တစ်ကိုယ်ရေမိခင်များနှင့် မွေးကင်းစကလေးငယ်များ စောင့်ရှောက်ထားရှိမှု စကားသံများ

အပြင်တွင် မိုးသည်းနေသော်လည်း အိမ်ထဲတွင် နွေးနွေးထွေးထွေး ခြောက်ခြောက်သွေ့သွေ့။ မွေးကင်းစနှင့် လသားအရွယ် ကလေးငယ်လေးများကို အိမ်ရှေ့ခန်းတွင် စီတန်း၍ တွေ့ရသည်။ အသံလာရာဆီသို့ မော့ကြည့်နေသည့် ကလေးငယ်လေးများရှိသလို နှစ်နှစ်ခြိုက်ခြိုက် ခြေပစ်လက်ပစ် အိပ်ပျော်နေသည်လည်းရှိသည်။ သူတို့ကြားနေကျ အသံများမဟုတ်၍ ထူးဆန်းနေ၍လားမသိ ကလေးတစ်ဦိးက “ဝါး ” ခနဲအော်ငိုနေပြီး ကောက်ချီလိုက်ရာ ချက်ချင်းပင် အငိုတိတ်သွားသည်။ နောက်မှသိရသည်မှာ လက်ကြိုက်နေသူကလေးဖြစ်ပြီး နာမည်မှာ ဘုတ်ဆုံ၊ တစ်လပင်မပြည့်သေး ရက်သားကလေးလေးဖြစ်သည်။

 

 

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် မြင့်မိုရ်မေတ္တာခိုနားရာ ဂေဟာတွင် ဖြစ်ပြီး ကလေးငယ်ကလေးများကို ယခုကဲ့သို့ တွေ့မြင်ရခြင်းဖြစ်သည်။ မြင့်မိုရ်မေတ္တာခိုနားရာ ဂေဟာသည် ခင်ပွန်းသည်မရှိသည့် တစ်ကိုယ်ရေမိခင်များကို ကိုယ်ဝန်ဆောင်ချိန်မှ မွေးဖွားပြီးသည်အထိ ပြုစုစောင့်ရှောက်မှုပေးနေသည်။ တည်ထောင်သူမှာ ဒေါက်တာမြတ်စန္ဒာသန့်ဖြစ်ပြီး ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းဝင်တစ်ဦးလည်းဖြစ်သည်။

 

 

ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုဖြင့် ၂၀၁၇ ခုနစ် ဧပြီလက စတင်ဖွဲ့စည်းခဲ့ပြီး အသိပညာပေးလုပ်ငန်းစဉ်များ၊ ရင်ခွင်မဲ့ကလေးငယ်များ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ နှင့် တစ်ကိုယ်ရေမိခင်များကို ပြုစုစောင့်ရှောက်သော လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိသည်။

 

 

ယမန်နေ့ မွန်းလွဲပိုင်းက ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း အတွင်းရေးမှုး ပါမောက္ခ ဒေါက်တာမြသီတာ ဦးဆောင်သည့် အဖွဲ့ဝင် ၅ ဦးပါဝင်သောအဖွဲ့သည် မြင့်မိုရ်မေတ္တာခိုနားရာ ဂေဟာရှိ တစ်ကိုယ်ရေမိခင်များနှင့် မွေးကင်းစကလေးငယ်များ စောင့်ရှောက်ထားရှိမှုတို့ သွားရောက်ကြည့်ရှုပြီး ကူညီစောင့်ရှောက်မှု များ တိုးချဲ့နိုင်ရေးနှင့် ပိုမိုထိရောက်စွာ  ဆောင်ရွက်နိုင်ရေး၊ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်ရေးတိုို့ကို ဆွေးနွေးခဲ့ကြသည်။

 

 

ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းအတွင်းရေးမှုး ပါမောက္ခ ဒေါက်တာမြသီတာနှင့် အသင်းအဖွဲ့ဝင်တစ်ဦးဖြစ်သော မြင့်မိုရ်မေတ္တာခိုနားရာ ဂေဟာတည်ထောင်သူ ဒေါက်တာ မြတ်စန္ဒာသန့် တို့၏  စကားသံများကို စုစည်း ဖော်ပြလိုက်ပါသည်။

