တစ်ခါတုန်းက တက္ကသိုလ်မှာ

 

 

နွမ်ဂျာသိုင်း

 

၁၃-၃-၂၀၂၄ ရက်မှအဆက်

ပေါ်ဦးက ပြောပြောဆိုဆို သူ့ခေါင်းအုံးအောက်မှ တစ်ဆယ်တန်တစ်ရွက်နှင့် ငါးကျပ်တန်တစ်ရွက် ထုတ်ပေး၏။ ကျွန်တော်ကလည်း ရယ်ရင်းနှင့် တစ်ဆယ့် ငါးကျပ် လှမ်းပေးလိုက်၏။

“ဒါဖြင့် ငါသွားမယ်၊ စီစဉ်စရာလေးတွေ ရှိသေးတယ်

ကျွန်တော်တို့နှစ်ယောက် ခေါင်းညိတ် ပြလိုက်သည်။ ကျော်ညွန့် ကုလားထိုင်ပေါ်ကထ၍ အခန်းဝသို့ အလှည့်လိုက်၊ ပေါ်ဦးက အသံပြဲကြီးဖြင့် ထအော်၏။

“ပေါ်ဦးတို့ အိုရချည်သေးရဲ့ . . . ဟေ့

ချက်ချင်းပင် ဘေးခန်းမှ အသံတစ်သံ ပေါ်လာသည်။

“အေးဟေ့ . . . ပြီးရင် နာရဦးမယ်၊ သေရဦးမယ်

ပေါ်ဦးမျက်နှာ ရှုံ့မဲ့သွား၏။

သို့သော် သည်တုန်းက အမှတ်မထင် မျှသာ . . .။

*  *  *

( ၂ )

ဂျိုင်းခနဲ ချိုင့်ထဲ ကားကျသံနှင့်အတူ ဖုန်လုံးများ ကားအတွင်းသို့ လုံး၍ဝင်လာသည်။

“ဟင်း ... ဟဲ...” နှင့် တစ်ကားလုံး ဆူညံသွားပြီး နှာခေါင်းကို လက်ကိုင်ပဝါ နှင့် ပိတ်သူပိတ်၊ လက်ဖြင့် ကာသူကာနှင့် ရှုပ်ကုန်၏။

“ရှေ့ကားနဲ့ နည်းနည်းခွာမောင်းဗျို့

ကားထဲမှ အသံများထွက်လာသည်။ ကားဆရာက အရှိန်သတ်လိုက်မှ လုံးဝင်လာသောဖုန်များ နည်းသွား၏။

“အမေရေ . . . ကယ်ပါဦးဗျို့၊ ဟောဒီ ကိုကျော်ညွန့်က ဓာတုဗေဒက ဓာတ ကလျာလေးတွေနဲ့ တွေ့ရမယ်ဆိုလို့ လိုက်လာတာ။ ခုတော့ ဒီ . . . ဖ အဲ . . . ဖုန်တွေနဲ့ လာတိုးနေပြီဗျ

ပေါ်ဦးက ထအော်သည်။ ဖုန်ကို ဖုတ်ဟု မှားမည်ပြုသော သူ့အမှားကို ရိပ်မိလိုက်သဖြင့် တစ်ကားလုံး ပွဲကျ သွား၏။ တစ်ဖက်ခြမ်းမှ မိန်းကလေးများကမူ မျက်နှာအုပ်၍ ရယ်နေကြသည်။ တညင်းကုန်း အုတ်စက်လွန်ကတည်း က ချိုင့်များ၊ ဖုန်များဒဏ်ကို အလူးအလဲ ခံနေရသည်။ အားလုံးကတော့ သည်မျှဆိုးရွားသော လမ်းခရီးကြောင့် စိတ်ညစ်နေမည်လား မသိသော်လည်း ကျွန်တော်ကတော့ စိတ်ညစ်ချိန်မရတော့။ တစ်ကားလုံး သမ္ဗန်စီးသကဲ့သို့ အလူးအလိမ့် ဖြစ်နေခြင်းများသည် ၎င်းဖုန်မှုန့်များကြောင့် မွန်းကျပ်နေခြင်းကိုလည်းကောင်း ကျွန်တော် သတိမပြုမိတော့။

