တောမီးလောင်ရာမှ ပေါ်ထွက်လာသည့် မီးခိုးမြူများကြောင့် အင်ဒိုနီးရှားနှင့် မလေးရှားတို့တွင် စာသင်ကျောင်းများ ပိတ်ထားရ

ဂျကာတာ ၁၉  စက်တင်ဘာ

အင်ဒိုနီးရှားနိုင်ငံတွင် တောမီးလောင်မှုမှ အဆိပ်ရှိသော မီးခိုးမြူများ ထွက်ပေါ်နေမှုကြောင့် လေထုအရည်အသွေး ဆိုးရွားနေသည့်အပြင် မလေးရှားနိုင်ငံ၌လည်း မီးခိုးမြူများ ထူထပ်စွာဖြစ်ပေါ်နေသည့်အတွက် စက်တင်ဘာ ၁၈ ရက် တွင် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံ တစ်ဝန်းရှိ စာသင်ကျောင်းအများအပြားကို ပိတ်ထားခဲ့ရကြောင်း သိရသည်။

စူမားတြားကျွန်းနှင့် ဘော်နီယိုကျွန်းတို့တွင် တောမီးအကြီးအကျယ် လောင်လျက်ရှိပြီး အင်ဒိုနီးရှားအစိုးရ က တောမီးလောင်မှုကို ထိန်းချုပ်ဆောင်ရွက်ရန် လုံခြုံရေးတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို စေလွှတ်ခဲ့ကာ တောမီးငြှိမ်းသတ်ရန် လေယာဉ်များကိုလည်း စေလွှတ်ခဲ့သည်။ စိုက်ပျိုး မြေဖော်ထုတ်ရန်အတွက် တရားမဝင် မီးရှို့မှုများကြောင့် တောမီးလောင်ရခြင်း ဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှား၌ တောမီးလောင်မှုကို နှစ်စဉ်ကြုံတွေ့ရမြဲဖြစ်သော်လည်း ယခုနှစ် တောမီးလောင်မှုအခြေအနေ မှာ ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် ဖြစ်ပွားသည့် အဆိုးရွားဆုံး တောမီးလောင်မှု ဖြစ်သည်။ တောမီးလောင်မှု အကြီးအကျယ်ဖြစ်ပွားနေသည့် အင်ဒိုနီးရှားနိုင်ငံ၌ လေထု အရည်အသွေးမှာ အန္တရာယ်ရှိသည့် အဆင့်သို့ရောက်ရှိနေ ပြီး မီးခိုးမြူများထူထပ်မှုကြောင့် စာသင်ကျောင်းများကို ပိတ်ထားရသည့်အပြင် လေကြောင်းခရီးစဉ်များကိုပါ ဖျက်သိမ်း ခဲ့ရသည်။

ထို့ပြင် မလေးရှားကျွန်းဆွယ် တစ်လျှောက်၌လည်း လေထုအရည် အသွေးကျဆင်းမှုမှာ ကျန်းမာရေး ကိုထိခိုက်စေနိုင်သည့် အဆင့်အထိ ရောက်ရှိနေကြောင်း မလေးရှားအစိုးရအဖွဲ့က စက်တင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ နိုင်ငံတစ်ဝန်း လေထုညစ်ညမ်းမှုကြောင့် စာသင်ကျောင်းပေါင်း ၁၂၀ဝ ကို ပိတ်ထားခဲ့ရကြောင်း သိရသည်။

အေအက်ဖ်ပီ