တစ်နွယ်ငင်…သော်…

ဒေါက်တာနီလာသိန်း (လင်းရောင်သစ်)

 

တစ်ကျော့ပြန် ကိုဗစ်လှိုင်းဟာ ကျွန်မတို့နိုင်ငံမှာ ဩဂုတ်လလယ်ကစပြီး ပြန်လည်ဦးမော့လာခဲ့တယ်။ ဇွန်၊ ဇူလိုင်လတွေမှာ ရောဂါဖြစ်ပွားနှုန်း ကျဆင်းသွားခဲ့လို့ ကမ္ဘာကတောင် ချီးကျူးနေရတဲ့ အနေအထားဖြစ်ခဲ့တယ်။ ပြီးခဲ့တဲ့လကစပြီး ရခိုင်ပြည်နယ်ကနေ ကူးစက်မှုတွေ ပြန့်ပွားလာတာကြောင့် အစိုးရနဲ့အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနရယ်၊ အလှူရှင်တွေရယ်၊ ပြည်သူတွေရယ် ပူးပေါင်းပြီး အကြိတ်အနယ် ရင်ဆိုင်ကြရပြန်တယ်။ တဖြည်းဖြည်းနဲ့ အခြားမြို့ရွာတွေကိုပါ ပျံ့နှံ့ လာခဲ့တယ်။ တစ်နေ့တစ်နေ့ ပိုးတွေ့လူနာ “ရာချီအထိ” တွေ့နေရတာကို ရင်တမမနဲ့ ‘ဘုရားတ’ ရင်း စောင့်ကြည့် နေကြရတယ်။ သံသယလူနာတွေ အားလုံးနီးပါး များများစစ်ဆေးနိုင်ကြလို့ ရောဂါပိုးရှိသူများများ ရှာဖွေနိုင်တာလည်းပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေမှာ လူတချို့ဟာ ညွှန်ကြားချက်တွေ၊ စည်းကမ်းတွေကို တိတိကျကျ မလိုက်နာကြတာကိုလည်း တွေ့နေရပြန်တယ်။


အသံတိတ်… ရောဂါပိုးသယ်ဆောင်သူ


ကိုဗစ်-၁၉ ရောဂါပိုးက သေးငယ်တယ်။ သာမန်မျက်စိနဲ့မမြင်နိုင်ဘူး။ လေထုထဲမှာ ပျံ့နှံ့နေကြတယ်။ လူတွေကလည်းလမ်းပေါ်မှာ၊ ဘတ်စ်ကားပေါ်မှာ၊ ယာဉ်တွေပေါ်မှာ၊ ဈေးထဲမှာ သွားလာနေကြတယ်။ တစ်ဦးနဲ့တစ်ဦး ထိတွေ့မှုတွေရှိနေကြတယ်။ နှာခေါင်းစည်းကို စနစ်တကျတပ်သူတွေရှိသလို မတပ်သူတွေလည်း ရှိတယ်။ အဲဒီလူတွေထဲမှာ ရောဂါ လက္ခဏာမပြဘဲ ရောဂါပိုး သယ်ဆောင်ထားသူတွေ ဘယ်နှယောက်ရှိနေမလဲ မမြင်နိုင်ဘူး။ အသံတိတ်ရောဂါ ဖြန့်နေသူ၊ တိတ်တဆိတ် ရောဂါပိုး သယ်ဆောင်ထားသူတွေဟုတ်၊ မဟုတ် ဘယ်သူမှ မသိနိုင်ဘူး။

 

ရောဂါပိုးသယ်ဆောင်သူ၊ တိတ်တဆိတ် ရောဂါပိုး ပျံ့နှံ့စေသူတွေကိုကြည့်ရင် အုပ်စုသုံးခုခွဲနိုင်ပါတယ်။ ပထမအုပ်စုက ရောဂါလက္ခဏာမပြတဲ့အုပ်စု၊ မဖျားဘူး၊ ချောင်းမဆိုးဘူး၊ အသက်ရှူလမ်းကြောင်းနဲ့ အစာအိမ်၊ အူလမ်းကြောင်းဆိုင်ရာ လက္ခဏာတစ်စုံတစ်ရာမရှိဘူး။ ရောဂါပိုးရှိသူတွေနဲ့ ထိတွေ့မှုရှိခဲ့လို့ စစ်ဆေးမှုပြုလုပ်မှသာ ပိုးရှိကြောင်း သိကြရတယ်။ စစ်ဆေးမှုမလုပ်သရွေ့ ဒီအတိုင်း သွားလာနေထိုင်နေကြတယ်။

 

ဒါကြောင့် စမ်းသပ်စစ်ဆေးမှုတွေ များများမလုပ်နိုင်သရွေ့ ရောဂါရဲ့ ‘သက်ရောက်မှုအရှိကို မသိနိုင်ဘူး။ ဘယ်လောက်အထိ ပြန့်ပွားနှုန်းများနေမလဲဆိုတာ မသိနိုင်ဘူး’ လို့ “Kent State” ပြည်သူ့ကျန်းမာရေးတက္ကသိုလ်မှ ကူးစက်ရောဂါဆိုင်ရာ ပညာရှင် တာရာ စီ စမစ်သ် (Tara.C.Smith) က ပြောပါတယ်။ များသောအားဖြင့် လက္ခဏာမပြဘဲ ပိုးတွေ့သူတွေဟာ လူငယ်ပိုင်းတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။


တရုတ်နိုင်ငံ နန်ကျင်းမြို့ရဲ့ ကုသမှုဆိုင်ရာ လေ့လာချက်တစ်ခုမှာ ပိုးတွေ့လူနာ ၂၄ ဦးဟာ ရောဂါလက္ခဏာ လုံးဝမရှိခဲ့ပါဘူး။ သူတို့ထဲက ခုနစ်ယောက်ဟာ သီတင်းပတ်သုံးပတ်ကြာသည်အထိ ရောဂါလက္ခဏာ တစ်စုံတစ်ရာမပြဘူး။ သူတို့ရဲ့ ပျမ်းမျှအသက်တွေက ၁၄ နှစ်အရွယ်တွေ ဖြစ်တယ်လို့ ရေးသားထားပါတယ်။

 

ဒုတိယအုပ်စုကတော့ ရောဂါပိုးက ခန္ဓာကိုယ်ထဲ ဝင်ရောက်နေပေမယ့် ရောဂါပိုးတွေ့ပြီး တစ်ပတ်ကနေ နှစ်ပတ်ထိအောင် လက္ခဏာမပြပါဘူး။ အဲဒီလိုရောဂါပိုး ဝင်လာချိန်နဲ့ လက္ခဏာပြတဲ့ အချိန်ကြားကာလကို ရောဂါလက္ခဏာမပြမီ ရှေ့ပြေးအဆင့်အုပ်စုလို့ သတ်မှတ်ပါတယ်။ အဲဒီလို ရောဂါလက္ခဏာစတင်တဲ့ ရှေ့ပြေးအဆင့်အချိန်ဟာ ကူးစက်နိုင်ခြေ အများဆုံးဖြစ်လို့ အလွန်အရေးကြီးလှပါတယ်။ ရောဂါလက္ခဏာမပြမီ တစ်ရက်မှ သုံးရက်ဟာ ရောဂါပျံ့နှံ့မှု အများဆုံးဖြစ်လို့ ဒုတိယအုပ်စုက ပထမအုပ်စုထက်ပိုပြီး အရေးကြီးလှပါတယ်။ လက္ခဏာမပြတဲ့ ပိုးတွေ့ လူနာရဲ့ ၇၅ ရာခိုင်နှုန်းဟာ ဒုတိယအုပ်စုတွေဖြစ်ကြတယ်လို့ ဆိုပါတယ်။

 

