကိုရီးယားနိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး ဆောင်ရွက်ချက်များကို လေ့လာခြင်း

ခန့်ဇော်(ကျေးလက်)

တောင်ကိုရီးယားနိုင်ငံသည် တည်နေရာအနေအထားအရ အရှေ့အာရှဒေသ ကိုရီးယားကျွန်းဆွယ်တွင် တည်ရှိပြီး ဧရိယာစတုရန်းကီလိုမီတာ ၁၀၀၂၁၀ ကျယ်ဝန်းသည်။ လက်ရှိ ၂၀၂၃ ခုနှစ်တွင် လူဦးရေ ၅၁ ဒသမ ၃ သန်းရှိပြီး ကျေးလက်ဒေသတွင် လူဦးရေ ၉ ဒသမ ၆ သန်းရှိသည်။ ၁၉၄၅ ခုနှစ်တွင် ဂျပန်လက်အောက်မှ လွတ်လပ်ရေးရရှိခဲ့ပြီး ၁၉၅၀-၁၉၅၃ ခုနှစ်တွင် ပြည်တွင်းစစ်ဖြစ်ပွားပြီးနောက် တောင်ကိုရီးယားနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံဟူ၍ နှစ်နိုင်ငံ ကွဲသွားခဲ့သည်။ ၁၉၆၁ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ ပတ်ချုံဟီး အုပ်ချုပ်ခဲ့သည့်ကာလအတွင်း တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးမှာ စတင်တိုးတက်လာခဲ့သည်။ သဘာဝသယံဇာတရှားပါးသောနိုင်ငံဖြစ်ပြီး ကျောက်မီးသွေး၊ တန်စတင်၊ ခဲနှင့် ထုံးကျောက်တို့သာ အဓိကထွက်ရှိသည်။ ၁၉၆၀ ပြည့်နှစ်တွင် တောင်ကိုရီးယားနိုင်ငံ၏ တစ်ဦးကျ ဝင်ငွေသည် ၇၉ ဒေါ်လာမျှသာရှိသည့်အတွက် ထိုစဉ်က အာဖရိကရှိ ဆာဟာရဒေသနှင့် လက်တင်အမေရိကရှိ ဖွံ့ဖြိုးဆဲ နိုင်ငံများထက်ပင် လျော့နည်းခဲ့ကြောင်း တွေ့ရသည်။

၁၉၅၃ ခုနှစ်မှ ၁၉၆၀ ပြည့်နှစ်ကာလများတွင် နိုင်ငံတကာထောက်ပံ့မှုများအပေါ်၌သာ အဓိက မှီခိုခဲ့ရပြီး ထိုနှစ်များတွင် နိုင်ငံတကာအဖွဲ့အစည်းများ၏ ထောက်ပံ့မှုသည် နိုင်ငံသွင်းကုန်၏ ၇၀ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ ထိရောက်သော စီးပွားရေးမူဝါဒများ ချမှတ်ဆောင်ရွက်နိုင်ခြင်း မရှိသေးသည့်ကာလဟု ဆိုရပါမည်။

၁၉၆၀ ပြည့်နှစ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအနက် မြေယာပြုပြင်ပြောင်းလဲမှုကတော့ ထင်ရှားခဲ့သည်။ လယ်လုပ်သူ လယ်ပိုင်ဆိုင်ခွင့်ပေး ခြင်းဖြင့် ၎င်းတို့၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရာ ရောက်ခဲ့သည့်အပြင် စီးပွားရေးဖွံ့ဖြိုးမှုအတွက်လည်း များစွာအထောက်အကူ ဖြစ်စေခဲ့သည်။ ဆင်းရဲမှုလျှော့ချရေးအတွက် လူမှုဖူလုံရေးအစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သလို အခွန်များလျှော့ချခြင်း၊ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များကို ထောက်ပံ့ပေးသည့် အစီအစဉ်များကိုပါ ဆောင်ရွက်ခဲ့သည်။ စီးပွားရေး စီမံကိန်း များနှင့်အတူ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လယ်သမားများ၏ ဝင်ငွေတိုးတက်ရရှိရေး၊ ဆင်းရဲမှု လျှော့ချရေး၊ ပို့ကုန်မြှင့်တင်ရေး၊ နည်းပညာ တိုးတက်ရေးနှင့် စွမ်းအင်ဖြည့်ဆည်းရေးတို့ကို အထူးဦးစားပေး ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။

၁၉၆၁ ခုနှစ်တွင် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် တပ်မတော်က အာဏာသိမ်းယူကာ  ဘဏ္ဍာရေးမူဝါဒ (Fiscal Policy)နှင့် ငွေကြေးမူဝါဒ (Monetary Policy)များ ချမှတ်ကျင့်သုံး၍ စီးပွားရေး ပြန်လည်ကောင်းမွန်စေရန်  ကြိုးပမ်းခဲ့သည်။ ပထမငါးနှစ်စီမံကိန်းအနေဖြင့် အထည်အလိပ် လုပ်ငန်းကို ဦးစွာမြှင့်တင်ခဲ့ပြီး ၁၉၆၇ ခုနှစ်မှ ၁၉၇၁ ခုနှစ်များတွင်မူ ဒုတိယငါးနှစ်စီမံကိန်းကို ချမှတ်ခဲ့၍ အကြီးစားစက်မှုလုပ်ငန်းများကို မြှင့်တင်ခဲ့သည်။ ထို့ပြင် ပြည်ပနိုင်ငံများနှင့် ချိတ်ဆက်၍ ကုန်သွယ်ရေးကဏ္ဍကို ဖွင့်လှစ်အားပေးခဲ့သည်။ 

“ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံကောင်းများ”အဖြစ် ကျေးလက်ဘက်စုံဖွံ့ဖြိုးမှု (Integrated Rural Development-IRD) ဆိုင်ရာ မူဝါဒများကို စတင်မိတ်ဆက်လာခဲ့ပြီး ၂၀၀၀ ပြည့်နှစ်တွင် IRD သည် ကျေးလက်ရပ်ရွာအဆင့်တွင် ပြည့်စုံသော ကျေးလက်ဖွံ့ဖြိုးရေးအစီအစဉ်ဖြင့် ကျေးလက်ဒေသ လူနေမှုပတ်ဝန်းကျင်ကို ပိုမိုတိုးတက်ကောင်းမွန်စေခြင်း၊ ကျေးလက်ဒေသ စက်မှု ဖွံ့ဖြိုးစေခြင်းနှင့် လယ်ယာလုပ်ငန်းမဟုတ်သည့် ဝင်ငွေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် ကျေးလက်ဘက်စုံဖွံ့ဖြိုး ရေးအစီအစဉ်ဖြင့် စက်မှုဖွံ့ဖြိုးရေးကို မြှင့်တင်ခြင်းနှင့် လူနေမှုပတ်ဝန်းကျင်နှင့် လူ့ဘဝအရည်အသွေးကို တိုးတက်ကောင်းမွန်စေရန် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ 

ကျေးရွာဖွံ့ဖြိုးမှုပုံစံ-၁၊ လူ့အဖွဲ့အစည်းဖွံ့ဖြိုးရေးအစီအစဉ်

ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စီမံခန့်ခွဲရေးအဖွဲ့ (International Cooperation Administration–ICA) တို့မှ “ကျေးရွာဖွံ့ဖြိုးမှုပုံစံ-၁၊ လူ့အဖွဲ့အစည်းဖွံ့ဖြိုးရေးအစီအစဉ်” ကို ၁၉၅၈ ခုနှစ်တွင် စတင်ခဲ့ပြီး လယ်သမား အများဆုံးနေထိုင်သော ရွာများကို ရှေ့ပြေးအဖြစ် ရွေးချယ်ခဲ့သည်။ ဖွံ့ဖြိုးမှုအစီအစဉ် ပြင်ဆင်ရန်နှင့် ရွာသားများကိုယ်တိုင် အကောင်အထည်ဖော်နိုင်ရန် ရွာအသီးသီးတွင် ဖွံ့ဖြိုးရေးအဖွဲ့များ ဖွဲ့စည်းခဲ့ကြပြီး အစိုးရကနည်းပညာနှင့် ငွေကြေးအကူအညီများ ပေးခဲ့သည်။ လူထုဖွံ့ဖြိုးမှုစီမံကိန်းများတွင် မိမိကိုယ်ကို ကူညီခြင်းနှင့် အထောက်အပံ့ ရယူခြင်းဟူ၍ နှစ်မျိုးရှိပြီး ပထမတစ်မျိုးမှာ ရပ်ရွာလူထု၏အားထုတ်မှု၊ အရင်းအမြစ်များနှင့် နည်းပညာများဖြင့်  ပြင်ပအကူအညီမပါဘဲ ကိုယ့်အားကိုယ်ကိုး ဖွံ့ဖြိုးရေးဆောင်ရွက်ခြင်းဖြစ်ပြီး အထောက်အပံ့ရယူခြင်းဆိုသည်မှာ အစိုးရနှင့် အခြားအဖွဲ့အစည်းများမှ ရပ်ရွာလူထုသို့ထောက်ပံ့သည့် ငွေကြေးနှင့် နည်းပညာပိုင်းဆိုင်ရာ အကူအညီများ ရယူဆောင်ရွက်ခြင်းဖြစ်သည်။ ရပ်ရွာ လူထုအနေဖြင့်  ကိုယ်တိုင်ဖွဲ့စည်းနိုင်မှုနှင့် ဒီမိုကရေစီလုပ်ထုံးလုပ်နည်းများကို ကျေးလက် ဖွံ့ဖြိုးမှုလုပ်ငန်းစဉ်များမှတစ်ဆင့် လေ့လာနိုင်စေပြီး ယင်းလုပ်ငန်းစဉ်များနှင့် ဆက်စပ်စီမံကိန်းများမှ တစ်ဆင့်ရပ်ရွာလူထု၏ စွမ်းဆောင်ရည်ကို မြှင့်တင် ပေးခြင်းဖြစ်သည်။

ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးရွာသစ်ဖြစ်တည်ရေး လှုပ်ရှားမှု
၁၉၆၂ ခုနှစ်မှစ၍ အလျင်အမြန် စီးပွားရေး တိုးတက်လာခဲ့ပြီး ရလဒ်အဖြစ် ကျေးလက်နှင့် မြို့ပြ ဝင်ငွေကွာဟချက် ကြီးမားခဲ့သည်။ ၁၉၆၇ ခုနှစ်မှစ၍ လယ်ယာလုပ်ကိုင်သူအများအပြား မြို့ပြသို့ ပြောင်းရွှေ့လာခဲ့ခြင်းကြောင့် မြို့ပြနှင့် ကျေးလက် ကဏ္ဍနှစ်ခုလုံးအတွက် အလွန်ကြီးမားသော ဖိအား ကို ဖြစ်စေခဲ့သည်။ ထို့ကြောင့် ကျေးလက်နေလူထုအား စိုက်ပျိုးရေးဖြင့် အသက်မွေးနိုင်ရေးအတွက် အခြေခံအုတ်မြစ်ချပေးရန်နှင့် လယ်ယာကဏ္ဍဝင်ငွေကို မြှင့်တင်ရန် ဗျူဟာတစ်ရပ် လိုအပ်လာခဲ့သည်။ 

“ဆယ်မာအူးလ်အွန်ဒုံ” (Saemaul Undong- SMU)

ကိုရီးယားဘာသာစကားတွင် “ဆယ်” သည် ယခင်အတွေ့အကြုံများအပေါ် အခြေခံ၍ အရှိန်အဟုန်ဖြင့် အသစ်ဖန်တီးခြင်းဖြစ်ပြီး “မာ” မှာမူ ဒေသနှင့် လူမှုရေးဆိုင်ရာ အဖွဲ့အစည်းဖြစ်သည်။ ထို့ကြောင့် ဆယ်မာအူးလ်အွန်ဒုံသည် ခေတ်မီဖွံ့ဖြိုးသည့် ကျေးရွာသစ် သို့မဟုတ် လူ့အဖွဲ့အစည်းအသစ် ဖြစ်တည်ရေး လှုပ်ရှားမှုပင်ဖြစ်သည်။ ကျေးရွာသစ် ဖြစ်တည်ရေးလှုပ်ရှားမှုသည် လူ့အဖွဲ့အစည်း ခေတ်မီဖွံ့ဖြိုးလာစေရေး အဓိကပံ့ပိုးရန်ဖြစ်ပြီး တစ်ဦးချင်း၏ လူမှုဘဝအတွက်သာမက လူ့အဖွဲ့ အစည်းတစ်ရပ်လုံးပါဝင်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ ကျေးရွာသစ်ဖွံ့ဖြိုးရေးလှုပ်ရှားမှုကို သမ္မတ ပတ်ချုံဟီးလက်ထက် ၁၉၇၀ ပြည့်နှစ် ဧပြီ ၂၂ ရက်တွင် စတင်ခဲ့ပြီး အခြေခံအဆင့်၊ မြှင့်တင်ခြင်းအဆင့်၊ တက်ကြွစွာအကောင်အထည်ဖော်မှုအဆင့်၊ ခိုင်မာမှုအဆင့်နှင့် အလိုအလျောက် တိုးတက်မှုအဆင့်ဟူ၍ အဆင့်ငါးဆင့် ခွဲထားသည်။ 

အစိုးရက ရှေ့ပြေးစီမံကိန်းနှင့် အခြေခံအဆင့်ကို ဆောင်ရွက်ပြီး ဒေသအစိုးရနှင့် ဒေသခံပြည်သူများက မြှင့်တင်ခြင်းအဆင့်ကို ဆက်လက်ဆောင်ရွက်သည်။ အခြေခံအဆောက်အုံဖွံ့ဖြိုးမှု၊ သဘောထားပြုပြင်ပြောင်းလဲမှု၊ ဝင်ငွေရစီမံကိန်း အစပျိုးခြင်း၊ ချေးငွေစီမံကိန်းစတင်ခြင်း၊ စီမံကိန်းတိုးချဲ့ခြင်း၊ မြို့ပြအထိ ဈေးကွက်ချဲ့ထွင်ခြင်း၊ လူမှုပတ်ဝန်းကျင်ဖွံ့ဖြိုးခြင်း၊ စီးပွားရေးဖွံ့ဖြိုးမှုနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးမြှင့်တင်ခြင်း၊ ကောင်းမွန်သော ပတ်ဝန်းကျင်နှင့် စီးပွားရေး တည်ငြိမ်မှုအတွက် ဆောင်ရွက်ခြင်းနှင့် ပိုမိုကောင်းမွန်သည့် လူ့အဖွဲ့အစည်းဝန်းကျင်ကို ထူထောင်ခြင်းတို့ ဆောင်ရွက်ခဲ့ပြီး အဆင့် (၁)မှာ လေးနှစ်ခန့်ကြာမြင့်၍ အဆင့် (၂)နှင့် (၃)တို့မှာမူ သုံးနှစ်ကြာမြင့်ပြီး အဆင့်(၄)မှာ ၁၀ နှစ်ခန့် ကြာမြင့်သည်။ အဆင့်(၅)မှာ ကိုးနှစ်ခန့် ကြာမြင့် ခဲ့သည်။ အဆင့်တစ်ခုစီတွင် လက္ခဏာရပ်၊ စံနှုန်း၊ ရည်မှန်းချက်၊ စီမံကိန်း၊ ဖွဲ့စည်းပုံနှင့် လုပ်ဆောင်ချက်တို့ အမျိုးမျိုးရှိပြီး စနစ်ကျနသည့် စီမံကိန်း တစ်ခုဖြစ်သည်။ 