ကျွန်တော့်အာရုံသည် မိန်းကလေးများ ထိုင်သည့်ဘက် ရှေ့ဆုံးတန်းမှ အဝါရောင်ကောင်မလေးဆီ ရောက်နေသောကြောင့်ပင်။  သည်ရောဂါသည် မနက်က မန္တလေး ဆောင်ရှေ့မှ စထွက်သည်က အစပြုခဲ့သည်။ ကျော်ညွန့်က သည်ခရီးကို ကမကထပြု၍ ဖန်တီးကြသောအဖွဲ့တွင်ပါသဖြင့် လူနိုင်ဖြစ်သော ကျွန်တော်တို့ကိုခေါ်၍ လုပ်စရာရှိသည်များ ဝိုင်းလုပ်ခိုင်းသည်။

သူရှည်သဖြင့် ပေါ်ဦးကလည်း သူ့လက်စွဲတော် အကော်ဒီယံကြီး မခဲ့ကာ ဟိုကျရင် အများပရိသတ်ကို နှိပ်စက်တော့မည်ဖြစ်သော ဖိုးဆိုချင်၊ မယ်ဆိုချင်တို့နှင့် မန္တလေးဆောင်ထဲတွင် အလုပ်ရှုပ်နေသည်။

ကျွန်တော်ကတော့ ကျော်ညွန့်တို့ အဖွဲ့နှင့်တွဲ၍ ဒံပေါက်ထုပ်များ ကားပေါ်တင်ခြင်း၊ ဘိလပ်ရည်ပုလင်းများကို အိုးကြီးများတွင် ရေခဲစိမ်ရင်းနှင့် ကောင်းကောင်း အညှဉ်းခံနေရသည်။ သူတို့အဖွဲ့နှင့် တွဲ၍လုပ်နေရသဖြင့် သူတို့ဆီတွင် ရေပန်းစားနေသော နာမည်လေးတစ်ခုနှင့် ရင်းနှီးသွားသည်။ သူတို့မှာလည်း ဒီကိစ္စအတွက် ဧရာမ ပြဿနာ။

“ခင်ခင်လေး လိုက်ဖြစ်မှာ သေချာရဲ့ လားကွ

တစ်ယောက်၏အမေးကို စာရင်း စာရွက်များပါသည့် လွယ်အိတ်လွယ် ထားသောပုဂ္ဂိုလ်က ပြန်ဖြေသည်။

“သေချာပါတယ်ဆိုကွာ၊ ငါ လက်မှတ်ရောင်းတာပါဆိုမှ

“ခုထိ မလာသေးလို့

“လာမှာပါ၊ ငါလိုက်မှာမို့ သေချာပြင်ဆင်နေလို့ပါ

ကျွန်တော်က သူတို့စကားများကို ရယ်၍ နားထောင်နေမိသည်။

“ထွီ . . . နင်တို့ တူသလား၊ တန်သလား ကျော်ကျော်မြင့်။ အဲဒါလေးက မင်းကြိုက် စိုးကြိုက်၊ မင်းတို့လို ကာလသားတွေနဲ့ လားလားမှမထိုက်။ သူအခု ပြင်နေတာ က ငါ့ဖို့ကွ

“ဟုတ်တယ် ကျော်ကျော်မြင့်ရ၊ သူက မင်းကြိုက်စိုးကြိုက် အောင်မြင့်လို မင်းမျိုးနဲ့မှထိုက်တာ။ အောင်မြင့်က သီပေါမျိုး၊ တသီလုံးပေါနေတဲ့ အမျိုး

“ဘယ်ကဟုတ်ရမှာလဲကွ၊  နိပါတ်တော်ထဲက ခွေးမင်း

ပါးစပ်ကပြော၊ လက်ကလုပ်နှင့် ဝေစုမတည့်ဖြစ်နေကြသော လူစုသည် ခဏအကြာတွင် တစ်ပြိုင်တည်း အသံတစ်သံ ကို ထုတ်လွှတ်လိုက်၏။

“ဟော . . .”