 

 

 

 

ပါမောက္ခ ဒေါက်တာမြသီတာ

 

ကျွန်မတို့ အဖွဲ့က ပြီးခဲ့တဲ့နှစ်က စတင်ဖွဲ့စည်းခဲ့ပါတယ်။ ၂၀၁၇ ခုနစ် ဧပြီလလောက်မှာ ပထမအကြိမ် အစည်းအဝေးလုပ်တာပါ။ ဒီအဖွဲ့ကြီး  ဖြစ်ပေါ်လာတာကလည်း မကြာခဏ ကလေးစွန့်ပစ်တာတွေ၊ ပရဟိတဂေဟာတွေနဲ့ ဆေးရုံတွေမှာ စွန့်ပစ်တာများလာတာတဲ့အခါ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ အစ်မကြီး ဒေါ်အောင်ဆန်းစုကြည်က ဒီကလေးတွေကိစ္စကို အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းဖို့လိုပြီ။ အဲဒီတော့ ဝိုင်းဝန်းလုပ်ကြပါလို့ တာဝန်ပေးလာတဲ့အတွက် ၂၀၁၇ ခုနစ် ဧပြီလလောက်ကစပြီး လုပ်ငန်းတွေစခဲ့ကြတယ်။ မလိုချင်တဲ့ ကိုယ်ဝန်မရအောင်ကာကွယ်ဖို့အတွက် အသိပညာပေး လုပ်ငန်းတွေ လုပ်ဖို့ သြဂုတ်လမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးမှ လူငယ် ၃ ဦးစီပါဝင်သော နည်းပြသင်တန်းကို ပြုလုပ်ခဲ့ပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးမှာ ဆက်လက်ပြီး လုပ်ဖို့က သိပ်ပြီးအင်အား မတောင့်တင်းသေးတဲ့ အတွက် ကျွန်မတို့ ဗဟိုအဖွဲ့ကပဲ ပြည်နယ်နဲ့ တိုင်းတွေမှာ လှည့်ပတ်ပြီး အသိပညာပေးလုပ်ငန်းတွေကို လုပ်ပါတယ်။ ပထမဆုံးက ရန်ကုန်မှာ ကျင်းပတဲ့ လူငယ်ပွဲတော်၊ မကွေး၊ မော်လမြိုင်နဲ့ ရန်ကုန် ပြည်သူ့ရင်ပြင်မှာ စုစုပေါင်း ၄ ကြိမ်ပြုလုပ်ခဲ့ပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ဒါကို ဆက်လက်ဆင့်ပွားအနေနဲ့ လုပ်ဖို့ဆိုတာက ကျွန်မတို့ လက်လွှဲထားခဲ့ဖို့ အသင်းအဖွဲ့က မရှိဘူး။ အဲဒါနဲ့ အခု ကျွန်မတို့ ပြည်နယ်နဲ့ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် အသင်းတွေ ဖွဲ့စည်းဖို့ကြိုးစားနေပါတယ်။ ပြည်သူထဲက ပြည်သူ့ခွန်အားကို အသုံးပြုပြီး ပြည်သူတွေကို ပြန်ပြီးပံ့ပိုးနိုင်ဖို့ ကြိုးစားနေတဲ့ အသင်းတစ်ခုဖြစ်ပါတယ်။ 

 

 

ရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း (ဗဟို)အဖွဲ့က အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဒေါက်တာမြတ်စန္ဒာသန့်ရဲ့ ရင်ခွင်မဲ့အဖြစ်ကိုရောက်နိုင်တဲ့ တစ်ကိုယ်ရေမိခင်တွေကို စောင့်ရှောက်ပေးနိုင်တဲ့ မြင့်မိုရ်မေတ္တာ ခိုနားရာဂေဟာကို လာပြီးလေ့လာတာပါ။  လေ့လာရင်းနဲ့ ပံ့ပိုးလို့ရတာကို ပံ့ပိုးပေးမယ်။ ဒေါက်တာမြတ်စန္ဒာသန့်ကလည်း ကျွန်မတို့ အဖွဲ့ဝင်တစ်ယောက်ပါ။ အဖွဲ့ဝင် တစ်ယောက် ဖြစ်တဲ့အတွက် ဒီလုပ်ငန်းစဉ်ကလည်း ကျွန်မတို့ လုပ်ရမယ့် လုပ်ငန်းစဉ်တွေထဲက လုပ်ငန်းစဉ်တစ်ခုပါ။ ရင်ခွင်မဲ့ကလေးငယ်များ လျော့ချဖို့မှာ  ရင်ခွင်မဲ့ ဖြစ်နိုင်ချေရှိသော မိခင်များပေါ့၊ အဲဒါတွေကတော့ တစ်ကိုယ်ရေမိခင်များပေါ့။ တစ်ကိုယ်ရေမိခင်တွေက ကိုယ့်ရဲ့ လူမှုရေးအခက်အခဲတွေနဲ့ ကိုယ့်သားသမီးကို မစွန့်လွတ်ချင်ဘဲ စွန့်လွတ်ရတာတွေ အများကြီးရှိတယ်ဆိုတော့ ဒီလူတွေကို ဒေါက်တာမြတ်စန္ဒာသန့် ပြုစုသလိုပဲ မမွေးခင်၊မွေးဖွားစဉ်နဲ့ မွေးပြီး ၄၅ ရက်အထိ စောင့်ရှောက်မှုတွေ ပေးရင်း ဒီအမေတွေသည် ကိုယ့်ကလေးကို မစွန့်ပစ်ဘဲ လောကဓံကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး ကိုယ့်ရင်ခွင်မှာပဲ မွေးမြူခြင်းဖြင့် ရင်ခွင်မဲ့တွေ လျော့ကျသွားမှာဖြစ်ပါတယ်။ သူတို့တွေသည် ဘဝမှာ အဆိုးရွားဆုံးအခက်အခဲတွေ ကြုံတွေ့ရတဲ့အချိန်ပေါ့။ အဲဒီအချိန်မှာ ကျွန်မတို့ တိုင်းပြည်ရဲ့ ဓလေ့ထုံးတမ်းအစဉ်အလာအရ စောင့်ရှောက်တာထက် ပြစ်တင်ပြောဆိုတယ်။ ကိုယ့်မိသားစုကိုယ်တိုင်က ပြစ်တင်ပြောဆို ဆူပူတယ်။သူငယ်ချင်း  အပေါင်းအသင်း၊မိတ်ဆွေတွေကလည်း တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး ပြောဆိုတယ်။ အဲဒီအချိန်ခါမျိုးမှာ သူတို့တွေ ခံစားနေရတယ်။ တစ်ချို့လည်း သတ်သေချင်လောက်ကို ဖြစ်ခဲ့ကြတယ်။ တစ်ချို့လည်း သတ်သေသွားကြတယ်ပေါ့နော်။ အဲလိုအခြေအနေမျိုးမှာ ဒီလိုအတိဒုက္ခရောက်နေတဲ့ အမေတွေကို မြန်မာပြည်သူ ပြည်သားအချင်းချင်း၊ ပြည်သူက ပြည်သူကို ကူညီဖေးမစောင့်ရှောက်ပေးခြင်းအားဖြင့် သူတို့ကို စိတ်ဓါတ်ခွန်အားတွေ ပေးမယ်။ ရုပ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုတွေလုပ်ပေးမယ်။ စိတ်ပိုင်းဆိုင်ရာစောင့်ရှောက်မှုတွေ လုပ်ပေးခြင်းအားဖြင့် ကလေးကို မစွန့်ပစ်ရအောင် မိဘရင်ခွင်မှာပဲ ကြီးပြင်းရအောင်ပေါ့။ အခုလာကြည့်လိုက်တဲ့အခါ ကလေးတွေသည် တကယ့် သန့်သန့်ပြန့်ပြန့် သန့်သန့်ရှင်းရှင်းနဲ့ ခြင်ကိုက်ရာ တစ်ခုမရှိတဲ့ ကလေးလေးတွေဖြစ်လာတယ်။ အခုအချိန်မှာ ဒီလိုအခြေအနေ ကြီးလာခြင်းအားဖြင့် နိုင်ငံ့သားကောင်းတွေဖြစ်လာနိုင်မယ်။ အဲလိုမဟုတ်ဘဲ မိဘရင်ခွင်မဲ့သွားပြီ ဆိုကတည်းက ဒီကလေးတွေသည် အသက်ရှင်ရပ်တည်ဖို့က သိပ်မလွယ်တော့ဘူး။အဲဒါအပြင် စောင့်ရှောက်ခံပိုင်ခွင့်ဆိုတာ သူတို့ကို စောင့်ရှောက်မယ့်သူသည် အမေအရင်းတော့မဟုတ်တော့ဘူး။ သူတို့ကို စောင့်ရှောက်ပေးမယ့်သူက အမေအရင်းကဲ့သို့ စောင့်ရှောက်တယ်ဆိုတာ ရဖို့သိပ်ခဲယဉ်းပါတယ်။ အဲဒီမှာမှ ဖွံ့ဖြိုးတိုးတက်ခွင့်ဆိုတာ ဒီမှာ ကလေးလေးတွေသည် နှစ်လ၊သုံးလ အထိုက်အလျောက်သူတို့ ဖွံ့ဖြိုးတိုးတက်နေပြီ၊ ခေါင်းလေးတွေထောင်နေပြီ။ မြူလိုက်ရင် ရီပြတတ်နေပြီ။ ဒီလို ဖွံ့ဖြိုးတိုးတက်လာတာသည် ပုံမှန် မိခင်ရဲ့ စောင့်ရှောက်မှုရလို့ပါပဲ ။ မိခင်ရဲ့စောင့်ရှောက်မှု မရဘဲ မေတ္တာငတ်နေတဲ့ ကလေးတွေရဲ့ ဖွံ့ဖြိုးမှုကတော့ ဒီလိုမျိုးလာမှာ မဟုတ်ဘူး။အမြဲတမ်း မေတ္တာငတ်နေတဲ့ အတွက်ကြောင့် ဒေါသတွေ ဖြစ်နေမယ်။ စိတ်တွေဆိုးနေမယ်။ ရန်လိုနေမယ်။ ဒီ ကလေးလေးတွေကြီးပြင်းလာရင် ကျွန်မတို့ တိုင်းပြည်အတွက် တကယ့်ကို စိ်တ်ပူရတဲ့ အခြေအနေပေါ့။ ဒါကြောင့် ဒီလုပ်ငန်းက တကယ်ကို လုပ်သင့်တဲ့ လုပ်ငန်းဖြစ်ပါတယ်။ ဒီမှာဆိုရင် အများစုကို ကြည့်လိုက်ရင် ဒီလို ဒုက္ခမျိုးစုံက လာတယ်။ အချင်းချင်း မျှဝေခံစားခြင်းနဲ့ သူတို့က စိ်တ်ဓါတ် ခွန်အားတွေရလာတယ်။ ဒီကစောင့်ရှောက်ခြင်းနဲ့ အမြဲတမ်းအားပေးနေတဲ့အတွက် သူတို့တွေ ပျော်ပျော်ပါးပါးနေကြတယ်။ ဒါပေမယ့် ကျွန်မတို့ အလုပ်က သူတို့တွေ ၄၅ ရက်ပြည့်ပြီးရင် ဒီအမေတွေ ရပ်တည်နိုင်ဖို့ ကျွန်မတို့ ဆက်လက်စောင့်ရှောက်ရပါအုံးမယ်။ သူတို့တွေ အလုပ်အကိုင်ရရှိရေး၊ သူတို့ ကျွမ်းကျင်မှု မြင့်မားလာရေး၊ စိတ်ဓါတ်ပိုမိုကြံ့ခိုင်လာရေး ၊ ဒါတွေ ကျွန်မတို့ အဖွဲ့တွေက ဆက်လက်လုပ်ပေးမှာပါ။ ဒီလုပ်ငန်းကို မြန်မာပြည်အနှံ့အပြားမှာ လိုအပ်ရင်လိုအပ်တဲ့ နေရာတွေမှာ ကျွန်မတို့ အဖွဲ့တွေက ဆက်လက်ပြီး လုပ်သွားဖို့ရှိပါတယ်။ ဒီနေ့ လာရတာ ရှေ့လုပ်ငန်းစဉ်အတွက် အလုပ်တွေ အများကြီးပေါ်သလို ဒီလုပ်ငန်းအတွက်လည်း နှစ်ထောင်းအားရဖြစ်မိပါတယ်။ 

