တောင်အာဖရိက အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်များ ပြန်လည်ဖွင့်လှစ်

၂ အောက်တိုဘာ

 

တောင်အာဖရိကနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်နေ့စဉ်ကူးစက်မှုအရေအတွက် သိသိသာသာကျဆင်းလာခြင်းကို ကိုးကားပြီး ခြောက်လကြာကာလတွင် ပထမဆုံးအကြိမ်အဖြစ် အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်များ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

 

ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး အစီအမံများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် မတ်လတွင် တောင်အာဖရိကနယ်နိမိတ်များကို ပိတ်ထားခဲ့သည်။

 

အမေရိကန်ပြည်ထောင်စုနှင့်ဘရာဇီးနိုင်ငံ အပါအဝင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်မားနေသောနိုင်ငံပေါင်း ၅၀ ကျော်မှခရီးသွားများကိုမူ ပိတ်ပင်ထားဆဲဖြစ်သည်။

 

တောင်အာဖရိကနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ်များ ပြန်လည်ဖွင့်လှစ်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းများတိုးမြှင့်နိုင်မည်ဟု မျှော်လင့်ရသည်။

 

ဂျာမနီ၊ ကင်ညာနှင့် အခြားနေရာများမှ လေကြောင်းလိုင်းများသည် အကြီးဆုံးမြို့ဖြစ်သည့် ဂျိုဟန်နက်စ်ဘတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ယမန်နေ့က ဆင်းသက်ခဲ့ကြသည်။

 

တောင်အာဖရိကနိုင်ငံတွင် ယနေ့အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၆၇၀၀၀၀ ကျော် ရှိကြောင်း အတည်ပြုထုတ်ပြန်ထားသည်။

 

တောင်အာဖရိကနိုင်ငံသည် အာဖရိကတိုက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ၏ ထက်ဝက်နီးပါး ရှိသည်။

 

တောင်အာဖရိကသမ္မတက နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှာ အဆိုးရွားဆုံးအဆင့်ကို ကျော်လွှားနိုင်ခဲ့သည်ဟု စက်တင်ဘာလလယ်တွင် ပြောကြားခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို