တောင်အာဖရိကနိုင်ငံမှာ ပထမဆုံး နိုင်ငံတကာခရီးသည်တင်လေယာဉ်တွေဆိုက်ရောက်

၁ အောက်တိုဘာ

တောင်အာဖရိက နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု တားမြစ်ရန် နိုင်ငံတကာမှ ခရီးသည်တင်လေယာဉ်တွေကို ဝင်ခွင့် ပိတ်ပင်ထားတာ ၆ လကျော်ပြီး ဒီနေ့ (ကြာသပတေးနေ့) နံနက်အစောပိုင်းမှာ နိုင်ငံတကာ ခရီးသည်တင် လေယာဉ်တွေ ဆိုက်ရောက်လာကြောင်း သိရပါတယ်။

ဂျာမနီနိုင်ငံ ဖရန့်ဖတ်ဒ် ကနေ ပျံသန်းလာတဲ့ ဂျာမနီခရီးသည်တင်လေယာဉ်တစ်စီးဟာ တောင်အာဖရိကနိုင်ငံ ဂျိုဟန်းနားစဘတ် ရှိ နိုင်ငံတကာလေဆိပ်ကို နံနက် ၈.၃၀ မှာ ဆိုက်ရောက်လာပါတယ်။

အလားတူ ကင်ညာ၊ ဇန်ဘီယား နဲ့ ဇင်ဘာဘွေနိုင်ငံတွေက ခရီးသည်တင်လေယာဉ်တွေ ဆိုက်ရောက်ဖို့ရှိကြောင်း သိရပါတယ်။

တောင်အာဖရိကနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဟာနိုင်ငံအတွက် အရေးကြီးတဲ့လုပ်ငန်းဖြစ်ပြီး နိုင်ငံကို ခရီးသွားတွေ ပြန်လည် လာရောက်လည်ပတ်ရန် မျှော်လင့်နေကြောင်း ဂျာမနီလေကြောင်းလိုင်းရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မတ်လ ၂၇ ရက်နေ့စပြီး တောင်အဖရိကနိုင်ငံရဲ့ နယ်စပ်တွေ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးက်မှု ထိန်းချုပ်ရန်အတွက် တားမြစ်ပိတ်လိုက်ပါတယ်။

နိုင်ငံတွင်းက စီးပွားရေး လုပ်ငန်းတွေနဲ့ သွားလာမှုတွေ အပေါ် တားမြစ်ထားတဲ့ စည်းမျဉ်းတွေကို မေလကစပြီး တဖြည်းဖြည်းပြန်ဖွင့်ပေးခဲ့ပေမယ့် နိုင်ငံတကာနယ်စပ်ဂိတ်တွေကိုတော့ ဆက်လက်ပိတ်ထားခဲ့ပါတယ်။

တောင်အာဖရိကရဲ့ ခရီးသွားလုပ်ငန်းမှာ လူပေါင်း ၁.၅ သန်းကို အလုပ်ပေးထားတဲ့အတွက် နိုင်ငံ့ဝင်ငွေရဲ့ ၈.၅ ရာခိုင်နှုန်းကို ခရီးသွားလုပ်ငန်းမှ ရရှိကြောင်း သိရပါတယ်။

ဗိုင်းရပ်စ်ပိုးကူးစက်မှု များနေတဲ့ အမေရိကန်၊ ဗြိတိန် နဲ့ ရုရှားနိုင်ငံတွေအပါအဝင် နိုင်ငံပေါင်း ၅၀ က ခရီသွားတွေကိုတော့ လောလောဆယ် တောင်အာဖရိကကို လာရောက်ခွင့် ပိတ်ပင်ထားပါတယ်။ အဲဒီပိတ်ပင်ထားတဲ့ နိုင်ငံများစာရင်းကို သီတင်းနှစ်ပတ် တစ်ကြိမ်ပြန်လည် လေ့လာပြီး အပြောင်းအလဲတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

တောင်အာဖရိက နိုင်ငံကို လာရောက်မယ့် နိုင်ငံတကာ ခရီးသွားတွေဟာ ၇၂ နာရီအတွင်း ဗိုင်းရပ်စ်ပိုးစစ်ဆေးထားတဲ့ အဖြေ ရရှိထားဖို့ လိုအပ်ကြောင်း သိရပါတယ်။ ဒါ့အပြင် တောင်အာဖရိက ကိုရောက်ရှိလာတဲ့ နိုင်ငံတကာခရီးသွားတွေကို ကိုရိုနာဗိုင်းရပ်စ်ရှာဖွေရေး မိုဘိုင်းအက်ပလီကေးရှင်းကို ဒေါင်းလုတ်လုပ်ထားဖို့ ပြောထားပါတယ်။

တောင်အာဖရိက နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၆၇၄,၃၃၉ ဦးထဲမှာ သေဆုံးသူ ၁၆,၇၃၄ ဦးရှိကြောင်း သိရပါတယ်။ 

MDN

ကိုးကား - AFP