တွစ်တာပေါ်မှာ အလွှမ်းမိုးနိုင်ဆုံးပုဂ္ဂိုလ်အဖြစ် တေလာဆွစ်သရဖူဆောင်းနိုင်

၂၅ ဒီဇင်ဘာ

အဆိုတော် တေလာဆွစ်ကတော့ တွစ်တာပေါ်မှာ အလွှမ်းမိုးနိုင်ဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိသွားပါပြီ။ ဘာလို့လဲဆိုရင် တေလာဆွစ်ရဲ့ သတင်းတွေကို တွစ်တာစာမျက်နှာပေါ်မှာ အမြဲလိုလို တွေ့နေရပါတယ်။ သတင်းပြတ်လပ် သွားတယ်ဆိုတာကို မရှိပါဘူး။ တေလာဆွစ်နဲ့ သူ့ရဲ့မန်နေဂျာဟောင်း စကူတာ ဘရန်တို့ ဖြစ်နေတဲ့အမှုကြောင့်ရော၊ တေလာဆွစ်ပါဝင်ထားတဲ့ The Cats ဇာတ်ကားကို ဝေဖန်မှုတွေ ပိတ်ထားတာကို ပြန်ဖွင့်ပေးလိုက်တာကအစသူ့ရဲ့ သတင်းတွေဟာ တွစ်တာပေါ်မှာ လွှမ်းမိုးထားနိုင်ပါတယ်။ လူမှုကွန်ရက်မီဒီယာမှ အလွှမ်းမိုးနိုင်ဆုံး ပုဂ္ဂိုလ်တွေကို စာရင်းပြုစုတဲ့ ဗြိတိန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Brandwatch ကတော့ တေလာဆွစ်ရဲ့ စကားဟာ လွှမ်းမိုးနိုင်မှု အရှိဆုံးပဲလို့ ကောက်ချက်ချခဲ့ပါတယ်။ တွစ်တာအသုံးပြုသူ သန်းထောင်နဲ့ချီပြီးတော့ကို လွှမ်းမိုးထား နိုင်ပါတယ်။ Brandwatch ကုမ္ပဏီဟာ တွစ်တာပေါ်မှာ လွှမ်းမိုးနိုင်ဆုံးအကောင့် ပိုင်ရှင်တွေကို စာရင်းပြုစုရာမှာတော့ တေလာဆွစ်ဟာ ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။ တွစ်တာပေါ်မှာ အချိန်အကြာကြီး လွှမ်းမိုးနိုင်တာ၊ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ် အမြဲရှိနေတာတွေနဲ့ တိုင်းတာပြီး စာရင်းပြုစုထားတာပဲဖြစ်တယ်လို့ ကုမ္ပဏီဘက်က ကြေညာခဲ့ပါတယ်။ ကောင်းမွန်တဲ့ ဝေဖန်မှုတွေ၊ ဆိုးရွားတဲ့ဝေဖန်မှုတွေလားဆိုတာကိုတော့ ထည့်သွင်းစဉ်းစားထားခြင်းမရှိပါဘူး။ Brandwatch ရဲ့ စာရင်းအရ တေလာဆွစ်ရဲ့ နောက်ဒုတိယနေရာနေလိုက်နေတာကတော့ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ပဲ ဖြစ်ပါတယ်။

ချေးလ်အောက်ရေဒီယို ဒေါ့ကွန်း