တောင်အာဖရိကနိုင်ငံ၌ ရေကြီးမှုကြောင့် သေဆုံးသူ ၄၄၃ ဦး ရှိလာ

ဧပြီ ၁၈

 

တောင်အာဖရိကနိုင်ငံ ကာဇူလူနတ်တယ်ပြည်နယ်တွင် ပြီးခဲ့သည့် သီတင်းပတ်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်  ၄၄၃ ဦး သေဆုံးခဲ့ပြီး ၆၃ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦးက ယမန်နေ့က ပြောကြားသည်။

 

တောင်အာဖရိကရဲတပ်ဖွဲ့နှင့် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့များသည် ကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ရန် လေယာဉ်မှူးနှင့်အမှုထမ်းများ တပ်ဖြန့်ချထားသည်ဟု ကာဇူလူနတ်တယ်ပြည်နယ် ဝန်ကြီးချုပ် ဇီကာလာလာက ဆိုသည်။

 

ဒေသအများစုတွင် လျှပ်စစ်မီးပြတ်တောက်နေပြီး ဒေသအတော်များများတွင် ရေပြတ်လပ်လျက်ရှိကြောင်းနှင့် နေအိမ်အလုံးပေါင်း  ၃၉၃၇ လုံး ပျက်စီးခဲ့ပြီး နေအိမ် ၈၃၂၉ လုံး တစ်စိတ်တစ်ပိုင်းပျက်စီးကာ အိမ်ထောင်စု ၁၃၅၅၆ စု ထိခိုက်ခဲ့သည်။

 

အဆိုပါရေကြီးမှုသည် ထိုပြည်နယ်တွင် ယခုချိန်အထိ ဖြစ်ပွားခဲ့သော ကပ်ဘေးများအနက် အဆိုးရွားဆုံးသော ကပ်ဘေးတစ်ခုဖြစ်ကာ ပြည်နယ်သမိုင်းတွင် အဆိုးရွားဆုံးသဘာဝဘေးအန္တရာယ်တစ်ခုအဖြစ် စံချိန်တင် ခဲ့သည်ဟု ဇီကာလာလာက ပြောသည်။

 

ထိုရေကြီးမှုကြောင့် လူ့အသက်များဆုံးရှုံးကာ နေအိမ်များပျက်စီးပြီး ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံများ ပျက်စီးခဲ့သည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို