တစ်ဦးချင်းမှသည် ပြည်သူအားလုံးအတွက်

ရောဂါဘယကင်းဝေးရေး၊ ကောင်းမွန်သော ကျန်းမာရေးနှင့် ပတ်သက်သည့် ဆိုရိုးစကားတစ်ခုမှာ ကံ၊ စိတ်၊ ဥတု၊ အာဟာရဖြစ်၏။ လူ့ဘဝဆိုသည်မှာ ကံက ပေးသလောက်သာ အသက်ရှင် နေထိုင်ခွင့် ရသည် ဟုဆို၏။ သို့သော်လည်း ထိုကံဟူသည့်ကိစ္စတွင် မိမိတို့နေ့စဉ်ဘဝမှာ မည်သို့ပြုမူနေထိုင်ကြ သည်နည်းဆိုသည့် အလုပ်နှင့်လည်း ဆိုင်၏။ ကံကပေးသလောက် အပြည့်အဝရှင်သန်နိုင်ရေးတွင် မိမိတို့ ယခင့် ယခင်က ပြုမူနေထိုင်စားသောက်ခဲ့သည့် ဘ၀နေမှုပုံစံ အကြောင်းရင်းခံတို့နှင့်လည်း ဆိုင်၏။ ယခုလတ်တလော မည်သို့ ပြုမူစားသောက် နေထိုင်သည် ဆိုသည်နှင့်ကမူ ပိုလို့ပင် ဆိုင်ဦးမည်။ အထိုင်များသည်လား၊ လေ့ကျင့်ခန်းမှန်မှန် လုပ်သည်လား၊ ဣရိယာပုတ်မျှတသည်လား၊ အအိပ် အနေမှန်သည်လားက အစ။

ဤမျှမက စိတ်ကို မည်သို့ထားသည်နည်း။ ဖိစီးမှုတွေ များနေသည်လား။ သောကစိတ်တွေ၊ အကုသိုလ်စိတ်တွေ များနေသည်လား။ အပျက်စိတ်တွေ၊ အညစ်စိတ်တွေ၊ သူတစ်ပါးကိုမနာလို ဝန်တိုစိတ်တွေ၊ အမှောင်ပိုင်းကိုသာ ရှုမြင်တတ်သည့် မလိုတမာစိတ်တွေ များနေသည်လား။ စိတ်ကောင်းထားနိုင်သည်လား၊ ကုသိုလ်စိတ် ပွားများနိုင်သည်လား၊ မေတ္တာစိတ်၊ ကရုဏာစိတ်၊ မုဒိတာ စိတ်တို့ဖြင့် ရွှင်လန်းချမ်းမြေ့နေသည်လား။ အပြုစိတ်များသည်လား၊ အပျက်စိတ်များသည်လား၊ အပေါင်း လက္ခဏာက လွှမ်းမိုးသည်လား၊အနုတ်လက္ခဏာ စိုးမိုးသည်လား စသည်တို့ပေါ်လည်း တည်၏။ စိတ်ထားမှန်ကန်ခြင်း၊ စိတ်ထားတတ်ခြင်း၊ သောကစိတ်နည်းပါးအောင် မွေးမြူနိုင်ခြင်းတို့က သက်ရှည်ကျန်းမာခြင်း၏ အခြေခံကျသော အကြောင်းရင်း တစ်ခုဖြစ်သည်ပင်။

ထို့နောက် မျှတသည့် ဥတုဖြစ်သည်လား၊ မည်မျှလောက် မိမိ၏ဝန်းကျင်ကို မျှတကောင်းမွန်အောင် ဖန်တီးတည်ဆောက်နိုင်သည်လဲ။ အာဟာရပြည့်စုံလောက်အောင် မည်သို့ ဖြည့်ဆည်းနေသည်လဲ ဆိုတာနှင့်လည်းဆိုင်သည်။ ယင်းက ငွေကြေးပြည့်စုံမှု တစ်ခုတည်းနှင့် (ပတ်သက်သည်မဟုတ်။ ပညာ ဉာဏ်က ရှေ့တန်းရောက်ရပါမည်။ ရသ တဏှာနောက် လိုက်နေရုံမျှဖြင့်လည်း အာဟာရက ပြည့်မည် မဟုတ်။ အသိဉာဏ်ပညာနှင့်ယှဉ်သော အာဟာရဖြည့်တင်းမှုကလည်း အရေးပါမည်သာ။

