တောင်ကြီးမြို့တွင် တိုင်းရင်းသားလူမျိုးစုများ၏ စာပေယဉ်ကျေးမှု ဖွံ့ဖြိုးရေးပွဲတော်နှင့် ဈေးရောင်းပွဲတော် ကျင်းပမည်

တောင်ကြီး ၁၆ မတ်

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ကြီးမှူးကျင်းပသည့် တိုင်းရင်းသား လူမျိုးစုများ၏ စာပေယဉ်ကျေးမှု ဖွံ့ဖြိုးရေးပွဲတော်နှင့် ဈေးရောင်းပွဲတော်ကို မတ်လ (၂၁) ရက်နေ့မှ (၂၅)ရက်နေ့အထိ တောင်ကြီးမြို့တွင် (၅) ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

 

မေး။ ။ တိုင်းရင်းသားလူမျိုးစုများ၏ စာပေပွဲတော်နှင့်ပတ်သက်ပြီး ဖတ်ကြားမည့် စာတမ်းနှင့်ပတ်သက်၍ ဖြေကြားပေးစေလိုပါတယ်။ 

ဖြေ။ ။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ပွဲတော်ကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ ဒေါက်တာအောင်သန်းမောင်က ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသည့် တိုင်းလုံ(ရှမ်းကြီး)၊ ဂုံရှမ်း၊ တိုင်းခမ်းတီး၊ တိုင်းဆာ (ခ) မိုင်းတာ၊ တိုင်းလိုင် (ရှမ်း)၊ တိုင်းနေ (ရှမ်း )၊ “ဝ”၊ ပအိုဝ်း၊ ဓနု၊ အင်းသား၊ တအာင်း (ပလောင်)၊ တောင်ရိုး၊ ကယန်း၊ ယင်းနက်၊ ယင်းကျား၊ ထနော့၊ လီဆူ၊ အာခါ၊ လားဟူ စတဲ့ တိုင်းရင်းသားများက စာပေဆိုင်ရာ စာတမ်း(၁၅)စောင်၊ ရိုးရာယဉ်ကျေးမှု ဓလေ့ဆိုင်ရာ စာတန်း (၁၀) စောင် တို့ကို တောင်ကြီးတက္ကသိုလ် ဘွဲ့နှင့်သဘင်ခန်းမတွင် ဖတ်ကြားသွားမှာဖြစ်တယ်လို့ ပွဲတော်ကျင်းပရေး ဦးစီး ကော်မတီဥက္ကဋ္ဌက ပြောသည်။

 

 

မေး။ ။ တိုင်းရင်းသား လူမျိုးစုများ၏ စာပေယဉ်ကျေးမှု ဖွံ့ဖြိုးရေးပွဲတော်၏ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ဖြေကြားပေးစေလိုပါတယ်။ 

ဖြေ။ ။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၊ ပြပွဲပြခန်း ခင်းကျင်းပြသရေးနှင့် ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ရေး လုပ်ငန်းကော်မတီဥက္ကဌ ဦးစိုးညွန့်လွင်က “တိုင်းရင်းသားလူမျိုးစုများရဲ့ စာပေနဲ့ယဉ်ကျေးမှု အမွေအနှစ်များ အဓွန့်ရှည်တည်တံ့စေရန်၊ တိုင်းရင်းသားများ၏ ရိုးရာ အစားအသောက် အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်းများကို အားပေးမြှင့်တင်ရန်၊ တိုင်းရင်းသားအချင်းချင်း ရင်းနှီးချစ်ခင်မှုမှတစ်ဆင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပိုမိုခိုင်မာ အားကောင်းလာစေရန်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာစေရေးအတွက် အထောက်အကူ ပြုနိုင်ရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ကြီးမှူးပြီး တောင်ကြီးမြို့မှာ မတ်လ (၂၁) ရက်မှ (၂၅) ရက်နေ့အထိ တိုင်းရင်းသားလူမျိုးစုများ၏ စာပေယဉ်ကျေးမှု ဖွံ့ဖြိုးရေးပွဲတော်နှင့် ဈေးရောင်းပွဲတော်ကို ကျင်းပသွားမှာဖြစ်ကြောင်း၊ ပြပွဲပြခန်းခင်းကျင်းပြသရေးနှင့် ဂုဏ်ပြုလက်ဆောင် ချီးမြှင့်ရေး လုပ်ငန်းကော်မတီဥက္ကဌမှ ပြောသည်။

