တောင်ကြီးနှင့် တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၁၅ ဧပြီ

 

တောင်ကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၁၄ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် တောင်ကြီးမြို့နယ်၊ နန်းဟောင်းကျေးရွာအုပ်စု၊ ဘန်ကွဲကျေးရွာအနီး၊ တောင်ကြီး-မိုင်းပျဉ်း ကားလမ်းတွင် သူရိန်စိုးမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၇၅၀ သိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ယင်းနေ့ညနေပိုင်းတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ပါလျှံ(၃)ရပ်ကွက်၊ လမ်းမပေါ်တွင် သန်းကျော်ဇော (ခ) တူးတူး မောင်းနှင်လာသော Honda Insight အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ငွေကျပ်သိန်း ၂၂၄၀ တန်ဖိုးရှိ ဘိန်းဖြူ(၁၄)ကီလိုနှင့် ၎င်းထံမှ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား