တောင်ကိုးရီးယား၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ၁၁၆ ဦး ကူးစက်ခံရပြီးနောက် အသွားအလာကန့်သတ်မှု ပိုမိုတင်းကျပ်

ဆိုးလ် ၁၆ ဩဂုတ်

 

တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သည့်ငါးလမှစပြီး ယခုအချိန်သည် ကိုဗစ်-၁၉ ရောဂါကူးစက်မှု အမြင့်ဆုံးအချိန်ကို ရောက်ရှိလျက်ရှိသည့်အတွက် မြို့တော်ဆိုးလ်နှင့် အနီးအနားရှိ ဒေသများတွင် အသွားအလာကန့်သတ်မှုကို ယမန်နေ့မှစ၍ ပို၍တင်းကျပ်ထားကြောင်း သိရသည်။

 

ပိုမိုတင်းကျပ်သော အဆိုပါ အသွားအလာကန့်သတ်မှု လမ်းညွှန်ချက်များတွင် အားကစားပွဲများအပါအဝင် လူစုလူဝေးနှင့် အခြားလှုပ်ရှားမှုများအပေါ် ကန့်သတ်ချက်များ ပါဝင်သည်။ အားကစားပွဲများကို ပွဲကြည့်ပရိသတ်မပါဘဲ မြို့တော်ဆိုးလ်ရှိ ကစားကွင်းများတွင် ပြန်လည်ပြုလုပ်မည် ဖြစ်သည်။

 

တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၁၆ ဦး ယနေ့တွေ့ရှိခဲ့ပြီးနောက် အစိုးရအနေဖြင့် ယခုကဲ့သို့ အသွားအလာကန့်သတ်မှုကို တင်းကျပ်ခဲ့ခြင်း ဖြစ်သည်။ တောင်ကိုရီးယား၌ ယမန်နေ့တွေ့ရှိရသော ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုပမာဏသည် ယခုနှစ် မတ်လအစောပိုင်းမှစ၍ တစ်ရက်တာအတွင်း အများဆုံးဖြစ်လာခဲ့သည်။

 

တောင်ကိုရီးယားနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၁၆ ဦး တွေ့ရှိခဲ့သဖြင့် လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၅၀၃၉ ဦး ရှိလာပြီး အဆိုပါရောဂါကြောင့် သေဆုံးသူ ၃၀၅ ဦး ရှိလာကြောင်း သိရသည်။

 

တောင်ကိုရီးယားနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးတိုက်ပွဲတွင် အရေးပါသောအဆင့်၌ ရပ်တည်နေကြောင်း၊ မိမိတို့၏ အဓိကဦးစားပေးတာဝန်မှာ ဆိုးလ်မြို့ရှိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေးပင်ဖြစ်ကြောင်း တောင်ကိုရီးယားဝန်ကြီးချုပ် ချုံဆေးဂျုံက ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်ရေးဆိုင်ရာ အစိုးရအဖွဲ့ အစည်းအဝေးတစ်ရပ်တွင် ထည့်သွင်းပြောကြားခဲ့သည်။

 

တောင်ကိုရီးယားနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ပျံ့နှံ့မှုမှာ အဓိကအားဖြင့် နိုင်ငံ၏ လူဦးရေ ၅၁ သန်း၏ ထက်ဝက်ခန့်နေထိုင်ရာ ဆိုးလ်မြို့မှ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ကိုးကား - အေအက်ဖ်ပီ၊ ဘာသာပြန် - ဂျေတီ