အထူးသဖြင့် ယနေ့ကြုံတွေ့နေရသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ရင်ဆိုင်ရသည့်အခါ ကိုယ်ခံအား ပြည့်စုံသူတို့အဖို့ များစွာသက်သာရာရ မည်ဟုဆို၏။ ကိုယ်ခံအားပြည့်စုံဖို့ဆိုသည်က အထက်တွင် ပြောခဲ့သည့် ကံ၊ စိတ်၊ ဥတု၊ အာဟာရအပေါ်တွင်တည်မီနေပေသည်။ နေ့စဉ် မည်သို့ နေထိုင်ပြုမူ ကျင့်ကြံမည်နည်း၊ မည်သို့စိတ်ကို ပြုမူထားရှိမည်နည်း၊ မည်သို့ဥတုသပ္ပာယ မျှတအောင်နေကြ မည်နည်း၊ မည်သို့ အာဟာရ လုံလောက်အောင် ကြိုးစားဖြည့်တင်းမည်နည်း။

နိုင်ငံတစ်ခု၏ ပြည်သူ့ကျန်းမာရေးစနစ်က နိုင်ငံသားတို့၏ ကျန်းမာရေးအတွက် အထူးအရေးကြီးပါသည်။ ထို့ကြောင့်ပင် နိုင်ငံတို့၏ ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းထွာလျှင် နိုင်ငံသားတို့မည်မျှ ကျန်းမာသည် ဆိုခြင်းက ညွှန်းကိန်းတစ်ခုဖြစ်၏။ နိုင်ငံသားတို့အတွက် ပညာရေး ဘတ်ဂျက်၊ ကျန်းမာရေးဘတ်ဂျက် တို့ကို မည်သို့ ခွဲဝေသုံးစွဲမည်လဲဆိုသည်က နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးနှင့် တိုက်ရိုက်အချိုးကျပါသည်။

ပြည်သူ့ကျန်းမာရေးစနစ် မြင့်မားအောင် ဆောင်ရွက်ရာတွင် ပြည်သူလူထု၏ ကျန်းမာရေးဆိုင်ရာ အသိပညာ မြင့်မားစေရေးကလည်း တန်းတူအရေးကြီးပါသည်။ ပြည်သူတစ်ဦးချင်း၏ ကျန်းမာရေး ဆိုင်ရာ အသိပညာရှိမှုက နိုင်ငံတစ်ခုလုံး၏ ကျန်းမာရေးဆိုင်ရာကောင်းမွန်ရေးပင် ဖြစ်ပါသည်။ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များ၊ ကြေညာချက်များကို သိရှိနားလည်ပြီး လိုက်နာကျင့်ကြံခြင်း၊ စိတ်ကောင်းနှလုံးကောင်းပွားများကာ ကုသိုလ်စိတ်ဖြစ်စေခြင်း၊ အနေအစားမှန်၊ အာဟာရပြည့်ဝအောင် ကြိုးစားဆောက်တည်ရင်း ကိုယ်ခံအားမြင့်မားစေခြင်းတို့က ယနေ့ရင်ဆိုင်နေရသည့် ကိုရိုနာဗိုင်းရပ်စ် ရောဂါ၏ စိန်ခေါ်မှုများကို ကျော်လွှားအောင်မြင်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

တစ်ဦးချင်းအနေဖြင့် တတ်နိုင်သလောက် ဂရုစိုက်လိုက်နာ နေထိုင်ကြခြင်းဖြင့် မိမိနှင့်တကွ ပြည်သူအားလုံး၏ ကျန်းမာသက်ရှည်ရေးကို စောင့်ရှောက်နိုင်ကြပါစေသတည်း။ ။

mna