ဝါရှင်တန် ‘king county’ မှာရှိတဲ့ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာက လူနာ ၈၂ ဦးအနက် သုံးပုံတစ်ပုံဟာ ပိုးတွေ့ခဲ့ပါတယ်။ တစ်ဝက်က အာခေါင်တို့ဖတ် ယူတဲ့အချိန်အထိ ဖျားနာခြင်း၊ ကိုယ်လက် မအီမသာဖြစ်ခြင်း၊ ချောင်းဆိုးခြင်းတွေမရှိပါဘူး။ ကျန်တဲ့တစ်ဝက်ကတော့ ရောဂါလက္ခဏာ ပြကြတယ်လို့ ဆိုပါတယ်။ ကျန်းမာရေး တာဝန်ရှိသူတွေက ရောဂါပိုးစတွေ့ပြီဖြစ်ကြောင်း အသိပေးပြီးပြီးချင်း သူတို့ကို သီးခြားခွဲထားခဲ့တယ်။

 

ဒါပေမဲ့ နှစ်ပတ်အတွင်းမှာ ရောဂါဟာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပါတယ်။ ဒါဟာ ပထမအုပ်စုရော၊ ဒုတိယအုပ်စုရော နှစ်ခုစလုံးရဲ့ လူနာတွေကို (SARS-COV 2 - ဗိုင်းရပ်စ်) ရှိကြောင်း အသေအချာ အသိအမှတ်မပြုခဲ့ဘဲ ကြိုတင်သီးခြား ခွဲထားခြင်းမလုပ်ခဲ့ကြတဲ့အတွက် ရောဂါပျံ့နှံ့နှုန်းက လျင်မြန်ခဲ့ရကြောင်း ဧပြီလ ၃ ရက်နေ့က ထုတ်ပြန်တဲ့ ‘CDC’ ရဲ့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။

 

တတိယအုပ်စုကတော့ အပျော့စားရောဂါလက္ခဏာ လောက်သာပြတဲ့ အုပ်စုဖြစ်တယ်။ ကိုဗစ်ရောဂါရဲ့လက္ခဏာတွေ အနည်းငယ်မျှသာ ခံစားရတယ်။ သူတို့ဟာ လူအများကြားမှာ ပုံမှန်သွားလာနေကြတယ်။ မသိမသာရောဂါဖြန့်နေတဲ့ အုပ်စုဖြစ်တယ်။ ဖြန့်တဲ့သူက ရောဂါလက္ခဏာ မပြင်းထန်ပေမယ့် အဖြန့်ခံရတဲ့သူမှာတော့ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ခံစားရပါတယ်။

 

တရုတ်နိုင်ငံမှာ လူတစ်ဦးဟာ ရောဂါဖြစ်ပွားရာဒေသက ပြန်လာခဲ့တယ်။ ဆယ်ရက်အကြာမှာ သူ့ရဲ့ ဇနီးသည်ဟာ ဖျားပြီးအန်တယ်။ အဲဒီနောက်မှာ ပြင်းထန်နမိုးနီးယား ဝင်လာခဲ့ပြီး အထူးကြပ်မတ်ခန်းထဲကို ပို့လိုက်ရပါတယ်။ အဲဒီအမျိုးသားကို စစ်ဆေးကြည့်တဲ့အခါ ရောဂါပိုး တွေ့ရှိရသလို သူ့ရဲ့အဆုတ်ထဲမှာ ဗိုင်းရပ်စ်ရဲ့လက္ခဏာတွေ ရှိနေခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားဖြစ်သူဟာ ရောဂါပိုးမပြဘဲ ရောဂါသယ်ဆောင်သူဖြစ်ကြောင်း ကောက်ချက်ချခဲ့ပါတယ်။
 

