တစ်ကိုယ်လုံးအနှိပ်ခံခြင်းက ကျန်းမာရေးအတွက် အကျိုးပြုရဲ့လား

တစ်ကိုယ်လုံးအနှိပ်ခံခြင်းက ကျန်းမာရေးအတွက် အကျိုးပြုရဲ့လား

 

ခန္ဓာကိုယ် တစ်ကိုယ်လုံး အနှိပ်ခံတာကို ကြိုက်တဲ့သူဆိုရှိသလို မကြိုက်တဲ့သူလည်း ရှိပါတယ်။ တစ်နေ့တာ ညောင်းညာ မောပန်းသမျှကိုပြေလျှော့ဖို့ တော်တော်များများကတော့ အနှိပ်ခံကြပါတယ်။ အိမ်မှာရှိတဲ့သူတွေကို နှိပ်ခိုင်းတာပဲဖြစ်ဖြစ် spa မှာ နှိပ်တာပဲဖြစ်ဖြစ် ကျန်းမာရေးကို အကျိုးပြုပါတယ်။ အကြော၊ အရိုးတွေ မထိခိုက်အောင်တော့ နှိပ်နယ်ပေးဖို့ လိုပါတယ်နော်။ ခန္ဓာကိုယ်တစ်ကိုယ်လုံး အနှိပ်ခံတာက အညောင်းညာပြေဖို့တင် မဟုတ်ဘဲ တခြားကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ပေးစွမ်းနိုင်ပါသေးတယ်။ ဘာတွေလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။

 

(၁) ခန္ဓာကိုယ် တစ်ကိုယ်လုံး စနစ်တကျ နှိပ်နယ်ခြင်းက ကြွက်သားတစ်ရှူးတွေ ပျက်စီးခြင်းကြောင့်ဖြစ်တဲ့ နာကျင်ခြင်းတွေကို သက်သာစေပါတယ်။ ဒါ့အပြင် ကြွက်သားတွေကောင်းမွန်စေဖို့ အောက်ဆီဂျင်နဲ့ တခြားအာဟာရတွေ တိုးပွားစေဖို့သွေးလည်ပတ်မှု ကောင်းအောင်လည်း အထောက်အကူပြုပါသေးတယ်။

 

(၂) နှိပ်နယ်ခြင်းဟာ ခန္ဓာကိုယ်ထဲကိုရောဂါတွေ ဝင်မလာနိုင်အောင် ခုခံတားဆီးပေးထားနိုင်တဲ့ သွေးဖြူဥဆဲလ်တစ်မျိုးဖြစ်တဲ့ lymphocytes တုံ့ပြန်မှုကို တိုးတက်စေပါတယ်။

 

(၃)မောပန်းနွမ်းနယ်ခြင်းတွေကို ပြေပျောက်စေပြီး ခန္ဓာကိုယ် စွမ်းအင်တိုးတက်စေပါတယ်။ စိတ်ပိုင်းဆိုင်ရာကိုလည်း နိုးကြားတက်ကြွစေပါတယ်။ နှိပ်နေရင်း အိပ်ပျော်သွားတယ်ဆိုရင်တောင် နိုးလာတဲ့အခါမှာ အားပြည့်လာတာကိုတွေ့ရှိမှာပါ။

 

(၄) နှိပ်နယ်ခြင်းဟာ cortisol ဖြစ်တဲ့ စိတ်ဖိစီးမှုဟော်မုန်း ပမာဏကိုလျှော့ချခြင်းဖြင့် စိုးရိမ်စိတ်ပူခြင်းကို လျော့ကျစေပါတယ်။ နောက်ထပ် အကျိုးပြုတဲ့ အချက်ကတော့  ခန္ဓာကိုယ်ထဲမှာ ပျော်ရွှင်ခြင်းကိုဖြစ်စေတဲ့ serotonin ပမာဏကို တိုးစေပါတယ်။ သွေးဖိအားကျဆင်းခြင်းပေါ်မှာလည်း ကောင်းကျိုးသက်ရောက်စေပါသေးတယ်။

 

(၅)ချွေးထွက်ခြင်းဟာ အရေပြားပေါ်မှာရှိတဲ့ အဆိပ်အတောက်တွေ ဖယ်ရှားဖို့အတွက် လိုအပ်တဲ့ အရာပါပဲ။ spa တွေမှာ ချွေးထွက်အောင်ချွေးထုတ်ခြင်းဟာ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အဆိပ်အတောက်တွေ ဖယ်ရှားနိုင်အောင်ပါပဲ။ နှိပ်နယ်ခြင်းဟာ ချွေးထွက်စေတာမို့ အဆိပ်အတောက်တွေကို ပြေလျော့စေပါတယ်။

 

(၆) နှိပ်နယ်ခြင်းဟာ အလှအပအတွက်ပါ အကျိုးပြုပါတယ်။ ခေါင်းအစခြေအဆုံး နှိပ်နယ်ပေးခြင်းက ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး ချွေးပေါက်တွေကို ပွင့်စေတဲ့အပြင် ဆဲလ်အသစ်ဖြစ်ပေါ်ဖို့ကို အားပေးပါတယ်။ ဒီလိုလေး ပုံမှန်သာ နှိပ်ပေးမယ်ဆိုရင် အသားအရေ ကြည်လင်တောက်ပမှာ သေချာပါတယ်။

 

(၇) နှိပ်နယ်ခြင်းဟာ အရေပြားလျှော့ရဲခြင်းတွေ မဖြစ်စေဖို့ တားဆီပေးပြီး ရုပ်ဆိုးစေတဲ့ အဆီခဲတွေကို လျှော့ချပေးပါတယ်။ ဒါဟာ ကိုယ့်ရဲ့ အသားအရေကောင်းမွန်လာစေတဲ့ အချက်တစ်ချက်ပါပဲ။ အရေပြား တင်းတင်းရင်းရင်းဖြစ်စေမှာမို့ ငယ်ရွယ်နုပျိုနေမှာ အသေအချာပဲနော်။

 

(၈)တော်တော်များများကတော့ ဇက်ကြောနဲ့ကျောဘက်ညောင်းညာတာကြောင့် နှိပ်ကြတာပါ။ Annals of Internal Medicine အရ နှိပ်နယ်ခြင်းဟာ ကျောဘက်ညောင်းညာတာတွေကိုဖြေစေတဲ့အပြင် အာရုံကြောကိုပါကောင်းစေတယ် ဆိုထားပါတယ်။

 

နှိပ်နယ်ခြင်းကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို သိရပြီဆိုတော့ ကျန်းမာရေးကောင်းမွန်စေဖို့ အညောင်းပြေအညာပြေ နှိပ်နယ်တာတွေ လုပ်လို့ ရပြီနော်။

 

ရေးသားသူ Eaindray Kha

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”