တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော် စက်တင်ဘာ ၂၅

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။ 

အစည်းအဝေးသို့ NCA နှစ်ပတ်လည် အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိ နှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ကော်မတီဝင်များ၊ ဦးစီးကော်မတီတွင် ပါဝင်သည့် ပြည်ထောင်စုဝန်ကြီးဌာနများမှ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဦးစီးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က NCA (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားနှင့်ပတ်သက်၍ မူဝါဒဆိုင်ရာများနှင့် အခမ်းအနားကို လက်တွေ့ကျကျ အဓိပ္ပာယ်ရှိရှိ အလေးအနက်ထား စီစဉ်ကျင်းပသွားမည့် ကိစ္စများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး NCA နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပပြုလုပ်ရေး ဦးစီးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က အခမ်းအနားကျင်းပမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပူးပေါင်းညှိနှိုင်းရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး‌အေးဝင်းက အခမ်းအနား တက်ရောက်သူများ ဖိတ်ကြားရေး၊ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန် ကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း၊ အခမ်းအနားကျင်းပရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က အခမ်းအနားကျင်းပရာတွင် အစီအစဉ်တကျ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တက်ရောက်လာသည့် ပြည်ထောင်စုဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများက မိမိတို့ လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာသူများက လိုအပ်သည်များ အကြံပြု ဆွေးနွေးခဲ့ကြသည်။ 

ယင်းနောက် ဦးစီးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ဆွေးနွေးတင်ပြချက်များ အပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။ NCA (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် အဓိပ္ပာယ်ရှိရှိ အနှစ်သာရ ပြည့်ဝစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  

သတင်းစဉ်