တောမီးကြောင့် ဩစတြေးလျနိုင်ငံ ဖရာဆာကျွန်းနေ ပြည်သူများအား ဘေးလွတ်ရာသို့ ချက်ချင်းပြောင်းရွှေ့ရန် မီးသတ်တပ်ဖွဲ့ ညွှန်ကြား

ဘရစ္စဘိန်း ၈ ဒီဇင်ဘာ

 

ဩစတြေးလျနိုင်ငံ ဖရာဆာကျွန်း၏ တောမီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ခြင်းမရှိသဖြင့် ကျွန်းနေပြည်သူများအနေဖြင့် အမြန်ဆုံးထွက်ခွာကြရန် မီးသတ်တပ်ဖွဲ့က ဒီဇင်ဘာ ၇ ရက်တွင် ထပ်မံတိုက်တွန်းလိုက်သည်။ ။

 

အဆိုပါ တောမီးလောင်ကျွမ်းမှုကို သီတင်းခြောက်ပတ်ကြာ ငြှိမ်းသတ်ခဲ့သော်လည်း မြေသားခြောက်သွေ့မှုနှင့် အပူလှိုင်းကျရောက်မှုတို့ကြောင့် မီးလောင်ကျွမ်းမှုကို မထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာလလယ်ကတည်းက စတင်လောင်ကျွမ်းခဲ့သည့် အဆိုပါ တောမီးသည် ဟက်တာ ၈၃၀၀၀ အကျယ်အဝန်းရှိ ဖရာဆာကျွန်း၏ ဧရိယာထက်ဝက်ကျော်ကို မီးဘေးသင့်စေခဲ့ပြီး ဖြစ်သည်။

 

မီးတောက်များသည် မီတာ ၇၀၀ အကျယ်ရှိ ဖရာဆာ ကျွန်း၏ မြို့ဧရိယာနှင့် တဖြည်းဖြည်းနီးကပ်လာခဲ့ခြင်းကြောင့် ပြည်သူများကို ဘေးလွတ်ရာသို့ အမြန်ဆုံး ပြောင်းရွှေ့ရန် ဆော်ဩခဲ့ရခြင်းဖြစ်သည်။ ကျွန်းနေပြည်သူအချို့မှာ ပြီးခဲ့သည့် ရက်သတ္တပတ်ကတည်းက နိုင်ငံခြားသား ခရီးသည်များနှင့်အတူ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ပြီးဖြစ်သော်လည်း တောမီးငြိမ်းသတ်ရန် လေ့ကျင့်ထားပြီး ဖြစ်သည့် ဒေသခံအချို့ကမူ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ တောမီးဝိုင်းဝန်းငြိမ်းသတ်ရန် ၎င်းတို့နေရပ်မှာပင် ဆက်လက်နေထိုင်မည်ဖြစ်သည်။ ။

 

ဖရာဆာကျွန်းမှာ ကမ္ဘာ့အကြီးဆုံး သဲကျွန်းအမျိုးအစားဖြစ်ကာ ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်သည့် ဩစတြေးလျနိုင်ငံ၏ ထင်ရှားသည့် အပန်းဖြေကျွန်းဖြစ်ပြီး နိုင်ငံခြားသား ခရီးသွားများ၏ အကြိုက်နှစ်သက်ဆုံး နေရာလည်းဖြစ်သည်။

 

ကိုးကား-ဘီဘီစီ၊ ဘာသာပြန်-မေလဲ့သင်း