တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ နေပြည်တော်သို့ ရောက်ရှိ

နေပြည်တော် ၁၃  အောက်တိုဘာ 

 

နေပြည်တော်၌ကျင်းပမည့် နိုင်ငံတော်အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ သီးသန့်အစည်းအဝေးသို့ တက်ရောက်ရန် ကရင် အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP)၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) နှင့် မွန်ပြည်သစ်ပါတီ (NMSP)တို့မှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များသည် ယနေ့ ညနေပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိကြသည်။

 

 

ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) မှ စောဟဲဆေးနှင့် ချင်းအမျိုးသား တပ်ဦး (CNF) မှ ဆလိုင်းရန်ကူကျုံး၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်( PNLO) နာယက ခွန်ဥက္ကာ၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP) ဗဟိုကော်မတီဝင် ခိုင်ကျော်လှိုင်၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU)ဥက္ကဋ္ဌ ကြာခွန်ဆာနှင့် မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာတို့သည် ယနေ့ ညနေ  ၅ နာရီ ၃၅ မိနစ်တွင် နေပြည်တော်သို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာကြသည်။

 

 

ထို့အတူ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ ကရင်အမျိုးသား အစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA-PC) အတွင်းရေးမှူး ဒေါက်တာနော်ကပေါ်ထူး၊ ဒီမိုကရေစီအကျိုးပြုကရင် တပ်မတော်(DKBA) ဥက္ကဋ္ဌ စောမိုရှေးနှင့် ရခိုင်လွတ်မြောက်ရေးပါတီ (ALP) ဒုတိယဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်တို့သည် ကိုယ်စားလှယ်များနှင့်အတူ ယနေ့ညနေပိုင်းတွင် နေပြည်တော်သို့ မော်တော်ယာဉ်များဖြင့် ရောက်ရှိကြသည်။

 

 

အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များအား တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ခေတ္တနေထိုင် တည်းခိုမည့် သတ်မှတ်နေရာများသို့ ပို့ဆောင်ပေးကြသည်။

 

(သတင်းစဉ်)