 

 

 

 

မြင့်မိုရ်မေတ္တာခိုနားရာ ဂေဟာ တည်ထောင်သူ ဒေါက်တာမြတ်စန္ဒာသန့် 

 

မြင့်မိုရ်မေတ္တာခိုနားရာ ဂေဟာကို ဂေဟာအနေနဲ့ တည်ထောင်တာက တစ်နှစ်ကျော်ပဲရှိပါသေးတယ်။ မြန်မာတစ်နိ်ုင်ငံလုံးက လာကြတယ်။ ထားဝယ်၊ လားရှိုး၊ ရှမ်းပြည်နယ် တောင်ပိုင်းဖက်တွေက လာကြတယ်။ တက္ကသိုလ်လာ တက်ကြတယ်၊ ကျောင်းသားအချင်းချင်းတွေ့တယ်၊ ကြိုက်တယ်၊ ညားတယ်ပေါ့၊ အဲလိုကနေ ကောင်လေးတာဝန်မယူလို့ ကိုယ်ဝန်နဲ့ကျန်ခဲ့ပြီးတော့ ဒီမှာလာမွေးကြတယ်၊ ပြီးတော့ စက်မှုဇုန်က အလုပ်သမလေးတွေ၊ တစ်နိုင်ငံလုံးကနေ စက်မှုဇုန်တွေမှာလာပြီး အလုပ်လုပ်ကြတယ်။ အချင်းအချင်း တစ်ယောက်နဲ့တစ်ယောက် သိပ်မသိဘဲ ကြိုက်ကြတယ်။ ညားကြတယ်။ ပြီးတော့ ကောင်လေးပစ်ပြေးတယ်။ အဲဒါမျိုးဆို လာမွေးကြတာများပါတယ်။  အခုလက်ရှိအချိန်မှာတော့ ၁၅ ဦးလောက်ရှိပါတယ်။ မမွေးခင် ၉ ယောက်၊ မွေးပြီး ၆ ယောက်ပါ။ ပြီးတော့ မွေးထားတဲ့ကလေး ၇ ယောက်ရှိပါတယ်။ 

 

 

ထွေထွေထူးထူး စည်းကမ်းချက်မရှိဘူး၊ ဒီမိန်းကလေးသည် ခင်ပွန်းသည်မရှိကြောင်းကို မိဘက သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင်နဲ့ ကိုင်ပြီးတော့ အာမခံပေးရတယ်။ မိဘ မရှိတဲ့သူဆိုရင် အလုပ်ရှင် (သို့မဟုတ်) ရပ်မိ၊ရပ်ဖက လာပြီး အကူအညီတောင်းရင် စားရိတ်ငြိမ်း ကူညီပေးတယ်။ နေစရိတ်၊စားစရိတ်၊ မွေးစရိတ် အကုန်ငြိမ်းပါတယ်။ သန်လျင်ဆေးရုံက ကိုယ်ဝန်ဆောင်တွေကို ပြုစုစောင့်ရှောက်ပေးတယ်။ သန်လျင်ဆေးရုံမှာမွေးတယ်။ အမက ခဏ ဒီဂေဟာရဲ့  အိမ်ထောင်ဦးစီးအနေနဲ့ တာဝန်ယူထားတယ်။ သူတို့ ကိုယ်ဝန်ရလာတဲ့အတွက် မနှိ်မ်ချဘူး၊ ပင့်ထားစရာလည်းမလိုဘူး။ ပင့်ထားတယ်ဆိုရင်လည်း ကလေးတွေက လမ်းမှားရောက်သွားနိုင်တယ်။ သူတို့ကို ပုံမှန်မိန်းမတစ်ယောက်အနေနဲ့ ဆက်ဆံပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်တဲ့အတွက် အမတို့ဂေဟာမှာ အားလုံးက ခွဲဝေလုပ်ကိုင်ကြတယ်။ စုပေါင်းတာဝန်ယူကြတယ်။ အဲဒီစနစ်နဲ့ ပဲ လည်ပတ်တာပါ။ 

