တစ်ပိုင်တစ်နိုင် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရန် ချေးငွေထုတ်ချေးပေး

စလင်း ဒီဇင်ဘာ ၈

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စလင်းမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများကို အတိုးနှုန်း သက်သာ စွာဖြင့် ထုတ်ချေးပေးလျက်ရှိသည်။

စလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၆လ ဘတ်ဂျက်တွင် မြစိမ်းရောင် ကျေးရွာ စီမံကိန်း ဆောင်ရွက်သည့် ကူတိုမြောက်ကျေးရွာတွင် စိုက်ပျိုး​ရေးလုပ်ငန်းလုပ်ကိုင်သူ ၆၆ ဦး၊ ငွေကျပ် ၁၇ ဒသမ ၆ သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၆၆ ဦး၊ ငွေကျပ် ၁၀ ဒသမ ၇၅ သန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၈ ဦး၊ ငွေကျပ် ၁ ဒသမ ၆၅ သန်း၊ စုစုပေါင်းငွေကျပ် ၃၀ သန်းအား မြို့နယ်ဦးစီးမှူး ဦးစိုးခိုင်နှင့် တာဝန်ခံဝန်ထမ်းများက ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဒီဇင်ဘာ ၆ ရက်က စနစ်တကျ ကွင်းဆင်း ထုတ်ချေးပေးခဲ့သည်။

အဆိုပါစီမံကိန်းအား ကျေးရွာနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာ စေခြင်းဖြင့် ကျေးလက်ဒေသ ဆင်းရဲမှုနှုန်းကို လျော့ချနိုင်ရန်၊ တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာ အတွက် အမှန်တကယ်လိုအပ်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာမှ  ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ နိုင်ငံတော်ထောက်ပံ့ငွေမှ ကျပ်သိန်းသုံးရာ မတည်ပေးခြင်းဖြစ်​ကြောင်း အဆိုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးခိုင်ထံမှ သိရသည်။

အထွေး