တစ်ပတ်အတွင်း သိပ္ပံနှင့်နည်းပညာသတင်းများ

နေပြည်တော် ၁၁ ဖေဖေါ်ဝါရီ

 

 

မင်္ဂလာပါ မြန်မာဒီဂျစ်တယ်နယူးစ် ပရိတ်သတ်ကြီးအတွက် နေ့စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာရပ်တွေနဲ့ သိပ္ပံနယ်ပယ်က တီထွင်ဆန်းသစ်မှုတွေကို စုစည်းတင်ပြပေးတဲ့ သိပ္ပံနှင့် နည်းပညာ ကဏ္ဍကနေ ကြိုဆိုလိုက်ပါ တယ်။ ဒီကဏ္ဍဟာ တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာ ရပ်ဝန်းက သတင်းအချက်အလက်တွေကို စုစည်းတင် ဆက်ပေးတဲ့ ကဏ္ဍဖြစ်ပြီး ပထမဆုံးတင်ဆက်ပေးလိုတဲ့ အကြောင်းအရာကတော့ အာရှအရှေ့ပိုင်းဒေသတွေမှာ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပအနောက်ပိုင်း ဒေသတွေထက် အိုဇုန်းလွှာပျက်ဆီးမှု ပိုများပြားလာတဲ့အကြောင်း ဖြစ်ပါတယ်။

 

 

ကမ္ဘာ့အနှံ့အပြား အိုဇုန်းလွှာစောင့်ကြည့်ရေး အခြေစိုက် စခန်း  ၄၈၀ဝ က လေ့လာတွေ့ရှိမှုတွေကို ကောက်ချက် ချပြုစုထားတဲ့ ကမ္ဘာ့ပထမဆုံး အိုဇုန်းလွှာဆိုင်ရာ အကဲဖြတ်အစီရင်ခံစာကို ဝါရှင်တန်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အစီရင်ခံ စာအရ တရုတ်နိုင်ငံ၊ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံတောင်ပိုင်းနဲ့ ဥရောပ တောင်ပိုင်းမှာ ၂၀၁၀ ကနေ ၂၀၁၄ ခုနှစ်ထိ တွေ့ကြုံမှုတွေအရ တစ်နှစ်မှာ ၁၅ ရက်ကျော်ဟာ အိုဇုန်းလွှာ ပျက်ဆီးမှု 70 parts per billion ထိ ရှိခဲ့တယ်လို့ သိရပါတယ်။ အိုဇုန်းလွှာဟာ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးထားတဲ့ ဖန်လုံအိမ် ဓါတ်ငွေ့တစ်မျိုးဖြစ်ပြီး ယခုအခါ လေထုညစ်ညမ်းမှုတွေကြောင့် ပေါက်ပြဲ ပျက်စီးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အိုဇုန်းလွှာပေါက်ပြဲမှုကြောင့် လူသားတွေရဲ့ ကျန်းမာရေးနဲ့ ဂေဟစနစ် ကို ထိခိုက် လျက်ရှိပါတယ်။

 

 

 

 

နောက်တစ်ပုဒ်အနေနဲ့ ကမ္ဘာ့စွမ်းအားအမြင့်ဆုံး FALCON HEAVY ဒုံးပျံကို စီးပွားရေး လုပ်ငန်းရှင် သန်းကြွယ်သူဌေး အီလွန်မာ့စ်ရဲ့ ပုဂ္ဂလိက ဒုံးပျံဝန်ဆောင်မှု ကုမ္ပဏီ SpaceX က  လွှတ်တင်လိုက်တဲ့ အကြောင်းဖြစ်ပါတယ်။  FALCON HEAVY ဒုံးပျံကို ဖေဖေါ်ဝါရီလ ၆ ရက်နေ့မှာ ဖလော်ရီဒါ အာကာသစခန်းကနေ ပစ်လွှတ်လိုက်တာဖြစ်ပြီး တစ်ကြိမ်လွှတ်တင်ဖို့ ဒေါ်လာ သန်းကိုးဆယ် ကုန်ကျခံထားတဲ့ အဆိုပါ ဒုံးပျံဟာ အင်ဂျင် ၂၇ လုံးပါရှိပြီး 747 ဘိုရင်း ဂျက်လေယာဉ် ၁၈ စင်းထက် အင်ဂျင်ပါဝါ ပိုများပါတယ်။ အီလွန်မာ့စ်ကတော့ “Falcon Heavy ရဲ့ အောင်မြင်မှုက ပုဂ္ဂလိကလုပ်ငန်းတွေနဲ့ တခြားနိုင်ငံတွေက ဖန်တီးလာမယ့် အာကာသဆိုင်ရာ ယှဉ်ပြိုင်မှု အသစ်အသစ်တွေအတွက် တွန်းအားပေးရာ ရောက်ပါတယ်။ အာကာသဆိုင်ရာ ယှဉ်ပြိုင်မှုတွေက စိတ်လှုပ်ရှားစရာ ကောင်းပါတယ်” လို့ စစ်အေးခေတ် ၁၉၆၀ ခုနှစ်များဆီက အမေရိကန်ပြည်ထောင်စုနဲ့ ဆိုဗီယက်ပြည် ထောင်စုတို့အကြား အားပြိုင်မှုတွေကို သွယ်ဝိုက်ပြောကြားခဲ့ပါတယ်။

