တစုတစည်းတည်းဖြင့် အောင်မြင်မှုအဖြေကိုရှာ

နေပြည်တော် ၁၃

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည်အောက်တိုဘာလ ၁၁ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့တွင်ကျင်းပသော အာဆီယံခေါင်းဆောင်များစုဝေးပွဲသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားစဉ် မြန်မာနိုင်ငံနှင့် အရှေ့အာရှနိုင်ငံများအကြားစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုများ ရရှိစေရေးကြိုးပမ်းမှုတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

 

အာဆီယံခေါင်းဆောင်များ စုဝေးပွဲတွင် နိုင်ငံတော်သမ္မတက “ယနေ့ကမ္ဘာ့စီးပွားရေးမျက်နှာစာတွင် အခွင့်အလမ်း များစွာရှိနေသည့်အတိုင်း စိန်ခေါ်မှုများစွာလည်းရှိပါကြောင်း၊ မိမိတို့အနေဖြင့် အခွင့်အလမ်းများကို ကောင်းမွန်စွာအသုံးချရန်လိုအပ်ပြီး စိန်ခေါ်မှုများကိုလည်း တစုတစည်းတည်း ရပ်တည်အဖြေရှာဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း” ပြောကြားခဲ့သည်။

 

အခွင့်အလမ်းနှင့် စိန်ခေါ်မှုမှာ အမြဲဒွန်တွဲနေပြီး အောင်မြင်မှုသို့တက်လှမ်းရာ၌ စိန်ခေါ်မှုများကို တစုတစည်းတည်း ညီညွတ်မှုအင်အားဖြင့် ရပ်တည်အဖြေရှာကြမည်ဆိုလျှင် အောင်မြင်မှုကို မလွဲမသွေရရှိနိုင်မည်ဖြစ်သည်။ ဆိုလိုရင်းမှာ ညီညွတ်ခြင်းဖြစ်သည်။ ညီညွတ်ခြင်းသည်ပြည်တွင်းမှာသာမက နိုင်ငံတကာအသိုင်းအဝိုင်းတွင်လည်း အလွန်အရေးပါပြီး အထူးသဖြင့် အာဆီယံ၏ ပေါင်းစည်းမှုအင်အားဖြင့် အရှေ့အာရှနိုင်ငံများ၏စွမ်းအားများဖြင့် ကမ္ဘာ့စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည်ဖြစ်သည်။

 

ယနေ့ကာလတွင် ကမ္ဘာ့စီးပွားရေးအစီရင်ခံစာအရ ကမ္ဘာ့နယ်ပယ်အသီးသီးတွင် အရှေ့အာရှနိုင်ငံများ၏ ယှဉ်ပြိုင်နိုင်မှုစွမ်းအား အဘက်ဘက်တွင် တိုးတက်နေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် စီးပွားရေးစွမ်းအား ပိုမိုမြင့်မားလာသည်ကို အနောက်နိုင်ငံများကအလေးထားအသိအမှတ်ပြုလာကြသည်။ အလားတူ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် APEC၊ G-20?BRICs၊ SCO တို့၏ အားကောင်းလာမှုတို့သည် အရှေ့အာရှနိုင်ငံများ၏ အခန်းကဏ္ဍကို အထောက်အကူပြုနေပေသည်။

 

အရှေ့အာရှနိုင်ငံ အများစုမှာ ဖွံ့ဖြိုးတိုးတက်နေပြီး ကမ္ဘာပေါ်တွင် အလင်းလက်ဆုံးဒေသအဖြစ် ဆက်လက်ရပ်တည်နေမည်ဖြစ်သောကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စံနမူနာပြဖြစ်စေပြီး လက်ရှိတွင်အရှေ့တောင်အာရှနိုင်ငံ အားလုံးနီးပါး ဖွံ့ဖြိုးတိုးတက်လာပြီဖြစ်သည်။အာဆီယံနိုင်ငံများအနေဖြင့် ဖွံ့ဖြိုးမှုအသီးအပွင့်များကို အာဆီယံပြည်သူများအားလုံး မျှတစွာခွဲဝေခံစားနိုင်ရေးကို အလေးအနက်ထားကြသည်။ပိုမိုကောင်းမွန်သည့် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ပေါင်းစည်းရေးအစီအမံသည် ပိုမိုကောင်းမွန်သည့် ဈေးကွက်အခွင့်အလမ်းများ ရရှိရေးကို အထောက်အကူပြုလိမ့်မည်ဟု ယုံကြည်ထားကြသည်။

 

ထို့ကြောင့် အရှေ့အာရှနိုင်ငံများအနေဖြင့် ပိုမိုကောင်းမွန်သည့်ရလဒ်များနှင့် အပြုသဘောအောင်မြင်မှုများ ရရှိစေရန် ဘုံစိန်ခေါ်မှုများကို လက်တွဲဖြေရှင်းသွားရန်သာ ရှိတော့သည်။ ဘုံစိန်ခေါ်မှုဆိုသည်မှာ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုလည်းဖြစ်သည်။ ယင်းတို့သည် ရာသီဥတုဆိုင်ရာပြောင်းလဲမှုနှင့် စွမ်းအင်ရှားပါးလာမှု၊ စားနပ်ရိက္ခာဖူလုံရေးအတွက် စိန်ခေါ်မှု၊ အခြေခံအဆောက်အအုံလိုအပ်ချက်နှင့် ဒေသဆိုင်ရာ ပေါင်းစည်းဆက်သွယ်ရေးတို့ကို ရင်ဆိုင်သွားနိုင်ရန် ဒေသတွင်းနိုင်ငံများနှင့်အတူ မြန်မာနိုင်ငံအနေဖြင့်လည်း တစုတစည်းတည်း ပိုမိုပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။

 

ယခုလက်ရှိတွင် အရှေ့အာရှနိုင်ငံများ၊ အာဆီယံနိုင်ငံများမှာအလင်းလက်ဆုံး စီးပွားရေးအင်အားစုများအဖြစ် ရပ်တည်နေပြီးမြန်မာနိုင်ငံအနေဖြင့်လည်း လက်ရှိအစိုးရ၏ နှစ်နှစ်တာကာလအတွင်းစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများရရှိစေရန် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံ့ခေါင်းဆောင်များ၏ ကြိုးပမ်းအားထုတ်မှုကြောင့် အခွင့်အလမ်းများမှာလက်တစ်ကမ်းအကွာတွင် ရှိနေပြီဖြစ်၍ စိန်ခေါ်မှုများကို တစုတစည်းတည်း ကြိုးပမ်းအဖြေရှာပြီး အောင်မြင်မှုကို လှမ်းဆွတ်ယူနိုင်ရန်ဖြစ်ပါကြောင်း။ ။