တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် တာဝန်ရှိသူများ နေပြည်တော်သို့ရောက်ရှိ

နေပြည်တော်  ၁၂  အောက်တိုဘာ 

 

နေပြည်တော်၌ကျင်းပမည့် နိုင်ငံတော်အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ သီးသန့်အစည်းအဝေးသို့ တက်ရောက်ရန် ရခိုင် လွတ်မြောက်ရေးပါတီ (ALP)မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါ်စောမြရာဇာလင်း၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) ဒုတိယဥက္ကဋ္ဌ ခွန်မြင့်ထွန်း၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ဦးသံခဲနှင့် ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဝင်း၊ မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုကော်မတီဝင် နိုင်အောင်မငေး ၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး(LDU) ဒုတိယဥက္ကဋ္ဌ ကြာဆော်လမွန်နှင့် တာဝန်ရှိသူများသည် ယနေ့ညနေပိုင်းတွင် နေပြည်တော်သို့ လေကြောင်းခရီး ဖြင့်ရောက်ရှိကြသည်။ 

 

 

အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များအား တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြပြီး ခေတ္တနေထိုင်တည်းခိုမည့် သတ်မှတ်နေရာများသို့ ပို့ဆောင်ပေးကြသည်။ 

 

(သတင်းစဉ်)