တစ်နေ့တာကို လမ်းလျှောက်ခြင်းဖြင့် စတင်ပါ

“စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့” ဆိုတဲ့ သီချင်းစာသားလေးကို ကျွန်တော်တို့ ငယ်ငယ်က အမြဲလိုလို ကြားဖူးကြမယ်လို့ထင်ပါတယ်။ တကယ်တော့ လမ်းလျှောက်တယ်ဆိုတာ ကိုယ်ခန္ဓာရဲ့ အားအင်ကို အများကြီးမကုန်ခမ်းစေဘဲ စိတ်ရော ကိုယ်ပါ ကျန်းမာနုပျိုစေတဲ့ အားကစားနည်းလမ်းတစ်မျိုးပါပဲ။ Gym သွားပြီး အချိန်ကုန်မခံနိုင်တဲ့သူတွေဆိုရင်လည်း လမ်းလျှောက်ပေးခြင်းဖြင့် ခြေသလုံးကြွက်သားတွေကို သန်မာစေပြီး နှလုံးကျန်းမာစေကာ အမောခံသက်လုံကောင်းစေနိုင်ပါတယ်။ 
ဒီအချက်တွေအပြင် လမ်းလျှောက်ခြင်းကနေ ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲဆိုတာကို ပြောပြပေးမယ်နော်။

 

၁။ တစ်နေ့တာအတွက် ခွန်အားကို မြှင့်တင်ပေးတယ်။

 

မနက်ကို စောစောထပြီး အလုပ်မသွားခင်ဖြစ်ဖြစ် လမ်းလျှောက်ကြည့်လိုက်ပါ။ တစ်နေ့တာလုံး စိတ်ကြည်လင်နေပြီး တက်တက်ကြွကြွနဲ့ ကိုယ့်ရဲ့လုပ်ငန်းတာဝန်တွေကို ထမ်းရွက်နိုင်တာကို တွေ့ရမှာပါ။ အများကြီးလျှောက်ဖို့ မလိုပါဘူး။ ကိုယ့်အိမ်နားမှာပဲ မိနစ် ၂၀ လောက် လမ်းဆင်းလျှောက်ပြီး လေကောင်းလေသန့်တွေ ရှူရှိုက်ရုံနဲ့ လုံလောက်ပါတယ်။

 

၂။ စိတ်ကျန်းမာရေးအတွက် အားဆေးတစ်ခွက်ဖြစ်စေတယ်။

 

ဒီအချက်ကိုတော့ ပုံမှန်လမ်းလျှောက်နေကျ သူတော်တော်များများ သိကြမှာပါ။ လမ်းလျှောက်ပြီး ထွက်လာတဲ့ချွေးစလေးတွေနဲ့ လေပြည်လေညှင်း ထိခတ်မိတဲ့ အခိုက်အတန့်မှာ စိတ်ထဲမှာ ညစ်နေသမျှ အရာတွေအကုန် ခဏလောက်မေ့ပျောက်သွားပြီး လောကကြီးက သိပ်ကို အေးချမ်းသလို ခံစားရပါတယ်။ အဲ့လိုပါပဲ၊ ပုံမှန်လမ်းလျှောက်ပေးခြင်းအားဖြင့် တစ်နေ့လုံးမှာ ကြုံလာရမယ့် စိတ်ထိခိုက်စရာ၊ စိတ်ဖိစီးမှုတွေကို ကောင်းကောင်းရင်ဆိုင်နိုင်ဖို့ စိတ်ခွန်အားတစ်ခု ဖြစ်စေမှာပါ။

 

၃။ လမ်းလျှောက်ပေးရုံနဲ့ အားကစားလုပ်ပြီးသားဖြစ်ပါတယ်။

 

အပေါ်မှာပြောခဲ့သလိုပါပဲ။ အားကစားလုပ်ဖို့ အချိန်သိပ်မပေးနိုင်တဲ့သူတွေအတွက် လမ်းလျှောက်ခြင်းဆိုတာ အချိန်မကုန်၊ လူမပင်ပန်း၊ ပိုက်ဆံလည်း မပေးရတဲ့ အကောင်းဆုံးသော အားကစားနည်းလမ်းတစ်ခုပါ။ အဓိက ကိုယ်ခန္ဓာအချိုးအစားကို ပြေပြစ်စေပြီး အဆီပိုတွေကို လောင်ကျွမ်းစေသလို နှလုံးကိုလည်း ကျန်းမာစေလို့ အသက်ရှည်ရှည်နေနိုင်အောင် ကူညီပေးနိုင်ပါတယ်။