ရိုးရာယဉ်ကျေးမှုပြပွဲနှင့် ဈေးရောင်းပွဲတော်ကိုတော့ အဝေရာမီးပုံးပျံကွင်းမှာ ပြုလုပ်သွားမှာဖြစ်ပြီး ထနော့၊ ပအိုဝ်း၊ တောင်ရိုး၊ အင်းသား၊ ဓနု၊ ရှမ်း၊ ကယန်း၊ ယင်းကျား၊ ယင်းနက်၊ လီဆူ၊ မြောင်ဇီး၊ တအာင်း(ပလောင်)၊ လားဟူ ၊ “ဝ” ၊ ဂုံရှမ်း၊ အာခါတို့ရဲ့ တိုင်းရင်းသားစာပေနှင့် ရိုးရာအသုံးအဆောင်ပြခန်း (၂၃) ခန်း ပြသထားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားစာအုပ် ရိုးရာအစားအသောက်နှင့် အသုံးအဆောင်တို့ကို ရောင်းချသွားမည့်အပြင်၊ တိုင်းရင်းသားအကအဖွဲ့ (၄၅) ဖွဲ့ ခေတ်ပေါ်စင်တင် တေးဂီတအဖွဲ့တို့ကလည်း (၅) ရက်တိုင်တိုင် ဖျော်ဖြေသွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံးမှာရှိသည့် မိဘပြည်သူများအားလုံးက ရှမ်းပြည်နယ်မှာ လာရောက်အပူရှောင်ရင်း၊ အပန်းဖြေရင်းနှင့် ယခုကျင်းပမည့်ပွဲတော်ကို ဝင်ရောက်ဆင်နွဲကြရန်၊ ပြပွဲပြခန်း ခင်းကျင်းပြသရေးနှင့် ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ရေး လုပ်ငန်းကော်မတီဥက္ကဌမှ ထပ်မံဖိတ်ကြား လိုက်ကြောင်း သိရှိ ရသည်။

 

 

မေး။ ။ တိုင်းရင်းသားလူမျိုးစုများ၏ စာပေယဉ်ကျေးမှုဖွံ့ဖြိုးရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ထားမှု အခြေအနေကို ဖြေကြားပေးစေလိုပါတယ်။ 

ဖြေ။ ။ ပွဲတော်ဖွင့်ပွဲ ကျင်းပရေးလုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားလူမျိုးစုများ၏ စာတန်းစိစစ်ရေး ကော်မတီဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဒေါက်တာညီညီအောင်က ငြိမ်းချမ်းရေးရဲ့ အထိမ်းအမှတ်ဖြစ်တဲ့ ဂျိုးဖြူဌက်ရုပ်ကို ဖွင့်ပွဲအခမ်းအနားတွင် လွှတ်တင်သွားမှာဖြစ်သလို၊ အခြေခံပညာအဆင့် ကျောင်းသားကျောင်းသူများ၏ ကျောင်းများ စတင်ပိတ်တဲ့ ကာလဖြစ်သည့်အတွက် ဒေသအသီးသီးမှာရှိသည့် ပြည်သူလူထုများ ဆရာဆရာမများ ကျောင်းသားကျောင်းသူများ မိသားစုများအနေနဲ့ ရှမ်းပြည်နယ်တောင်ကြီးမြို့မှာ စည်ကားသိ်ုက်မြိုက်စွာ ကျင်းပတဲ့ စာပေယဉ်ကျေးမှု ဖွံ့ဖြိုးရေးပွဲတော်ကို လာရောက်လည်ပတ်ရင်း တိုင်းရင်းသား လူမျိုးစုများရဲ့ စာပေယဉ်ကျေးမှုများကို လေ့လာနိုင်ရန် ဖိတ်ခေါ်လိုပါကြောင်း ပွဲတော်ဖွင့်ပွဲကျင်းပရေး လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားလူမျိုးစုများ၏ စာတန်းစိစစ်ရေး ကော်မတီဥက္ကဌက ပြောသည်။

အဆိုပါ ပွဲတော်ဖွင့်ပွဲအား ရှမ်းပြည်နယ်တောင်ကြီးမြို့တွင် မတ်လ (၂၁) ရက် နံနက် (၉နာရီခွဲ) အဝေရာကုန်းသာယာ မီးပုံးပျံကွင်း၌ တိုင်းရင်းသားလူမျိုးစု (၂၇) စုမှ တိုင်းရင်းသား လူငယ် (၈၀ဝ) ခန့် ၊ ဒေသခံတိုင်းရင်းသားများ ပြည်သူလူထုများ ၊ စုစုပေါင်းအင်အား (၂၀ဝ၀) ခန့် ဖြင့် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ၊ တောင်ကြီး တက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမတွင် မတ်လ (၂၁) ရက်နေ့မှ (၂၄) နေ့ အထိ နေ့စဉ် မွန်းလွှဲ (၁) နာရီ မှစတင်၍ တိုင်းရင်းသားလူမျိုးစုများ၏ စာပေစာတမ်းအား ဖတ်ကြားပြီး၊ မတ်လ (၂၁) ရက်မှ (၂၅ ) ရက်ထိ အဝေရာမီးပုံးပျံကွင်းတွင် တိုင်းရင်းသားလူမျိုးစု ရိုးရာအက ပဒေသာများ၊ တေးဂီတ ဖျောဖြေပွဲများအား ၊ နေ့စဉ် ညနေ (၆)နာရီမှ ည (၁၁) နာရီအထိ ဖျော်ဖြေသွားမည် ဖြစ်ကြောင်းသိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)