ကျေးရွာသစ်ဖြစ်တည်ရေးလှုပ်ရှားမှု၏ အဓိက အင်အားစုတစ်ခုမှာ အစိုးရ၏ ပါဝင်မှုနှင့် ပံ့ပိုးမှု ဖြစ်သည်။ စိုက်ပျိုးရေးကဏ္ဍ ဝင်ငွေမြှင့်တင်နိုင်ရန် ဂျင်ဆင်း၊ ဆေးရွက်ကြီးကဲ့သို့သော ငွေရလွယ်သည့် စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်း၊ ဖန်လုံအိမ်စိုက်ပျိုးနည်း ဆောင်ရွက်ပေးခြင်းအပြင် လယ်ယာလုပ်ငန်းပြင်ပ၌ လယ်သမားများ ဝင်ငွေ တိုးတက်စေရန် စက်မှုလုပ်ငန်းများကို ကျေးလက်ဒေသများ၌ ဆောင်ရွက်စေခဲ့သည်။ စိုက်ပျိုးချိန် ပြီးဆုံးပါက စက်ရုံများ၌ လုပ်ကိုင်ခြင်းဖြင့် အလုပ်အကိုင်များရရှိ၍ ဝင်ငွေတိုးစေခဲ့သည်။ ဤသို့ဖြင့် ကျေးလက်နေပြည်သူများအား “လုပ်နိုင်ရမည်” ဟူသည့် “Can Do Spirit” စိတ်ကို မွေးမြူပေးနိုင် ခဲ့သည်။ 

စိုက်ပျိုးထွက်ကုန်ထုတ်လုပ်ရေး၊ အခြေခံ အဆောက်အအုံကို မြှင့်တင်ရေးနှင့် သက်သာ ချောင်ချိရေးတို့ကို စီမံကိန်းများအဖြစ် ခွဲထုတ်ခဲ့သည်။ ရလဒ်အဖြစ် လယ်သမားမိသားစု၏ ဝင်ငွေသည် ၁၉၇၁ ခုနှစ်တွင် မြို့ပြအလုပ်သမားဝင်ငွေ၏ ၇၈ ဒသမ ၈ ရာခိုင်နှုန်းနှင့်ညီမျှနေရာမှ ၁၉၈၂ ခုနှစ် တွင် ၁၀၃ ဒသမ ၂ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး ၁၀ နှစ်အတွင်း မြို့ပြနေအလုပ်သမားများ၏ ဝင်ငွေ ထက် မြင့်တက်လာခဲ့သည်။ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုမှာ ၁၉၆၇ ခုနှစ်တွင် ၃၄ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၁၉၈၉ ခုနှစ်တွင် ခုနစ်ရာခိုင်နှုန်းသာ ကျန်ရှိပါတော့သည်။ 

ရရှိထားသော  ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အထောက်အပံ့များကို ထိန်းသိမ်းရေး၊ တိုးတက် စေရန် ဆောင်ရွက်ရေးတို့ကို ကိုယ်ထူကိုယ်ထ စိတ်ဓာတ်ဖြင့် ဦးစားပေးဆောင်ရွက်ခဲ့ကြပြီး ခေါင်းဆောင်မှုအတွက် သင်တန်းများပေးခြင်း၊ လေ့ကျင့်ရင်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ အချင်းချင်း အပြန်အလှန်သင်ယူခြင်း၊ ဆွေးနွေးပွဲများ ကျင်းပပေးခြင်း၊ အစုအဖွဲ့များ အလိုက် ပြဿနာဖြေရှင်းမှု ပြုစေခြင်းတို့ဖြင့် အခက် အခဲများကိုလည်း ဖြေရှင်းစေခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ၏ စပါးစိုက်ပျိုးမှုသည် တစ်ဟက်တာလျှင် မက်ထရစ် တန် ၅ ဒသမ ၁၈ ထွက်၍ ကမ္ဘာ့စံချိန်ကို ချိုးနိုင်ခဲ့သည်။

