တစ်နေ့တာအတွက် အရေးပါတဲ့ မနက်စာကိုဘာတွေစားကြမလဲ

ခန္ဓာကိုယ်ကျန်းမာပြီး အားပြည့်နေစေဖို့က အိပ်ရာကနေနိုးလာပြီး မနက် ၉ နာရီမတိုင်ခင်မှာ မနက်စာစားဖို့လိုပါမယ်။ ဒီလိုမှလည်း ခန္ဓာကိုယ်က တစ်နေ့တာလုံးမှာ အားအင်ပြည့်ဝစွာနဲ့ လှုပ်ရှားသွားလာနိုင်မှာဖြစ်ပါတယ်။ ဒီတော့ တစ်နေ့တာအတွက် အရေးပါတဲ့ မနက်စာကို ဘာတွေများစားကြမလဲ။ မနက်စာကို အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ မနက်စာဖြစ်အောင် ဘာတွေစားမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမျာ ဖတ်ကြည့်လိုက်ပါ။

 

အကောင်းဆုံးသော မနက်စာ

မနက်ကို အကောင်းဆုံးသောအရာတွေနဲ့စတင်ဖို့ဆိုရင် မနက်စာကိုလည်း ကောင်းမွန်ပြည့်ဝစွာ စီစဉ်တတ်ဖို့လိုပါမယ်။ ဒီတော့ မနက်စာကို ဘာတွေစားမလဲ…

မုန့်ဟင်းခါး – ငါး၊ ဆန်မှုန့်၊ ပဲမှုန့်တို့နဲ့ အဓိကချက်ထားပြီး ဆန်ကနေလုပ်ထားတဲ့ မုန့်ဖတ်နဲ့တွဲဖက်စားသုံးရတဲ့ မုန့်ဟင်းခါးမှာ ကစီဓာတ်၊ ပရိုတင်း နဲ့ ဗီတာမင်တွေပြည့်ဝစွာပါဝင်နေတာကြောင့် အာဟာရပြည့်ဝစေမှာပါ။

 

ထမင်းကြော်

ထမင်းက ခန္ဓာကိုယ်အတွက်လိုအပ်မယ့် ကစီဓာတ်ကိုပေးစွမ်းနိုင်သလို ထမင်းကြော်ကို အသား၊ ပဲပြုတ်၊ ကြက်ဥတို့နဲ့ တွဲဖက်စားသုံးမယ်ဆိုရင် ပရိုတင်း၊ ဗီတာမင် D နဲ့ အမျှင်ဓာတ်တွေကိုပါရရှိစေနိုင်မှာပါ။

 

ကော်ဖီ နဲ့ ပေါင်မုန့်မီးကင်

ကော်ဖီက ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတာကြောင့် နှလုံးကျန်းမာစေနိုင်သလို လန်းဆန်းမှုကိုပါရရှိနိုင်မှာပါ။ ပေါင်မုန့်ဆိုတဲ့နေရာမှာလည်း ပေါင်မုန့်အဖြူထက် ဂျုံကြမ်းနဲ့လုပ်ထားတဲ့ ပေါင်မုန့်တွေက အမျှင်ဓာတ်ကြွယ်ဝနေမှာဖြစ်တာကြောင့် အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။

 

Oatmeal

အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေသလို သံဓာတ်၊ ဖောလိတ် နဲ့ အခြားသောဗီတာမင်၊ သတ္တုဓာတ်တွေကြွယ်ဝစွာ ပါဝင်နေတာကြောင့် အစာခြေစနစ်ကိုကျန်းမာစေသလို နှလုံးကိုလည်း ကျန်းမာစေနိုင်ပါတယ်။ သွေးတွင်းကိုလက်စထရော ကျစေနိုင်မယ့် မနက်စာပါ။

 

ဂျုံခေါက်ဆွဲပြုတ်

 မနက်ခင်းမှာ ကြက်စွပ်ပြုတ်ပူပူလေးထဲကို ဂျုံခေါက်ဆွဲထည့်ပြုတ်ပြီးစားပေးတာက ပရိုတင်း( အသားဓာတ်) အပြင် ကစီဓာတ်ကိုပါရရှိစေနိုင်ပါတယ်။ အသီးအရွက်တွေပါထည့်ပြီး စားသုံးမယ်ဆိုရင် အစာခြေစနစ် ကျန်းမာစေမယ့် အမျှင်ဓာတ်ကိုပါရရှိစေမှာပါ။

 

ခေါက်ဆွဲကြော်၊ ကြာဇံကြော်

ဆန်နဲ့လုပ်ထားတဲ့ ကြာဇံ၊ ဂျုံနဲ့လုပ်ထားတဲ့ ခေါက်ဆွဲတို့ကို အသား၊ အသီးအရွက်၊ ကြက်ဥတို့နဲ့တွဲစပ်မှုက အရသာရှိရုံတင်မဟုတ်ဘဲ ပရိုတင်း (အသားဓာတ်)၊ ကစီဓာတ်၊ အရိုးတွေကိုသန်မာစေနိုင်တဲ့ ဗီတာမင် D နဲ့ အစာခြေစနစ်ကို ကျန်းမာစေနိုင်တဲ့ အမျှင်ဓာတ် တို့ကိုပါရရှိစေနိုင်မှာပါ။

 

နွားနို့ နဲ့ ကွတ်ကီး

နွားနို့မှာ ပရိုတင်း (အသားဓာတ်)၊ အရိုးနဲ့သွားတွေကြံ့ခိုင်စေတဲ့ ကယ်လ်ဆီယမ်၊ ခန္ဓာကိုယ်ကျန်းမာဖို့လိုအပ်တဲ့ ရေဓာတ်အပြင် အခြားအရေးပါတဲ့ အာဟာရဓာတ်များစွာပါဝင်နေပါတယ်။ နွားနို့ကို အုတ်ဂျုံနဲ့လုပ်ထားတဲ ့ကွတ်ကီးနဲ့တွဲဖက်မှုက နှလုံးကျန်းမာစေပြီး သွေးတိုးနဲ့ ဆီးချိုကိုပါ အထိရောက်ဆုံးဟန့်တားပေးနိုင်တဲ့ မနက်စာဖြစ်လာစေမှာပါ။ အကြောင်းကတော့ အုတ်ဂျုံမှာ သွေးအားကောင်းစေတဲ့ သံဓာတ်၊ ကော့ပါး၊ ဗီတာမင် B1၊ ဗီတာမင် B5 တို့ပါဝင်နေတာကြောင့် အာဟာရပြည့်ဝပြီး ကျန်းမာတဲ့မနက်စာဖြစ်စေမှာပါ။

 

ကဲ..မနက်ခင်းလေးကို အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မနက်စာလေးနဲ့ စတင်လိုက်ကြရအောင်လား……….

 

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”