အားလုံး၏ မျက်လုံးမူရာအရပ်သို့ လှမ်းကြည့်လိုက်သောအခါ ဆီဒင်ကား အနီလေးတစ်စီး။

“လာပါပြီ၊ လာပါပြီ။ မောင့်မဟေသီ၊ ဒေဝီထိပ်ခေါင် ခင်ခင်လေး

“ဟေ့ကောင်တွေ ကိုယ့်အလုပ်ကိုယ် လုပ်ကွာ။ ပုံမှန်အနေအထားအတိုင်းပဲ နေ၊ သိပ်မလှုပ်နဲ့ မျက်စိရှုပ်တယ်

ကျော်ညွန့်က မနေနိုင်မထိုင်နိုင် လက်ကုတ်၍ -

“ဟေ့ကောင် ထွန်းဝေ၊ ကားပေါ်က ဆင်းရင် သေသေချာချာကြည့်၊ သိပ်မိတယ်။ တို့ ကယ်မက်စတြီမေဂျာမှာတော့ ဖလားပဲ၊ ခင်ခင်လေးတဲ့

သူ့အညွှန်းကို အမြင်ကတ်လာသဖြင့်-

“သွားစမ်းပါ၊ ကောင်မလေးလှလှလေးတွေ တို့မြန်မာစာမှာ ဘယ်အမှိုက်ပုံ လိုက်ကောက်ကောက်ရတယ်၊ ပေါလွန်း လို့

ပြောမည့်သာ ပြောလိုက်သော်လည်း လူပျိုတို့ဝတ္တရား၊ သမိုင်းပေးတာဝန်အရ သူတို့ကြည့်နေရာသို့ အမှတ်တမဲ့ လှမ်းကြည့်လိုက်သည်။

ကားလေးသည် မန္တလေးဆောင် ဆင်ဝင်အောက်တွင် ရပ်သွား၏။ ကားနောက်ခန်းတံခါးလေး ဖျတ်ခနဲ ပွင့်သွားသည်။  ဦးဆုံးတွေ့လိုက်ရသည်က ကားထဲမှကျလာသော ခြေထောက်လေးတစ်ဖက်၊ အဝါနုရောင် တစ်လက်မခွဲဒေါက်မြင့် ဖိနပ်လေးနှင့် အဝါနုရောင် ဇာပွင့်လုံချည်လေး။ ပြီးတော့ သည်နှစ်ခုစပ်ကြားမှ နံ့သာပန်းနုရောင် ခြေဖနောင့်လေးတစ်ဖက်။

စက္ကန့်ပိုင်းမျှရှိသောသည်အချိန်လေးတွင် ကျွန်တော်မှတ်မိသော အချက်ပေါင်း မြောက်မြားစွာ ရှိသွား၏။ နု၍အိနေသော ခြေဖမိုးသားမွမွလေး။

ပြေ၍သွယ်သော ခြေထောက်အလှ၊ ပန်းနုရောင် ပုလဲဆိုးဆေးဖြင့် ကြည်လင်ဖြူသန့်နေသော ခြေသည်းလေးများ။ သည်ခြေသည်းများသည် ပိုင်ရှင်က တယုတယမွေးမြူထားဟန် ညီညာပြေပြစ်လျက် အလောတော်မျှ ရှည်သည်။ ခြေထောက်လေးတစ်ဖက်ကို သည်လောက် အမွှမ်းတင်ရသလား၊ အပြစ် တင်မစောစေချင်ပါ။ ကမ္ဘာပေါ်မှ အရုပ်အဆိုးဆုံးပစ္စည်းမှာ ခြေထောက်ဖြစ်၏။

မိန်းမလှလေးတော်တော်များများ၏ ခြေထောက်လေးများကို ဂရုတစိုက် ကြည့်ကြည့်ပါ။ အများအားဖြင့် သူတို့၏ မျက်နှာ၊ ကိုယ်လုံးကိုယ်ပေါက်ကိုမျှ အားမနာဘဲ ခြေထောက်သည် ထော်လော်ကန့်လန့်လိုက်ဖျက်၏။