ကျေးရွာသစ်ဖြစ်တည်ရေးလှုပ်ရှားမှု အောင်မြင်ရသည့် အကြောင်းအရင်းများမှာ ကျေးရွာ ခေါင်းဆောင်များအနေဖြင့် ကြိုးပမ်းအားထုတ်မှုရှိခြင်းနှင့် အမြဲမပြတ် ခေါင်းဆောင်မှုပေးနိုင်ခြင်း၊ ခေါင်းဆောင်မှုနှင့် ဆက်စပ်သည့် ပညာအရည် အချင်းရှိခြင်း၊ ကျေးလက်နေ ပြည်သူလူထုအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် တက်ကြွစွာ ပါဝင် ဆောင်ရွက်ရန် အသိတရားရှိခြင်း၊ အစိုးရအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယှဉ်ပြိုင်မှုကို လှုံ့ဆော် ပေးခြင်း၊ ခိုင်မာသော အထောက်အပံ့များပေးခြင်း နှင့် အဆင့်ဆင့် ခေါင်းဆောင်မှု အားကောင်းခြင်း၊ မဟာဗျူဟာများကို ထိရောက်စွာ အသုံးချနိုင်ခြင်း၊ လူမှုပညာရေးစနစ်သစ်ကို ချမှတ်နိုင်ခြင်း၊ ဒေသခံနှင့် ပြည်သူလူထု၏ ဘုံအကျိုးစီးပွားအတွက် ထုတ်ကုန်နှင့် ဝင်ငွေမြင့်မားရန် ဆောင်ရွက်ခြင်း တို့ကြောင့် ဖြစ်သည်။

စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခြင်း

အစောပိုင်း စီးပွားရေးစီမံကိန်းများသည် စိုက်ပျိုးရေးနှင့် အခြေခံအဆောက်အအုံတို့အပေါ် အသားပေးခဲ့ပြီး နောက်ပိုင်းတွင် အသေးစားစက်မှု လုပ်ငန်း၊ အီလက်ထရွန်နစ်၊ အကြီးစားနှင့် ဓာတုစက်မှုလုပ်ငန်းများစသည်ဖြင့် အစဉ်လိုက်အတိုင်း အသားပေးမှု ပြောင်းလဲလာခဲ့သည်။ အဆိုပါ မဟာဗျူဟာများ အသုံးပြုခြင်းအားဖြင့် ပို့ကုန်အလေးပေးစီးပွားရေးမှာ တဖြည်းဖြည်း ဖွံ့ဖြိုး တိုးတက်လာခဲ့ပြီး ၁၉၇၀ ပြည့်နှစ် နှောင်းပိုင်းကာလများမှစ၍ နိုင်ငံစီးပွားရေး၏ ထုတ်လုပ်မှုကဏ္ဍတွင် လုပ်ငန်းကြီးများ၏ လွှမ်းမိုးမှု တဖြည်းဖြည်း လျော့ကျလာခဲ့ပြီး အသေးစားစက်မှုလက်မှု(SMEs) ကဏ္ဍမှာ တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့သည်။

သမ္မတကင်ဒေးဂျုံ လက်ထက်တွင် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအား ဆက်လက် တွန်းအားပေးဆောင်ရွက်ခဲ့ပြီး နိုင်ငံ၏ဖွံ့ဖြိုးမှုနှုန်း ကို ၁၉၉၀ ပြည့်နှစ်တွင် ၉ ဒသမ ၈၁ ရာခိုင်နှုန်း၊ ၂၀၀၀ ပြည့်နှစ်တွင် ၈ ဒသမ ၉၂ ရာခိုင်နှုန်း၊ ၂၀၁၀ ပြည့်နှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၂၀၁၇ ခုနှစ်တွင် ၃ ဒသမ ၁ ရာခိုင်နှုန်းသို့ တိုးမြှင့်နိုင်ခဲ့၍ အာရှ ဒေသအတွင်း စီးပွားရေးဖြန့်ကြက်မှု အားကောင်းသော နိုင်ငံတစ်နိုင်ငံအဖြစ် ရောက်ရှိအောင် ဆောင်ရွက်နိုင်ခဲ့သည်။ ထို့အပြင် တောင်ကိုရီးယား နိုင်ငံအနေဖြင့် ၁၉၉၈ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ လုပ်သားဈေးကွက်ပြုပြင်ပြောင်းလဲမှု (Labour Market Reform)၊ ချေဘိုးပြုပြင်ပြောင်းလဲမှု (Chaebol Reform)၊ ဘဏ္ဍာရေးပြုပြင်ပြောင်းလဲမှု (Financial Reform)၊ ပြည်သူ့ဝန်ဆောင်မှုကဏ္ဍ ပြုပြုင်ပြောင်းလဲရေး (Public Sector Reform) တို့ကို ဆောင်ရွက်ခဲ့သည်။ ထိုပြုပြင်ပြောင်းလဲရေးများကို ခေတ်ရေစီးကြောင်းနှင့် ကိုက်ညီစွာ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ယနေ့ခေတ်တွင် ကမ္ဘာပေါ်မှာ ထင်ရှားပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေနိုင်ပြီဖြစ်သည်။