 

 

 

 

ဆေးသိပ္ပံလောကအတွက် ရှေ့ဆောင်အောင်မြင်မှုတစ်ခုအဖြစ် တရုတ်နိုင်ငံဟာ မျောက်နှစ်ကောင်ကို အောင်မြင်စွာ ပုံတူမျိုးပွားနိုင်ခဲ့ပါတယ်။ ၂၀၁၇ နှစ်ကုန်ပိုင်းမှာ တရုတ်နိုင်ငံ ဘေဂျင်းအခြေစိုက် တရုတ်သိပ္ပံ အကယ်ဒမီ (CAS) ဟာ Dolly ခေါ် ဆဲလ်ပွားနည်းဖြင့် ကျုံးကျုံးနှင့် ဟွာဟွာခေါ် မျောက်နှစ်ကောင်ကို ပုံတူမျိုးပွားနိုင်ခဲ့ပါတယ်။ အဆိုပါ ပုံတူမျိုးပွားမှုဟာ လူသားတွေအတွက် ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ရောဂါတွေကို ကုသရန်အထောက်အကူပြု လိမ့်မယ်လို့ တရုတ်သိပ္ပံပညာရှင်တွေက ပြောဆိုထားပေမယ့် မျောက်နှစ်ကောင်ရဲ့ ပုံတူမျိုးပွားမှုကနေတစ်ဆင့် လူသား တွေကိုပါ ပုံတူမျိုးပွားလာမှာကို စိုးရိမ်မှုတွေရှိ နေပါတယ်။ တရုတ်သိပ္ပံအကယ်ဒမီက အာရုံကြောဆိုင်ရာ သုတေသနအဖွဲ့ ညွှန်ကြားရေးမှူး ဖူးမူမင် ကတော့ “ ကျွန်တော်တို့လူသားတွေကို ပုံတူမျိုးပွားဖို့ မဟုတ်ပါဘူး။ မျောက်ဟာ လူသားတွေရဲ့ မျိုးဗီဇနဲ့ အနီးစပ်ဆုံးတူတာကြောင့် လူသားတွေအတွက် ရောဂါကုသမှုနဲ့ ကျန်းမာရေးကို အမှန်တကယ် အထောက် အကူပြုနိုင်ဖို့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

 

 

တရုတ်နိုင်ငံရဲ့ မျောက်နှစ်ကောင်ကို အောင်မြင်စွာ ပုံတူမျိုးပွားမှုနဲ့အတူ အခြားတစ်ဖက်မှာလည်း မမျိုးဥတွေကို စမ်းသပ်ခန်းထဲမှာ အောင်မြင်စွာ ကြီးထွားဖွံ့ဖြိုးစေနိုင်ခဲ့ကြောင်း ထုတ်ပြန်လိုက်ပါတယ်။ လူသား မမျိုးဥကို သားအိမ်ပြင်ပမှာ ကြီးထွားဖွံ့ဖြိုးစေတဲ့ စမ်းသပ်ချက်ကို အက်ဒင်ဘရာမြို့ သုတေသနဆေးရုံ နဲ့ နယူးယောက် က လူသားမျိုးပွားစင်တာ (Center for Human Reproduction) စတဲ့ နေရာ ၂ နေရာမှာ သိပ္ပံပညာရှင်တွေက စမ်းသပ်ခဲ့တာဖြစ်ပြီး ယခုလို လူ့ခန္ဓာကိုယ်ပြင်ပမှာ မမျိုးဥတွေကို အောင်မြင်စွာ ကြီးထွားစေနိုင်တာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ဒါပေမယ့် လိုအပ်တဲ့အချိန်မှာ သုတ်ပိုးနဲ့ ထိတွေ့မျိုးပွားနိုင်ဖို့အတွက် မမျိုးဥတွေကို လုံခြုံစွာထိန်း သိမ်းထားနိုင်ဖို့ အဆင့်တွေ အများကြီးလို သေးကြောင်းလည်း သိရပါတယ်။