ဒါကြောင့် လူတိုင်းဟာ မိမိရဲ့ပတ်ဝန်းကျင်မှာ တိတ်တဆိတ်ရောဂါဖြန့်မယ့်သူ၊ ရောဂါသယ်ဆောင်ထားသူတွေ ရှိနေမလားဆိုတဲ့ သံသယစိတ်နဲ့ သတိရှိကြရပါတယ်။ ယနေ့ဆိုရင် လူဦးရေ ခုနစ်သန်းကျော်ရှိတဲ့ ရန်ကုန်မြို့ကြီး မှာ ကူးစက်မှုနှုန်းတွေများနေခဲ့ပါပြီ။ ဆေးရုံတွေမှာ ဖျားနာ လူနာ၊ သံသယလူနာတွေများလာတဲ့အတွက် ကျန်းမာရေး ဝန်ထမ်းတွေမှာ ဝန်နဲ့အား မမျှတတော့ပါဘူး။ မနိုင်ဝန်တွေထမ်းလို့ ခြေကုန်လက်ပန်းကျနေကြပါပြီ။ ဆရာဝန်၊ ဆရာမ၊ ဝန်ထမ်းတချို့ပါ ပိုးကူးစက်ခံနေကြရပြီ။ သံသယလူနာအဖြစ်နဲ့ ကိုယ်တိုင်ကွာရန်တင်း ဝင်နေကြရပြီ။ အဲဒီ ကွာရန်တင်း ဝင်သွားကြတဲ့ သူတွေအစား အခြားဝပ်ဒ်တွေက ဆရာဝန်၊ ဆရာမတွေက အင်အားဖြည့်ပြီး ဂျူတီ ဆင်းပေးနေရပြီ။ တစ်ဆေးရုံလုံး ဒီဝပ်ဒ်က ဟိုဝပ်ဒ်ကိုဝင်၊ နေ့ဆိုင်းညဆိုင်း အလှည့်ကျဂျူတီတွေနဲ့ ပြေးလွှားနေကြရပြီ။ ကွာရန်တင်းဝင်နေရင်း ကိုယ်ကနဂ္ဂတစ်ဆိုရင် ပြန်ထွက်လာ၊ ပုံမှန်ဂျူတီပြန်ဝင်နဲ့ဆိုတော့ စိတ်သာရှိပြီး ရုပ်တွေက သံပတ်လျော့တဲ့ စက်ရုပ်လိုဖြစ်နေကြပြီ။

 

ဘာမှမဖြစ်ပါဘူးကွာ… လို့ဆိုသူဆို


ပြည်သူလူထုအတွင်းမှာတော့ ပထမလှိုင်းမှာ ကြောက်သူရှိသလို ပေါ့ပေါ့တွေးသူလည်းရှိတယ်။ ဒါဟာ သာမန်တုပ်ကွေး သာသာပါပဲ။ မသေနိုင်ပါဘူး။ အခုသေတဲ့ လူတွေက မူလကတည်းက ဆီးချို၊ နှလုံး၊ သွေးတိုးအခံတွေ ရှိလို့ပါ၊ မျိုးရိုးဗီဇပြောင်းပိုးအသစ်က သိပ်ပြီးစိတ်ပူစရာ မရှိလို့ ဘာမှမဖြစ်ပါဘူးကွာလို့ ပြောတဲ့သူရှိတယ်။ တချို့ကလည်း အခု ‘ကိုဗစ်’နဲ့ မသေလည်း တစ်နေ့သေကြမှာပဲ။ သေမယ့်သူကသေမှာပဲ။ ဘယ်သူမှမကယ်နိုင်ဘူးလို့ တရားသံဝေဂ ရှိလေသယောင် ပြောသူတွေလည်း ရှိမှာပါပဲ။

 

