တောင်ကြီးမြို့နယ်တွင် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများနှင့် ဆန္ဒမဲလက်မှတ်များကို ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် ခွဲဝေထုတ်ပေး

တောင်ကြီး  ၅  နိုဝင်ဘာ  

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲဆန္ဒနယ်အလိုက် ဆန္ဒမဲလက်မှတ်များ ထုတ်ပေးခြင်းနှင့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများအား ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် ခွဲဝေထုတ်ပေးခြင်းကို ယနေ့ နံနက် ၉ နာရီတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ထုတ်ဝေပေးလျက်ရှိသည်။

ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် မဲရုံတာဝန်ရှိသူများ အသုံးပြုရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ၊ ရွေးကောက်ပွဲဆိုင်ရာ အထောက်အကူပြု ပစ္စည်းများကို တစ်ပါတည်းထုတ်ပေးခဲ့ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ အဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

တောင်ကြီးမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စု ၇၅ အုပ်စုရှိ မဲရုံပေါင်း ၂၄၅ ရုံအတွက် ပြည်သူ့လွှတ်တော် ဆန္ဒမဲလက်မှတ်၊ အမျိုးသားလွှတ်တော် ဆန္ဒမဲလက်မှတ်၊ ပြည်နယ်လွှတ်တော် အမှတ် (၁) (၂) ဆန္ဒမဲလက်မှတ်၊ ဗမာတိုင်းရင်းသားလူမျိုး လွှတ်တော် ဆန္ဒမဲလက်မှတ်၊ လီဆူးတိုင်းရင်းသားလူမျိုး လွှတ်တော်ဆန္ဒမဲလက်မှတ်၊ ကချင်တိုင်းရင်းသားလူမျိုး လွှတ်တော်ဆန္ဒမဲလက်မှတ်၊ လားဟူတိုင်းရင်းသားလူမျိုး လွှတ်တော်ဆန္ဒမဲလက်မှတ်၊ အင်းတိုင်းရင်းသားလူမျိုး လွှတ်တော်ဆန္ဒမဲလက်မှတ်၊ အာခါတိုင်းရင်းသားလူမျိုး လွှတ်တော်ဆန္ဒမဲလက်မှတ်၊ ကယန်းတိုင်းရင်းသားလူမျိုး လွှတ်တော်ဆန္ဒမဲလက်မှတ်တို့ကို အသီးသီး ခွဲဝေဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)