 

 

ပညာယူတတ်ရင်တော့ ပညာရစရာ ရှိပါတယ်။ မြန်မာအမျိုးသမီးလေးတွေအနေနဲ့ ဒီလိုအဖြစ်မျိုးတွေ ကြုံတတ်နေပြီဆိုတာ မိဘတွေ သတိထားစေချင်တယ်။ကိုယ့် သား၊သမီးတွေကိုလည်း မျိုးဆက်ပွား ကျန်းမာရေး ပညာပေးတွေ သင်ပေးစေချင်တယ်။ ခေတ်ရေစီးကြောင်းကို တားလို့မရတော့တဲ့အနေအထားမှာ ဘယ်လို အလိုက်သင့် စီးမြောမလဲ။ ဘယ်လိုစီးမြောရင် သက်တောင့်သက်တာနဲ့ အကောင်းဆုံးဖြစ်မလဲ ဆိုတာကို မိဘတိုင်း၊ ယောကျာ်းလေးတိုင်း၊ မိန်းကလေးတိုင်း တာဝန်ယူရတော့မယ်၊ ကိုယ့်တာဝန်ကို ကိုယ်ယူရတော့မယ်။ ပြီးတော့ အခုခေတ်မှာ ယောကျာ်းလေး တွေရဲ့ ပြောစကားရှိသေးတယ်။ ကျွန်တော်တို့ အချင်းချင်း နှစ်ဦးနှစ်ဖက်မျှလို့ ဒီလို စည်းကျော်ခဲ့ကြတာပါဆိုပြီးတော့၊ အဲဒါကို ယောကျာ်းလေးအများစုက သူတို့ရဲ့ ( Right ) ရပိုင်ခွင့်လို့ ယောကျာ်းလေး အများစုက ထင်နေတယ်။ ( Right ) ရှိပြီးရင် အခွင့်အရေးဆိုပြီးရင် (Responsible)တာဝန်ယူမှု ရှိရမယ်။ ဒီ( Right ) ကို ယူပြီးရင် နောက်မှာ Responsible ကို ယူရမယ်ဆိုတာ သူတို့နားလည်ရမယ်။ တာဝန်ယူမှု မရှိဘူးဆိုရင် အမကတော့သတ်မှတ်တယ်။ ဒါသည် မုဒိန်းမှုပဲ ဖြစ်တယ်။ သမီးရည်းစား၊ ခေတ်ရေစီးကြောင်းသွားကြတယ်။ ချိန်းကြတယ်။ အမတို့ဒါကို သွားတားလို့ မရတော့ဘူး။ ဒါပေမယ့်  တာဝန်ယူမှု ရှိအောင်တော့ သားယောကျာ်းလေးကို သင်ပေးရအုံးမယ်။ ထိန်းသိမ်းတတ်ဖို့တော့ သမီးမိန်ကလေးကို သင်ပေးရအုံးမယ်ဆိုတာ မိဘတွေကိုလည်း နှိုးဆော်ချင်ပါတယ်။ 

 

 