တကယ်တော့ အသက်ဆိုတာ ဉာဏ်စောင့်ပါတယ်။ သေနေ့စေ့ရင်သေမယ်ဆိုတာ မှန်ပေမယ့် အဲဒီအသက်ကို ဆွဲဆန့်လို့ရတဲ့ အသက်ရှည်ရာ အနာမဲ့ကြောင်း နည်းလမ်းကောင်းတွေ၊ ကုသိုလ်ဆက်မယ့် တရားနည်းလမ်းတွေ ရှိနေပြီးသားပါ။ ငယ်စဉ်ကလေးဘဝကစလို့ ကျန်းမာရေး နဲ့ ညီညွတ်တဲ့ အစားအသောက်တွေစားမယ်၊ ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်းတွေမှန်မှန်လုပ်မယ်၊ လမ်းလျှောက် မယ်၊ အိပ်ချိန်၊ စားချိန်၊ စာဖတ်ချိန် မျှမျှတတထားမယ်၊ အချိန်ကို စနစ်တကျ သုံးစွဲမယ်၊ သမာအာဇီဝနဲ့ ငွေရှာ မယ်၊ အသုံးနဲ့အဖြုန်း စိစစ်မယ်၊ မေတ္တာစိတ်မွေးမယ်၊ သည်းခံစိတ်ထားမယ်၊ သက်ရှည်ကျန်းမာရောဂါကင်းဖို့ သီလလုံရမယ်၊ စိတ်ကောင်းထားရမယ်၊ စိတ်ကြည်တော့ ရုပ်ကြည်တယ်၊ စိတ်ရှင်းတော့ ရုပ်လင်းတယ်၊ ကိုယ်တတ် နိုင်သလောက် ဒါနပြုမယ်၊ ဝိပဿနာ ခြံရံပြီး လှူဒါန်း မယ်၊ ဘုရားပြင်၊ တံတားပြင်၊ လမ်းပြင်၊ ရေချမ်းစင်တည်၊ လမ်းပေါ်ကဆူးခက်၊ ကျောက်ခဲတွေရှင်းမယ်။ ဒီလို နိုင်သလောက်ကုသိုလ်တွေနဲ့ အသက်ကို ဆွဲဆန့်လို့ရတယ်။ ကုသိုလ်စိတ်ဟာ ကျန်းမာအသက်ရှည်ခြင်းကို တစ်ဖက်တစ်လမ်းက ထောက်ပံ့ပေးနိုင်တယ်။

 

ကိုယ်ဖြစ်ကိုယ်ခံ…. မဟုတ်ပြန်


ရောဂါတစ်ခုခုဖြစ်ရင် ‘ကိုယ်ဖြစ်ကိုယ်ခံရမယ်’၊ အကုသိုလ်အလုပ်တစ်ခုခုလုပ်မိရင် ‘ကိုယ်လုပ်ရင် ကိုယ်ခံရမယ်နော်’ လို့ပြောကြတယ်။ ဝေဒနာကို ကိုယ်စားခံပေးလို့ မရဘူး။ ဒါပေမဲ့ ကိုဗစ်ရောဂါကတော့ ကိုယ်ဖြစ်ရင် ကိုယ်တစ်ယောက်သာ ခံရတာမဟုတ်ဘဲ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်အလုပ်ခွင်၊ ကိုယ့်အပေါင်းအသင်း အားလုံးဟာ တစ်နွယ်ငင်လို့ တစ်စင်ပါ၊ တသီတတန်း၊ မီးခိုးကြွက်လျှောက်၊ ဆက်ကာဆက်ကာ ခံကြရမယ်။ စက်ကွင်းမလွတ်နိုင်ကြ ဘူး။ ကိုယ်တစ်ယောက်က သတိနဲ့ဆင်ခြင်နေတာနဲ့အမျှ ရောဂါပိုးဟာ ကိုယ်နဲ့ဝေးနေမှာဖြစ်တဲ့အတွက် ကိုယ့် ပတ်ဝန်းကျင်ကိုလည်း တစ်ပါတည်း စောင့်ရှောက် ပြီးသား ဖြစ်သွားပါတယ်။

 