ထို့အပြင် ခေတ်မီနည်းပညာများ ဖွံ့ဖြိုးစေရေး အတွက်လည်း အစိုးရတာဝန်ရှိသူများ၊ ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်း၍ စက်ရုပ်ကဲ့သို့သော စက်မှုအီလက်ထရွန်နစ်ဆိုင်ရာ လုပ်ငန်းများ၊ ဇီဝနည်းပညာရပ်များ၊ မိုက်ခရိုအီလက်ထရွန်နစ်များ၊ အဏုဓာတုဗေဒများနှင့် အာကာသဆိုင်ရာ အင်ဂျင်နီယာစသော ခေတ်မီနည်းပညာထုတ်ကုန်များ တိုးမြှင့်ရန် ဆောင်ရွက်ခဲ့ကြသည်။ အီလက်ထရွန်နစ်၊ ချည်မျှင်နှင့်အထည်၊ သင်္ဘော တည်ဆောက်ရေးလုပ်ငန်း၊ မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းနှင့် စတီးလုပ်ငန်းများသည် အရေးကြီးထုတ်ကုန်အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ နိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပုံမှန်စီးဝင်နိုင်ရေးအတွက်လည်း အားပေးဆောင်ရွက်ခဲ့သဖြင့် ပြည်ပပို့ကုန်တိုးမြှင့်မှု မြင့်မားလာခဲ့ပြီး နိုင်ငံ့ဝင်ငွေလည်း သိသာစွာ တိုးတက်လာခဲ့သည်။ ထို့ပြင် ဓာတ်သတ္တုတူးဖော်ရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်းများတွင်လည်း အောင်မြင်မှုများ ရရှိခဲ့သည်။ ထိုသို့ အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့မှုများကြောင့် တောင်ကိုရီးယားနိုင်ငံ၏  စီးပွားရေးသည် အာရှတိုက်၏ စတုတ္ထအင်အားအကြီးဆုံးဖြစ်လာ ခဲ့ပြီး နိုင်ငံတကာ၌ အဆင့်(၁၁) နေရာသို့ ရောက်ရှိလာခဲ့သည်။ တောင်ကိုရီးယားနိုင်ငံ၏ ၂၀၁၇ ခုနှစ် GDP မှာ အမေရိကန်ဒေါ်လာ ၁၅၃၁ ဘီလီယံ ဖြစ်သည်။ 
တောင်ကိုရီးယားနိုင်ငံ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး အောင်မြင် ရသည့် အကြောင်းအရင်းများကို လေ့လာသုံးသပ်ခဲ့ရာ အောက်ပါအချက်များကို သတိပြုမိခဲ့သည်- 

(က)    ဆယ်မာအူးလ်အွန်ဒုံ (SMU) ကျေးရွာသစ် လှုပ်ရှားမှုစီမံကိန်း Design ကောင်းမွန်ခြင်း၊ နိုင်ငံဆင်းရဲမှုလျှော့ချရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးကို  နိုင်ငံအဆင့်လုပ်ငန်းစဉ်အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ခြင်း၊ နိုင်ငံတကာသို့ မျှဝေပေးနိုင်သည်အထိ အောင်မြင်ခဲ့ခြင်း၊

( ခ )    သယံဇာတ အရင်းအမြစ် ရှားပါးမှုကြောင့် ‘‘လုပ်မှရမယ်၊ လုပ်ရင်ရတယ်၊ လုပ်ရင်ဖြစ်တယ်၊ လုပ်နိုင်တယ်”ဆိုသည့် အသိစိတ်ဓာတ် နိုင်ငံသားအားလုံးတွင် ရှိခြင်း၊

( ဂ )    ကျေးရွာအားလုံးတွင်ရှိသည့် ခေါင်းဆောင်များ၏ ခေါင်းဆောင်မှုကောင်းမွန်ခြင်းနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို အစိုးရမှ လှုံ့ဆော်မြှင့်တင် ပေးနိုင်မှုရှိခြင်း၊

(ဃ)    လယ်ယာပြင်ပ အလုပ်အကိုင်ဖန်တီးပေးနိုင် ခြင်းဖြစ်သည့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ခြင်း။

မြန်မာနိုင်ငံနှင့် ဆယ်မာအူးလ်အွန်ဒုံ (SMU Model)

မြန်မာနိုင်ငံတွင် SMU ကျေးရွာသစ်စီမံကိန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနနှင့် Korea International Agency - KOICA ပူးပေါင်းပြီး ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ပြည်နယ်/ တိုင်းဒေသကြီး ၁၀ ခု၌ ကျေးရွာပေါင်း ၁၀ ရွာကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ စီမံကိန်းမှ ကျေးရွာနေပြည်သူများ ပူးပေါင်းပါဝင်ပြီး အခြေခံအဆောက်အအုံ အပါအဝင် လူမှုပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဝင်ငွေတိုးတက် ရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ စီမံချက် ရေးဆွဲ၍ ပြည်သူများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြစ်သည်။ ကျေးရွာသူ ကျေးရွာသားများ ပိုင်ရှင်စိတ်ဓာတ်ရှိခြင်းနှင့် ဆန္ဒအလျောက် ပူးပေါင်းပါဝင်လာခြင်း၊ SMU စိတ်ဓာတ်၊ ခေါင်းဆောင်မှု၊ ယှဉ်ပြိုင်ခြင်းနှင့် နိုင်ငံတော် အထောက်အပံ့ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းတို့သည် SMU ၏ အဓိက အနှစ်သာရ ဖြစ်သည်။ 

ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကို ၂၀၁၆ ခုနှစ် ကစပြီး ဆောင်ရွက်ခဲ့ရာ ပထမဆုံးအနေဖြင့် ကျေးရွာပေါင်း ၁၀၀ ကို အမေရိကန်ဒေါ်လာ ၂၀၀၀၀ နှင့် ညီမျှသော မြန်မာငွေကို ထောက်ပံ့ပေးခဲ့သည်။ ရန်ပုံငွေနှင့် ပြည်သူများ၏ ထည့်ဝင်ငွေပေါင်းပြီး ရွာ၏ဖွံ့ဖြိုးရေး ၆၅ ရာခိုင်နှုန်း၊ ဝင်ငွေတိုးပွားရေး ၃၅ ရာခိုင်နှုန်း၊ စွမ်းဆောင်ရည်မြှင့်တင်ရေး ၅ ရာခိုင်နှုန်း ခွဲဝေပြီး လုပ်ငန်းယှဉ်ပြိုင်စနစ်ဖြင့် ဆောင်ရွက်စေသည်။ ထိုဆောင်ရွက်ချက်များကို အပြန်အလှန် အကဲဖြတ်၊ အမှတ်ပေးစည်းမျဉ်းနှင့်အညီ စနစ်တကျ ဆောင်ရွက်ခဲ့ပြီး စီမံကိန်းထပ်မံ ထောက်ပံ့မှုအဖြစ် အဆင့် A ရှိသည့်ရွာကို အမေရိကန်ဒေါ်လာ ၂၀၀၀၀၊ အဆင့် B ရှိသည့် ရွာကို အမေရိကန်ဒေါ်လာ ၁၀၀၀၀ နှင့် အဆင့် C ချီးမြှင့်ငွေ ထပ်မံမရရှိပေ။ ကောင်းစွာ ကြိုးပမ်းဆောင်ရွက်နိုင်သော ကျေးရွာအား ထပ်တိုးဆုချီးမြှင့်ခြင်းစနစ်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်သည်။ မြင်သာသည့် အကျိုးရလဒ်များအနေဖြင့် လူမှုရေး အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးလာခြင်း၊ ဝင်ငွေ တိုးပွားလာခြင်းများဖြစ်ပြီး မမြင်သာသော ရလဒ်များအနေဖြင့် တန်ဖိုးမဖြတ်နိုင်သည့် အချက်များကတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန် လာခြင်း၊ အတွေးသစ် အမြင်သစ်ရှိလာခြင်း၊ အသင်းအဖွဲ့စိတ်ဓာတ် ရှိလာခြင်း၊ ပူးပေါင်းပါဝင်ဆောင်ရွက် တတ်လာခြင်း၊ ကိုယ့်အားကိုယ်ကိုးစိတ်ရှိခြင်း၊ ပိုင်ရှင်စိတ်ဓာတ်ရှိလာခြင်းတို့ ဖြစ်သည်။ 

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဆောင်ရွက်နေသည့် ခေတ်မီစံပြကျေးရွာ ထူထောင်ရေး(Smart Village)စီမံကိန်း၊ ကျေးလက် စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF)၊ လူထုဗဟိုပြုစီမံကိန်း (Community Driven Development–CDD)၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း နှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(Village Develop-ment Plan-VDP) များမှာလည်း SMU Model ပုံစံ အတိုင်း ဖြစ်သည်။ လူထုပူးပေါင်းပါဝင်မှုကို အခြေခံထားသည်။ ကိုယ်တိုင် စီမံခန့်ခွဲ အကောင်အထည်ဖော်ပြီး ကိုယ်တိုင်တာဝန်ယူတတ်အောင် သင်ကြား ပေးသည်။ တာဝန်ယူ၊ တာဝန်ခံရသည်။ ပွင့်လင်းမြင်သာ ဆောင်ရွက်ရသည်။ ကျေးရွာစိတ်ဓာတ်၊ ပိုင်ရှင်စိတ်ဓာတ်ဖြင့် စီမံကိန်းများကို တန်ဖိုးထား ရသည်။ လူထုပါဝင်လာအောင် စည်းရုံးဆောင်ရွက် သည့် Model များပဲ ဖြစ်ပါသည်။ 

