တောင်ကြီး ၁၉ အောက်တိုဘာ
တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော်သည် ရှမ်းပြည်နယ်အပြင် မြန်မာနိုင်ငံ၏ အထင်ကရ ပွဲတော်တစ်ရပ်ဖြစ်သည်နှင့်အညီ ပွဲတော်နှင့်ပတ်သက်သည့် သမိုင်းဆိုင်ရာ အထောက်အထားများ အခိုင်အမာ ဖြစ်ပေါ်လာစေရန်အတွက်လည်းကောင်း၊ အများပြည်သူများနှင့် ခရီးသွားဧည့်သည်များမှ ပွဲတော်နှင့်ပတ်သက်သည့် အကြောင်းအရာများအား သိရှိနိုင်စေရန်အတွက်လည်းကောင်း၊ စာပေကဏ္ဍဖွံ့ဖြိုးတိုး တက်စေရန်အတွက်လည်းကောင်း စာပေနှင့်သက်ဆိုင်သည့် ပြိုင်ပွဲများအား ထည့်သွင်းကျင်းပလျက်ရှိရာ ဆောင်းပါးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ဝတ္ထုတိုပြိုင်ပွဲ၊ ကာတွန်းပြိုင်ပွဲ၊ ပန်းချီကားချပ်ပြိုင်ပွဲကို ပြိုင်ပွဲအမျိုးအစားအလိုက် ဆုများ သတ်မှတ်ပေးထားကြောင်း သိရသည်။
ဆောင်းပါးနှင့်ဝတ္ထု ပြိုင်ပွဲတွင် ပထမဆု - ဆုငွေကျပ် နှစ်သိန်းငါးသောင်း၊ ဒုတိယဆု - ဆုငွေကျပ် နှစ်သိန်း၊ တတိယဆု - ဆုငွေကျပ် တစ်သိန်းငါးသောင်း၊ နှစ်သိမ့်ဆုနှစ်ဆုအတွက်- ဆုငွေကျပ် ငါးသောင်းစီနှင့် ဂုဏ်ပြုလက်မှတ်များကို လည်းကောင်း၊ ကဗျာ၊ ကာတွန်းနှင့် ပန်းချီပြိုင်ပွဲတွင် ပထမဆု - ဆုငွေကျပ် နှစ်သိန်း၊ ဒုတိယဆု - ဆုငွေကျပ် ခုနှစ်သောင်း၊ တတိယဆု - ဆုငွေကျပ် ငါးသောင်း၊ နှစ်သိမ့်ဆုနှစ်ဆုအတွက်- ဆုငွေကျပ် သုံးသောင်းစီနှင့် ဂုဏ်ပြုလက်မှတ်များကို လည်းကောင်း အသီးသီးချီးမြှင့်ပေးအပ်သွားမည်ဖြစ်ပြီး တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော်၏ စာပေနှင့် သက်ဆိုင်သည့် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များသည် ဆုရွေးချယ်မှုနှင့်ပတ်သက်၍ ဒိုင်အဖွဲ့၏ဆုံးဖြတ်အမှတ်ပေး ရွေးချယ်မှု သည်သာ အတည်ဖြစ်ပြီး ပြိုင်ပွဲဝင်စာမူများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပွဲတော်ကျင်းပရေးဦးစီးကော်မတီတို့မှ လိုအပ်ချက်အရပုံနှိပ်ခြင်း၊ ထုတ်ဝေဖြန့်ချိခြင်းနှင့် အခြားသောနည်းလမ်းများဖြင့် အသုံးပြုခြင်းကို သဘောတူညီရမည်ဖြစ်သည်။
တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော်၏ စာပေနှင့် သက်ဆိုင်သည့်ပြိုင်ပွဲများအတွက် စာမူများကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက် နောက်ဆုံးထား၍ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ပြည်နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ လည်းကောင်း၊ mja.shan18 @gmail.com သို့လည်းကောင်း ပေးပို့ပြိုင်ပွဲဝင်ရမည်ဖြစ်ပြီး ဆုရရှိသူများအား နိုဝင်ဘာလ (၄) ရက်တွင် ကြေညာသွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။
မျိုးညွန့်ရွှေ