လေထဲမှာရှိတဲ့ပိုးဖြစ်လို့ လေကိုရှူပြီး အသက်ရှင်ရတဲ့ သတ္တဝါအားလုံးနေထိုင်ရာ ကမ္ဘာကြီးမှာ စောင့်ကြည့်၊ သတိနဲ့ ကျီးလန့်စာစားဖြစ်နေကြပြီ။ ဘယ်သူ့ကိုမှ ယုံလို့မရပါဘူး။ ရောဂါပိုးသယ်ဆောင်သူဟာ မိမိလည်း ဖြစ်နေနိုင်ပါတယ်။ အိမ်သားထဲက တစ်ယောက်ယောက် မဖြစ်မနေ အိမ်ပြင်ထွက်ရတဲ့အခါ ပြန်လာတာနဲ့ ‘လက်ကိုသေချာဆေးလား၊ ခြေထောက်တွေ ဖိနပ်တွေ ဆေးရဲ့လား၊ အပြင်က အဝတ်တွေနဲ့ အိမ်ထဲဝင်မလာနဲ့၊ အဝင်ဝက ပုံးထဲမှာ ချွတ်ထည့်၊ ရေပါတစ်ခါတည်းချိုး၊ ခေါင်းပါလျှော်’ ဆိုပြီး စည်းကမ်းချက်တွေနဲ့ အိမ်သားတွေရဲ့ ပွစိပွစိအ ပြောခံကြရပါတယ်။ အဲဒီလိုပြောရင် စိတ်မဆိုးကြပါနဲ့၊ အော် ငါ့အတွက်တင်မက တစ်အိမ်လုံး အတွက် ပြောရတာပဲ၊ အခုလိုကျန်းမာရေးအသိနဲ့ အပြောခံရတာ မင်္ဂလာတစ်ပါးပါပဲ၊ စိတ်ဆိုးစရာ မလိုပါဆိုပြီး လက်ခံကြရပါမယ်။

 

အဖြစ်ပဲတပ်တဲ့… နှာခေါင်းစည်း… မက်စ်


နှာခေါင်းစည်းတပ်တာနဲ့ပတ်သက်လို့ အခုအချိန်အထိ အတော်ပြောရဆိုရတုန်းပါပဲ။ လမ်းပေါ်မှာ သွားနေ တဲ့သူတွေ၊ ဈေးထဲမှာ ဈေးဝယ်နေတဲ့သူ၊ ဈေးရောင်းသူတွေ၊ နှာခေါင်းစည်းကို မေးမှာချိတ်၊ နားရွက်မှာချိတ်ထားတဲ့ သူတွေ ရှိနေဆဲပါပဲ။ စကားပြောတော့မယ်ဆိုရင် နှာခေါင်းစည်းကိုအောက်ကို ဆွဲချပြီး ပြောတယ်၊ နှာချေ ချောင်းဆိုးချင်ရင် နှာခေါင်းစည်းကို ဖွင့်ပြီးမှ ဆိုးတယ်၊ တချို့ကျတော့ ပေတူးညစ်ပတ်နေတဲ့ အဝတ်နှာခေါင်းစည်းကို တပ်ထားတယ်၊ သူများအပြောမခံရအောင် အဖြစ်သဘောလောက်ပဲ တပ်ကြတဲ့သူတွေ ရှိနေသေးတယ်။ မဖြစ်သေးတော့ မကြောက်ဘူးပေါ့လို့ ပြောလို့ မရဘူး။ သူကိုယ်တိုင်က ‘ကယ်ရီယာ’ ဖြစ်နေရင် ဘယ်လို လုပ်ကြမလဲ။

 

အဲဒီတော့နှာခေါင်းစည်းကို စနစ်တကျဝတ်ဆင်ဖို့၊ စနစ်တကျစွန့်ပစ်ဖို့ လမ်းဆုံလမ်းခွ လမ်းလေးခွမှာ ရပ်ပြီးပညာပေးရမလား။ နှာခေါင်းစည်း စနစ်တကျ ဝတ်ဆင်၊ စွန့်ပစ်သရုပ်ပြမှ လိုက်နာကြမှာလား။ ဒါမှ မဟုတ် လမ်းပေါ်မှာ အသံချဲ့စက်အော်လန်နဲ့ မရပ်မနား ဆူဆူညံညံအော်နေတဲ့ ဈေးသည်တွေလို အသံသွင်းထားပြီး အချိန်နဲ့ဖွင့်ပြရမလား။ နှာခေါင်းစည်းတပ် ပညာပေး ဘယ်လိုပြောပြော၊ ဘယ်လိုရေးရေး မလိုက်နာကြတာကတော့ ရင်လေးစရာဖြစ်နေရပြီ။

 

ဒါကြောင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။ ‘စည်း’ ရှိဖို့ လိုတယ်တဲ့။ စည်းဆိုတဲ့ နေရာမှာ (၁) ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့၊ (၂) အပြင်က လူတွေကို ကာကွယ်ဖို့တဲ့။ ဒီလိုပဲ နှာခေါင်းစည်းတပ်တယ် ဆိုတာ (၁)မိမိကိုယ်ကို ကာကွယ်ဖို့၊ (၂) မိမိကနေ အခြား သူတွေကို ကူးစက်မှာကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။

 

တစ်နွယ်ငင်….တစ်စင်ပါ


လူတစ်ယောက်ကျန်းမာရေးချို့တဲ့ပြီဆိုရင် သူ့ရဲ့ စားဝတ်နေရေး၊ စီးပွားရေး၊ လူမှုရေး၊ မိသားစု၊ အလုပ်ခွင် အားလုံးထိခိုက်ရတယ်။ နောက်ဆုံး နိုင်ငံတော်ရဲ့ လုပ်အားတွေ လူ့စွမ်းအား အရင်းအမြစ်တွေပါ ဆုံးရှုံးရတယ်။ အဲဒီ ‘ကျန်းမာရေး’ ဆိုတဲ့ နွယ်တစ်နွယ်က သူနဲ့တကွ ဆက်စပ်ပတ်သက်သမျှ ‘ဘဝတစ်ခိုင်လုံး’ ကို ဆွဲချယူငင် ပစ်နိုင်တယ်။ နောက်ဆုံး နောက်ဘဝထိအောင် မကောင်းတဲ့လားရာအထိ ဆွဲချပစ်နိုင်တယ်။ ဥပမာ ရောဂါတစ်ခုခုကြောင့် ဝေဒနာပြင်းစွာ ခံစားရတယ်။

 

ပြင်းထန်တဲ့ဝေဒနာကြောင့် ဒေါသစိတ်နဲ့ သေလွန်တော့ လားရာက ငရဲပြည်ဖြစ်မယ်။ သတိလစ်၊ မေ့မြော၊ မိန်းမော၊ အသိစိတ်ပျောက်ပြီး သေလွန်ရင် မောဟစိတ်နဲ့သေလို့ တိရစ္ဆာန်ဘုံက လားရာပဲ။ ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကို စွဲလမ်း၊ သားသမီး မြေးမြစ် သံယောဇဉ်တွေကို မခွဲချင်၊ စိတ်မချ လောဘစိတ်နဲ့ သေလွန်တော့ ပြိတ္တာဘဝ၊ ကျန်းမာရေး ချို့တဲ့သူဟာ ကျန်းမာစဉ်ကတည်းက တရားနှလုံးမသွင်းထားခဲ့ရင် သေခါနီး ဝေဒနာ ပြင်းပြချိန်မှာ သေခြင်းတရားကို ရဲရဲဝံ့ဝံ့ ရင်မဆိုင်နိုင်ဘူး။ ဒါကြောင့် ကျန်းမာခြင်းဆိုတဲ့ နွယ်တစ်နွယ်က နောက်ဘဝ လားရာတွေအထိ ကြိုးဆွဲနိုင်တယ်။

 