အဖုများ၊ အထစ်များ ပါတတ်သည်။ အကြောများ ထင်းထင်းပေါ်နေတတ်သည်။ အသားပပ်သကဲ့သို့ ခပ်သွေ့သွေ့ ဖြစ်နေတတ်သည်။ ကြီးနေတတ်သည်။ သေးနေတတ်သည်။ ကားနေတတ်သည်။ သိမ်နေတတ်သည်။ ခြေချောင်းလေးများ လှလျှင်ခြေဖမိုးဖျက်၏။ ခြေဖမိုးလှလျှင် ခြေမျက်စိဖျက်၏။ ခြေမျက်စိလှလျှင် ခြေဖနောင့်ဖျက်၏။ ခြေမျက်စိနောက် ဖနောင့်ကြား အတွန့်လေးများကို သေချာကြည့်ပါ။ အသက်ရှစ်ဆယ်အဘွားအို၏ ပါးပြင် တွန့်နည်းမျိုး ရှိနေတတ်သည်။ တစ်ခါ တစ်ရံ အသားမာသည် အပေါ်သို့ လိုတာ ထက် ပိုတက်နေ၏။

ယခု ဖနောင့်သားလေးများကသည်သို့မဟုတ်။ နံ့သာပန်းနုရောင် ပိုးသားခြေ အိတ်လေးစွပ်ထားသကဲ့သို့ တင်းရင်း နုညက်နေသောအသားနှင့် မိန်းမလှလေး တစ်ယောက် ပါးပြင်ကဲ့သို့ အိအိလေး ဖောင်းနေသည်။ သည်ခြေထောက်မျိုးလေးဖြင့် အနင်းခံရသဖြင့် ကမ္ဘာမြေကြီးသည်လည်းကောင်း၊ မန္တလေးဆောင်ရှေ့မှ ကတ္တရာ လမ်းမသည်လည်းကောင်း များစွာဂုဏ်ယူ သွားပေလိမ့်မည်။

ပို၍ဝမ်းသာစရာက ထိုခြေထောက် ပိုင်ရှင်သည် ခဏအတွင်း ကားပေါ်မှ လုံးလုံးလျားလျား ဆင်းလိုက်ခြင်းပင် ဖြစ်၏။  ထိုခဏလေးအတွင်းတွင် ကမ္ဘာပေါ်ရှိ အလှအပပစ္စည်းများအားလုံး မျက်နှာငယ်သွားတော့သည်။

“လှလိုက်တာ

ကျွန်တော့်ရင်ထဲတွင် လွှတ်ခနဲ ဆိုလိုက်မိ၏။ စောစောက ကျွန်တော်ပြောမိသော စကားများအတွက် များစွာ ယူကျုံးမရဖြစ်သွား၏။

“ဘယ်လိုလဲ ထွန်းဝေ

ကျော်ညွန့်အသံက အတန်ငယ်ခြောက်ကပ်နေသည်။ သူသည်လည်း ချောက်ချားသွားသော အတွေးများကို ကျွန်တော့်ထံ အမေးဖြင့် ဖြတ်လိုက်ရဟန် တူ၏။

ကျွန်တော်က ခေါင်းညိတ်ပြရင်း -

“အေးကွာ သိပ်လှတာပဲ၊ သူ့ ခြေဖနောင့်လေးမှာ ကပ်နေတဲ့ သဲမှုန်လေးတစ်မှုန် ရရင်တောင် ဧည့်ခန်းမှာ ဖန်ပေါင်းချောင်နဲ့ ထည့်ပြီး အလှကြည့်နေလိုက်ချင်တယ်

“ဟာ . . . ဒီကောင်ကတော့ ပိုပြီ

ကားက တုံ့ခနဲရပ်သွား၏။

“ရောက်ပြီဟေ့ . . . ဆင်းကြ

ကျော်ညွန့်၏ အော်သံကြားမှ တွေးလက်စ ရပ်သွားသည်။ မျက်လုံးများသည် အဝါရောင်ဆင်တူနှင့် ဆင်စွယ်နှစ် ပန်းပုရုပ်လေးဆီ ရောက်သွား၏။

တွန့်သွားသော  လုံချည်စလေးကို သိမ်းနွဲ့၍ ဆန့်လိုက်သော သူ့အမူအရာ တွင် တစ်စကြဝဠာလုံးမှ အလှအပများ စုဝေးသွားသည်။

“ဟေ့ကောင် . . . ဆင်းလေ

ပေါ်ဦးက ကျောကိုတွန်း၍ ပြောသည်။

 

ဆက်လက်ဖော်ပြပါမည်။