SMU စီမံကိန်းမှ နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် ရေဆင်းရွာတွင် စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်းတစ်ခုကို ထောက်ပံ့ပေးခဲ့သည်။ ယင်းသင်တန်းကျောင်းတွင် “အောင်မြင်သော ကျေးရွာတိုင်းတွင် ထူးချွန်ထက်မြက်သော ခေါင်းဆောင်ကောင်းများရှိကြသည်” ဆိုသည့် အတိုင်း မိမိကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနစ်နာခံ အပင်ပန်းခံပြီး ရှေ့ဆောင်လမ်းပြ ဆောင်ရွက်ပေးရမည့် ကျေးရွာခေါင်းဆောင်ကောင်း များ လေ့ကျင့်မွေးထုတ်ပေးလျက်ရှိသည်။ သင်တန်းကျောင်းတွင် SMU ကျေးရွာ ခေါင်းဆောင်များကို သင်တန်းပေးသလို မြစိမ်းရောင်ကျေးရွာများ၏ ကျေးရွာခေါင်းဆောင်များ၊ ကော်မတီဝင်များကိုလည်း သင်တန်းပေးခဲ့သည်။ သင်တန်းဖွင့်ပွဲများသို့ တက်ရောက်ခဲ့သလို ကိုယ်တိုင်လည်း သင်တန်းဖွင့်ပွဲ၊ ဆင်းပွဲများတွင် ကျေးရွာခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးခဲ့ရသည်များ ရှိခဲ့သည်။ သင်တန်းတွင် စီမံကိန်းဆိုင်ရာ၊ စွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာ၊ ကျေးရွာခေါင်းဆောင်မှုဆိုင်ရာများကို သင်ကြားပေးခြင်းဖြစ်သည်။ သင်တန်း၏ အဓိက ထူးခြားချက်ကတော့ နေ့စဉ်သင်တန်းစချိန်တွင် နိုင်ငံတော်သီချင်း သီဆိုရသည်။ ကျွန်တော်လည်း သင်တန်းဖွင့်ပွဲတက်ရင်း လိုက်ဆိုရသည်။ ဒါက အရေးကြီးသည်။ နိုင်ငံတော်သီချင်းသည် ကျွန်တော်တို့ မြန်မာနိုင်ငံသားများအတွက် အရေးကြီးသည်။ အခြေခံမူများ ပါသည်။ နိုင်ငံသား တာဝန်များ ပါသည်။ ဆိုရင်း ကျွန်တော် ကြက်သီးတွေ ထမိသည်။ 

သင်တန်းကျောင်းနှင့် စီမံကိန်းရွာများတွင် တွေ့ရသည့်ဆောင်ပုဒ်များကလည်း မှတ်သားစရာ ဖြစ်သည်-

၁။ ကျေးရွာသစ်လှုပ်ရှားမှုစိတ်ဓာတ်များ    

(က) လုံ့လဝီရိယရှိခြင်း၊ (ခ) မိမိကိုယ်ကို အားကိုးခြင်း၊ (ဂ) ပူးပေါင်းဆောင်ရွက်ခြင်း၊

၂။ “လုပ်ရင်ဖြစ်တယ်၊ လုပ်နိုင်တယ်၊ လုပ်ရမယ်”

၃။ ကျေးရွာသစ်လှုပ်ရှားမှုဆိုသည်မှာ

(က)    ဆင်းရဲခြင်းမှလွတ်မြောက်ပြီး ကောင်းမွန်စွာ နေထိုင်နိုင်ရန် ဆောင်ရွက်သော လှုပ်ရှားမှုဖြစ်၏။

( ခ )    ပြည်သူလူထု၏ အသိဉာဏ်ဖွံ့ဖြိုးမှုအား အခြေခံသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ် လုပ်ဆောင်သောလှုပ်ရှားမှုဖြစ်သည်။

( ဂ )    ကျေးလက်နေပြည်သူများမှ ဒီမိုကရေစီကို လက်တွေ့ဖော်ဆောင်သော လှုပ်ရှားမှု ဖြစ်သည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အဓိကဖြစ်သည့် ကျေးလက်ဒေသနေပြည်သူများ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲနိုင်ရန်၊ “လုပ်ရမယ်၊ လုပ်နိုင်တယ်၊ ငါတို့ကိုယ်တိုင်လုပ်မှ ရမယ်” ဆိုသည့် အတွေးအမြင်၊ အယူအဆကို ခံယူသိမြင်တတ်လာရန်ကလည်း  ပညာရေးကို ပြုပြင်ပြောင်းလဲသလိုပဲ အလွန်အရေးကြီးလှသည်။ ဖွံ့ဖြိုးရေးစီမံချက်များမှ စွမ်းဆောင်ရည်မြှင့်တင် ပေးခြင်းဆိုရာတွင် လုပ်တတ်၊ ကိုင်တတ်ဖြစ်အောင် သာမက စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက် ကောင်းမွန်အောင်၊ မိမိတို့ကျေးရွာ ဖွံ့ဖြိုးလာအောင် မိမိတို့ဘာသာလုပ်မှ ရမှာပါလားဆိုသည့် စိတ်ဓာတ်များ ဖြစ်ထွန်းခိုင်မာအောင် တွန်းအားပေးဆောင်ရွက် ပေးနိုင်ရန် အလွန့်အလွန်မှ အရေးကြီးပါကြောင်း လေ့လာသုံးသပ် တင်ပြလိုက်ရသည်။ ။