လက်ရှိအနေအထားမှာ အသက်ရှင်ဖို့ ကျန်းမာကြရမယ်။ တစ်နွယ်ငင်တစ်စင်ပါ… ဆိုတဲ့ စကားက ကောင်းတဲ့ဘက်ရော၊ ဆိုးတဲ့ဘက်ရော ဆက်စပ်တွေးတောစရာတွေ များလှတယ်။ လူတစ်ယောက်ရဲ့ လောကီဘဝမှာ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုဆက်ဆံရေးတွေနဲ့ ကင်းကွာပြီး နေထိုင်လို့ မရပါဘူး။ ကျွန်မတို့ အားလုံး ကိုယ့်အသက်မွေးဝမ်းကျောင်း၊ ကိုယ်ဝါသနာပါရာ လုပ်နေကြတာ နိုင်ငံရေးပါပဲ။ အိမ်ထောင်ဦးစီးက သူ့အိမ်၊ သူ့မိသားစုအတွက်တော့ ပဲ့ကိုင်ရှင် နိုင်ငံရေးသမားပဲ။ အိမ်ရှင်မကလည်း မီးဖိုချောင်ထဲမှာ နိုင်ငံရေး လုပ်နေ ပါတယ်။

 

ဒီတော့ကာ လူတိုင်းလူတိုင်း အပူအပင်ကင်းစွာ ငြိမ်းချမ်းသာယာစွာ နေထိုင်၊ အသက်ရှင်ရပ်တည်နိုင်ဖို့၊ ခံယူချက်မှန်ဖို့၊ ရွေးချယ်မှုမှန်ဖို့ လိုပါတယ်။ ပြည်သူလူထုရဲ့ ကျန်းမာရေးဆိုတဲ့ နွယ်တစ်နွယ်ငင်မိရင် နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးစတဲ့ ယန္တရားကြီးတစ်ခုလုံး အုံလိုက်ကျင်းလိုက် ပါလာမှာ ဖြစ်ပါတယ်။

 

‘အသီးတစ်ရာ…အညှာတစ်ခု’ဆိုတဲ့ စကားအတိုင်း နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ အညှာကခိုင်မှ ဖြစ်ပါမယ်။ အဲဒီအညှာကိုမှီပြီး ရှင်သန်ကြီးထွားရမယ့် အသီးတွေဟာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက တိုင်းရင်းသားတွေကို ကိုယ်စားပြုနေတာပါ။ ဒီအချိန် ကာလမှာ ကပ်ရောဂါကို မိမိတစ်ဦးချင်းကနေ မိမိ မိသားစု၊ မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံအတွက် သတိရှိရှိနဲ့ ကာကွယ်ကြရပါမယ်။ ဒါကလည်း နိုင်ငံရေးမှာ ကိုယ်တိုင် ကိုယ်ကျ ပါဝင်နေခြင်းပါပဲ။

 

နောက်ထပ် နှစ်ပတ်တွေ ထပ်ကာထပ်ကာ တိုးမလာဖို့အတွက် အခုအချိန်ကစပြီး ညွှန်ကြားချက် တွေကို တိတိကျကျ၊ တင်းတင်းရင်းရင်း၊ တစ်သဝေမတိမ်း လိုက်နာကြမယ်ဆိုရင် နောက်မကျသေးပါဘူး။ ဒါမှလည်း မြန်မာနိုင်ငံအတွင်းမှာ ရှိနေကြတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် စင်ကြီး ၁၄ ခုနဲ့အတူ အဲဒီစင်ကြီးတွေမှာ တွယ်ရစ်ယှက်နွှယ်နေကြတဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း တိုင်းရင်းသား နွယ်ရုံကြီးတွေအားလုံး အပူအပင်ကင်းစွာနဲ့ ရှင်သန်ကြရတာ ဖြစ်ပါတယ်။ မိမိနိုင်ငံမှသည် ကမ္ဘာကြီးတစ်ခုလုံး သာယာအေးချမ်းစည်ပင်၊ ကပ်ရောဂါကင်းစင် ကွယ်ပျောက်၊ စိတ်ရောက်တိုင်းကိုယ်ပါ၊ လိုရာပြည့်စုံ ကြပါစေ။ ။