 

 

 

ယခုအောင်မြင်မှုဟာ ကနဦးအောင်မြင်မှုတစ်ခုသာဖြစ်ပြီး သန္ဓေသားလောင်း အဆင့်ကနေ ကျန်းမာတဲ့ ကလေး တစ်ယောက်အထိဖြစ်နိုင် မဖြစ်နိုင်ဆိုတာနဲ့ လုံခြုံစိတ်ချရရဲ့လား သေချာဖို့ စမ်းသပ်မှုတွေ အများကြီး လိုနေသေး တယ်လို့သိရပါတယ်။ စမ်းသပ်မှုသာ အောင်မြင်ခဲ့ရင် ကင်ဆာဝေဒနာရှင်များ ဓာတုဆေးဝါး ကုသမှုခံယူနေစဉ် မွေးဖွားမှု အဆင့်ဆင့်ကို မထိခိုက်စေဘဲ ၎င်းတို့ရဲ့ သန္ဓေသား ကြီးထွားမှုကို မူလအတိုင်း ကြီးထွားဖွံ့ဖြိုးလာစေနိုင်မှာ ဖြစ်ပါတယ်။

 

 

ယခုနောက်ပိုင်း ခေတ်သစ်ယာဉ်ပျံတွေ တီထွင်ဖန်တီးနိုင်ဖို့ ကုမ္ပဏီတွေ အပြိုင်အဆိုင်ကြိုးစားလျက်ရှိ ရာမှာ တရုတ်နိုင်ငံဟာ ခရီးသည်လိုက်ပါပျံသန်းနိုင်တဲ့ မောင်းသူမဲ့လေယာဉ်တစ်စင်းကို စမ်းသပ်ပျံသန်းနိုင်ခဲ့ပါတယ်။ လေယာဉ်မောင်းသူနေရာမှာ ခရီးသည်တစ်ဦးလိုက်ပါသွားပြီး မြို့တစ်မြို့ပေါ်ကို ဆင်ခြေဖုံး ရပ်ကွက်တွေပေါ်ကနေ ချောမွေ့စွာဖြတ်ကျော် ပျံသန်းပြနိုင်ခဲ့ပါတယ်။ တရုတ်နည်း ပညာကုမ္ပဏီ EHang ရဲ့ အမှုဆောင်အရာရှိချုပ်က “အရေးပေါ် ကယ်ဆယ်ရေးမှာသုံးဖို့ အမြဲတွေးခဲ့ပါတယ်။ ဒါ့အပြင် လူနာတွေကို ဆေးရုံပို့ဆောင်ရာမှာ သုံးနိုင်အတွက်ပါ” လို့ ပြောပါတယ်။ ကုမ္ပဏီဟာ ၂၀၁၆ ကတည်းက စမ်းသပ်ပျံသန်းမှုပေါင်း အကြိမ်တစ်ထောင်ကျော် လုပ်ခဲ့ပြီး အဆိုပါ လေယာဉ်ငယ်ဟာ တစ်နာရီကို ၁၀ဝ ကီလိုမီတာ အမြန်နှုန်းနဲ့ ၂၃ မိနစ်ကြာ ပျံသန်းနိုင်ကြောင်း တင်ဆက်ရင်း ဒီတစ်ပတ် အတွင်း သိပ္ပံနှင့် နည်းပညာသတင်းများ တင်ဆက်မှုကနေ နှုတ်ဆက်လိုက်ပါတယ်။

 

 

MDN