 

၄။ ကိုယ်အလေးချိန် ကျစေတယ်။

 

ပြေးတာလောက်တော့ ကယ်လိုရီလောင်ကျွမ်းနှုန်း မများဘူးဆိုပေမယ့် လုံးဝအဆီမကျတာတော့ မဟုတ်ပါဘူးနော်။ လမ်းလျှောက်နေတဲ့အချိန်မှာ ကိုယ်ခန္ဓာရဲ့ ကြွက်သားတော်တော်များများကို အသုံးပြုရပြီး ချွေးထွက်ပြီဆိုတာနဲ့ ကိုယ်ခန္ဓာထဲမှာ မကောင်းတဲ့ ကယ်လိုရီတွေ၊ အဆီပိုတွေ လောင်ကျွမ်းနေပြီဆိုတာ သိနိုင်ပါတယ်။

 

၅။ ကျန်းမာပြီး အသက်ရှည်စေတယ်။

 

လမ်းခဏလျှောက်လိုက်တာနဲ့ ရလာနိုင်တဲ့ကောင်းကျိုးတွေဆိုတာ တစ်ခုပြီးတစ်ခု ဆက်စပ်မှုရှိနေမှန်း သတိထားမိမယ်ထင်ပါတယ်။ အပေါ်မှာပြောထားခဲ့သလိုပဲ နှလုံးကျန်းမာစေတဲ့အတွက် ကိုယ်ခံအားကောင်းစေတယ်။ ကိုယ်ခံအားကောင်းနေတဲ့လူတစ်ယောက်က အလွယ်တကူ မဖျားနိုင်တော့သလို ဝင်လာတဲ့ ရောဂါပိုးတွေကို တိုက်ထုတ်ပေးနိုင်တယ်။ ကိုယ်အလေးချိန်ကျစေလို့ အဝလွန်ခြင်းနဲ့ နောက်ဆက်တွဲ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

 

၆။ ကြွက်သားတွေကို သန်စွမ်းစေတယ်။

 

ခန္ဓာကိုယ်ရဲ့ အောက်ပိုင်း ခါး၊ ခြေသလုံး၊ တင်ပါးနဲ့ ပေါင်တံမှာရှိတဲ့ ကြွက်သားတွေကို သန်မာစေပြီး ကိုယ်နေဟန်ထားကို တည်ငြိမ်စေပါတယ်။

 

၇။ ညဘက်တွေမှာ ကောင်းစွာအိပ်ပျော်နိုင်စေတယ်။

 

ညအိပ်မပျော်တဲ့သူတွေဆိုရင် မနက်စောစော လမ်းထလျှောက်တာမျိုး လုပ်ပေးသင့်ပါတယ်။ အထူးသဖြင့် အသက်ကြီးပိုင်းတွေ၊ ရောဂါကြောင့် သို့မဟုတ် စိတ်ဖိစီးမှုကြောင့် ညဘက်အိပ်မပျော်တဲ့လူငယ်တွေဆိုရင် ပိုပြီးတောင် လျှောက်ပေးသင့်ပါတယ်။ ဒီလိုမကြာခဏလမ်းလျှောက်ပေးတဲ့သူတွေမှာ ညဘက်ကို ကောင်းစွာအိပ်စက်အနားယူနိုင်ပြီး မနက်ခင်းမှာလည်း လန်းဆန်းတက်ကြွစွာနဲ့ နိုးထလာနိုင်တာကို လေ့လာတွေ့ရှိရပါတယ်။

 

လမ်းလျှောက်တယ်ဆိုတာ ကျား၊ မ အသက်အရွယ်မရွေး လုပ်ပေးလို့ရပြီး လွယ်ကူသက်သာတဲ့ အားကစားတစ်မျိုးပါ။ အရမ်းကြီးလည်း အားစိုက်ထုတ်စရာမလိုဘဲ ချွေးအလွယ်တကူ ထွက်နိုင်တဲ့အတွက် ကိုယ်တွင်းမှာရှိတဲ့ အပူအပုပ်တွေကိုလည်း ကျစေနိုင်တယ်နော်။ ချွေးထွက်ပြီဆိုတာနဲ့ ကိုယ်ခန္ဓာက အေးမြသွားပြီး ကုန်ဆုံးသွားတဲ့ရေဓာတ်အတွက် ရေများများသောက်ပေးနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့။

 

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”