တောင်ဇလပ်ပန်းတို့ ပွင့်လန်းရာမြေ

ရွှေညာသား

 

ချင်းပြည်နယ်သည် မြန်မာနိုင်ငံအနောက်မြောက်ပိုင်းတွင် မြောက်လတ္တီတွဒ် ၂၁° နှင့် ၂၄° ၊ အရှေ့လောင်ဂျီတွဒ် ၉၃° ၁၅’ နှင့် ၉၄° အကြားတွင် မြောက်မှတောင်သို့ တန်းလျက်တည်ရှိသည်။ အရှေ့ဘက်တွင် အထက်ချင်းတွင်းခရိုင်နှင့် ပခုက္ကူခရိုင်တို့ တည်ရှိ၏။ တောင်ဘက်တွင် စစ်တွေခရိုင်နှင့် အရှေ့တောင်ဘက်တွင် မင်းဘူးခရိုင်တည်ရှိသည်။ အနောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ လူရှေတောင်တန်းများတည်ရှိကာ မြောက်ဘက်တွင် အိန္ဒိယနိုင်ငံ မဏိပူရနယ်နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည်။

 

ချင်းပြည်နယ်သည် ဧရိယာစတုရန်းမိုင်ပေါင်း ၁၃၉၀၂ ကျယ်ဝန်းသည်။ မြောက်မှတောင်သို့ မိုင် ၃၀ဝ ကျော်ရှည်လျားသည်။ အရှေ့မှအနောက်သို့ဆိုလျှင် အကျယ်ဆုံးနေရာမှာ မိုင် ၁၀ဝ ကျော်ရှိပြီး အကျဉ်းဆုံးနေရာမှာ မိုင် ၄၀ ခန့်သာရှိသည်။ ချင်းပြည်နယ်သည် တောင်တန်းထူထပ်များပြားသည့် ပြည်နယ် တစ်ခုဖြစ်သည်။ အမြင့်ဆုံးတောင်မှာ ဝိတိုရိယတောင်ဖြစ်ပြီး ပေပေါင်း ၁၀၄၀ဝ ကျော်မြင့်ကာ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်တွင် တည်ရှိသည်။ ဝိတိုရိယတောင်ကို နတ်မတောင် (ဝါ) ခေါနူးစုမ်ဟူ၍လည်း ခေါ်ကြသည်။ ပလက်ဝမြို့နယ်တွင် ကီမို (ခေါ်)ကျောက်ပန်းတောင် တည်ရှိသည်။

 

ချင်းပြည်နယ်တွင် ချင်းတိုင်းရင်းသား အများစုနေထိုင်ကြပြီးအခြားတိုင်းရင်းသားများလည်း အနည်းငယ်စီနေထိုင်ကြသည်။ ၂၀၁၄ ခုနှစ်က ကောက်ယူသည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ချင်းပြည်နယ်၏ လူဦးရေမှာ ၄၇၈၈၀၁ ဦးရှိကြောင်း သိရသည်။ ချင်းပြည်နယ်၏ လူဦးရေသည် မြန်မာနိုင်ငံလူဦးရေ၏ သုည ဒသမ ၉၃ ရာခိုင်နှုန်းရှိကြောင်း ချင်းပြည်နယ်သန်းခေါင်စာရင်း အစီရင်ခံစာ အတွဲ(၃-ဃ)တွင် ဖော်ပြထားချက်အရ သိရသည်။

 

 

၁၉၈၃ ခုနှစ်က ကောက်ယူသည့် သန်းခေါင်စာရင်းနှင့် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူသည့် ကြားကာလတွင် ချင်းပြည်နယ်၏ လူဦးရေသည် ၃၀ ရာခိုင်နှုန်း တိုးပွားလာသည်။ ချင်းပြည်နယ်သည် အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်တို့နှင့်နှိုင်းယှဉ်ပါက မြန်မာနိုင်ငံ၏ လူဦးရေအနည်းဆုံး တိုင်းဒေသကြီးနှင့် ပြည်နယ် သုံးခုအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ချင်းပြည်နယ်၏ လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာတွင် ၁၃ ဒသမ ၃ ဦးရှိသည်ဟု ဆိုသည်။ ချင်းပြည်နယ်၏ လူဦးရေသိပ်သည်းဆမှာ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်တို့နှင့်နှိုင်းယှဉ်လျှင် အနည်းဆုံးပြည်နယ်တစ်ခုဖြစ်သည်။ 

 

ချင်းပြည်နယ်တွင် လူ ၁၀ဝ လျှင် ၇၉ ဦးမှာ ကျေးလက်ဒေသတွင် နေထိုင်ကြရပြီးကျန် ၂၁ ဦးမှာ မြို့ပြဒေသတွင် နေထိုင်ကြကြောင်း ၂၀၁၄ ခုနှစ်က ကောက်ယူသည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ သိရသည်။

 

ချင်းပြည်နယ်သည် ခရိုင်သုံးခုဖြင့်ဖွဲ့စည်းထားသည်။ ယင်းတို့မှာ ဟားခါးခရိုင်၊ ဖလမ်းခရိုင်နှင့် မင်းတပ်ခရိုင်တို့ ဖြစ်သည်။ ဟားခါးခရိုင်တွင် ဟားခါးမြို့နယ်၊ ထန်တလန်မြို့နယ်တို့ ပါဝင်သည်။ ဖလမ်းခရိုင်တွင်ဖလမ်းမြို့နယ်၊ တီးတိန်မြို့နယ်၊ တွန်းဇံမြို့နယ်၊ ရိခေါဒါရ်မြို့နယ်ခွဲနှင့် ကျီခါးမြို့နယ်ခွဲ ဟူ၍ မြို့နယ်နှင့် မြို့နယ်ခွဲပေါင်း ငါးခုပါဝင်သည်။ မင်းတပ်ခရိုင်တွင် မင်းတပ်မြို့နယ်၊မတူပီမြို့နယ်၊ ကန်ပက်လက်မြို့နယ်၊ ရေဇွာမြို့နယ်ခွဲနှင့် ဆမီးမြို့နယ်ခွဲဟူ၍ မြို့နယ်နှင့်မြို့နယ်ခွဲပေါင်း ခြောက်ခုဖြင့် ပါဝင်ဖွဲ့စည်းထားသည်။

 

ချင်းလူမျိုးများသည် မြန်မာနိုင်ငံ၌ရှေးကျသော လူမျိုးတစ်မျိုးဖြစ်၏။ ကလေး၊ကဘော်၊ မြစ်သာမြစ်ဝှမ်းတစ်လျှောက်မှယနေ့ခေတ် ချင်းလူမျိုးများနေထိုင်ရာ တောင်တန်းဒေသများမှာ ချင်းလူမျိုးများ ဆင်းသကလာရသည့် ထင်ရှားသောဒေသများဖြစ်သည်ဟု ဆိုစမှတ်ပြုကြသည်။

 

ချင်းလူမျိုးများသည် တိဗက်-မြန်မာ (Tibeto-Burman) အဆက်အနွှယ်များ ဖြစ်ကြ၏။ လွန်ခဲ့သည့်နှစ်ပေါင်းများစွာက တိဗက်ကုန်းပြင်မြင့်မှ ဆင်းသက်လာကြသော အရှေ့တိဗက်-မြန်မာအုပ်စုထဲတွင် လူမျိုးစုတစ်စုပါလာခဲ့သည်။ ၄င်းတို့သည် နောက်ပိုင်းတွင် ချင်းလူမျိုးဟု အမည်ခံလာကြသည့် လူမျိုးစုဖြစ်သည်။ တိဗက်-မြန်မာ အနွယ်များသည် စွဲမြဲနေထိုင်ကြသော အရပ်ဒေသ၊ ရာသီဥတုနှင့် ရေမြေကိုလိုက်ကာ လူမျိုးတစ်မျိုးနှင့် တစ်မျိုး ပြောဆိုကြသည့် ဘာသာစကားများ ပြုမူ နေထိုင်ပုံနှင့် ဓလေ့ထုံးစံများ ကွဲပြားလာရာမှ အစပြုကာ လူမျိုးအမည်များသည်လည်း အထွေထွေအပြားပြား ကွဲပြားလာသည်။

 

 

 

ချင်းလူမျိုးတို့သည် နွားနောက်ကိုအလွန်အရေးပေးလေ့ရှိသည်ဟု ဆို၏။နွားနောက်အလာများသောအိမ်မှာ အထူးပင်ဂုဏ်ကျက်သရေရှိသည်ဟု ယူဆကြ၏။နွားနောက်မှာ ဆားအလွန်ကြိုက်သည်။ထို့ကြောင့် ဆားကျွေးပါက တစ်ကြိမ်စားမိသော နွားနောက်သည် ထိုအိမ်သို့ မကြမကြာလာတတ်ပြီး တောထဲပြန်ဝင်သွားလေ့ရှိသည်။

 

တောင်ငူခေတ် ဘုရင့်နောင်လက်ထက်တွင်လည်းကောင်း၊ အလောင်းဘုရားလက်ထက်တွင်လည်းကောင်း မြန်မာဘုရင်၏ တပ်မတော်ကြီးများတွင် ချင်းလူမျိုးများသည်စစ်သည်တော်များအဖြစ် ထမ်းရွက်ခဲ့ဖူးကြောင်း အဆိုရှိ၏။

 

ချင်းလူမျိုးများသည် ဗြိတိသျှတို့ အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးချိန်တွင် နယ်ချဲ့ ဗြိတိသျှတို့လက်အောက်ခံကျွန်ဘဝဖြင့် မနေလို၍ ဗြိတိသျှတို့ကို တော်လှန်တိုက်ခိုက်ခဲ့ကြသည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင်မြန်မာနိုင်ငံ လွတ်လပ်ရေးရလာသောအခါ ချင်းတောင်တန်းဒေသများသည်လည်း ချင်းဝိသေသတိုင်းအမည်ဖြင့် ပါဝင်လာသည်။

 

မှီငြမ်းကိုးကား 


၁။ ဦးသန့် - ပြည်တော်သာခရီး ။


၂။ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် ။အိမ်အကြောင်းအရာ သန်းခေါင်စာရင်းချင်းပြည်နယ် သန်းခေါင်စာရင်းအစီရင်ခံစာအတွဲ (၃-ဃ)


၃။ တိုင်းရင်းသားယဉ်ကျေးမှု ရိုးရာဓလေ့ ။ထုံးစံများ (ချင်း)