မွေးကင်းစကလေးက မွေးခါစမှာ စွန့်ပစ်ဖို့က အတော်လွယ်ပါတယ်။ အမဆီမှာ လာတဲ့ မိန်းကလေးတိုင်းသည်  မမွေးခင်မှာ ဒီကလေးကိုယူသွားဖို့ အစီအစဉ်လုံးဝမရှိဘူး။ ဒီမှာလာမွေးမယ်။ ပြီးတော့ထားခဲ့လို့ ရတယ်ဆိုလို့ လာမွေးကြတာ။ ဒါပေမယ့် အမတို့မှာက ကလေးမွေးပြီးရင် မိခင်နို့တိုက်ပါ့မယ်ဆိုတဲ့ ကတိတစ်ခုပေးရတယ်။ မိခင်နို့တိုက် နေတဲ့ အချိန်မှာ ဒီမိန်းကလေးမှာ လုပ်စရာ အလုပ်တစ်ခုပဲရှိတယ်။ ဒီကလေးမျက်နှာလေးကို ငုံ့ကြည့်ကြတယ်။ အဲဒီမှာ အနိုင်ရသွားတာပဲ။ အမေနို့ တိုက်ရတယ်။ သူကိုယ်တိုင်ပြုစုရတယ်။ အဲဒီအချိ်န်မှာ သူသည် စိတ်လက် အေးချမ်းနေတယ်။သူ့ကို ဝိုင်းပြီး လက်ညှိုးထိုးတဲ့သူ အမတို့ ပတ်ဝန်းကျင်မှာ မရှိဘူး။ သူစိတ်လက်အေးအေးချမ်းချမ်းနဲ့ အမေနို့တိုက်နေတုန်းမှာ သူ့ကလေးအတွက် သူစဉ်းစားမယ်။ မိခင်နဲ့ ကလေးရဲ့ သံယောဇဉ်စိတ်ကို အချိန်အတိုင်းအတာ တစ်ခုနဲ့ မိခင်နို့ကနေ နှိုးဆော်တာ။ အဲဒီအချိန်မှာ သူမစွန့်ပစ်နိုင်တော့ဘူး။ ဒီကြားထဲမှာ အဖိုးအဖွားတွေက သူတို့သမီး မီးဖွားနေတဲ့အခါမှာလာပြီး ကြည့်တယ်။ ဘယ်သူနဲ့တူတယ်။ ဆိုတဲ့ အတွေးလေးရတယ်။ အဲဒီအခါမှာ အဖိုး အဖွားတွေရဲ့ သံယောဇဉ်ကလည်းရတယ်။ အမေလုပ်သူက မလိမ္မာလို့ ခက်ခက်ခဲခဲ လူဖြစ်လာရတဲ့ ဒီကလေး အဖိုးနဲ့ အဖွားက ကောင်းရင် ပတ်ဝန်းကျင်က မပစ်ပယ်ပါဘူး။ ဒီကလေးတစ်ယောက် ငါ့အိမ်မှာမရှိမှဖြစ်မယ်ဆိုတဲ့ အတွေးဝေးသွားတယ်။ အမတို့ ဂေဟာရောက်ပြီးမှ  ဒီကလေးသည်  ငါတို့ အိမ်က ကလေးပဲဆိုတာ ဆင်ခြင်နိုင်တဲ့ အချိန်အတိုင်းအတာတစ်ခုကို အမတို့က ဆွဲဆန့်ပေးလိုက်တာ၊ သွေးအေးသွားအောင် သံယောဇဉ်ကို ပြန်နှိုးဆွပေးလိုက်တာ၊ အဲဒီအနေအထားလေးနဲ့ ကလေးတွေကို အမတို့က အိမ်ပြန်ပို့ပေးတယ်။ အိမ်ပြန်ရောက်စေတယ်။ တကယ်လို့ အိမ်ပြန် မရောက်ဘူး ဆိုတဲ့ ကလေးတွေကိုတော့ ပေးမယ့်ကလေးနဲ့ ယူမယ့် မိဘကို တွဲပြီး လူကယ်ပြန်ကို သွားအပ်လိုက်တယ်။ ဒီကလေးကိုအပ်တယ်။ ယူမယ့်မိဘသည် လူကယ်ပြန် ပြန်ပြီးမွေးစားတယ်။ ဒီကလေး ဒီမိဘက မွေးစားသွားတယ်။ နိုင်ငံတော်ကလည်း အသိအမှတ်ပြုတယ်။ကလေးတွေ ရင်ခွင်သစ်လည်းရရှိစေတယ်။ ကျန်ခဲ့ရင်တော့ ရင်ခွင်သစ်ရရှိရေးကို ဦးစားပေးတယ်။ တကယ် ဦးစားပေးတာသည် မိခင်ဆီ ပြန်ပါစေရေး၊ မိသားစုအသိုင်းအဝန်းက မစွန့်ပစ်ရေးကို ဦိးစားပေးတာပါ။  

 

တွေ့ဆုံမေးမြန်း- နန္ဒာဝင်း၊ ဓါတ်ပုံ- ဇော်မင်းလတ်