တစ်ခါတုန်းက တက္ကသိုလ်မှာ

 

 

နွမ်ဂျာသိုင်း

 

၆-၃-၂၀၂၄ ရက်မှအဆက်

အခန်းထဲမှာ မောင်မင်းကြီးသားက ရောက်နှင့်နေ၏။

ကျွန်တော် ယောင်တောင်ပေါင်တောင်နှင့် ဟိုကြည့် သည်ကြည့် ကြည့်နေဆဲတွင် အသားဖြူဖြူ အရပ်သွယ်သွယ် ပါဝါမျက်မှန်နှင့် ကိုယ်တော်ချောက အပြုံးနှင့် ဆီးကြိုနှုတ်ဆက်သည်။

“သူငယ်ချင်းက ဒီအခန်းမှာပဲလား၊ ကဲပြော ကိုယ်ဘာကူညီရမလဲ”

သူက ရဲရဲတင်းတင်း ဖော်ရွေနေသော်လည်း ကျွန်တော်က ပြုံးရုံသာပြုံး၍ –

“ရပါတယ်၊ ကျေးဇူးပဲ”

“ဘယ်မေဂျာလဲ”

သည်ငနဲ အတော်လေရှည်သော ငနဲဖြစ်၏။ နည်းနည်းတော့သတိထားမှ။

တက္ကသိုလ်အထာကို ကျွန်တော် အတော်လန့်နေသည်။ ဝတ္ထုစဖတ်သည်ဆိုကတည်းက တွေ့ထားခဲ့သော တက္ကသိုလ်ဇာတ်လမ်းများ၊ အထူးသဖြင့် ဇဝန၏ ကောလိပ်ကျောင်းသားတို့၊ တက္ကသိုလ် ခင်မောင်အေး၏ ကံ့ကော်တောကို စွန့်ခဲ့ပြီတို့မှ သိန်းဖေ၊ မောင်ရှိန်တို့ကဲ့သို့သော လူရွှင်လူပြောင်၊ လူပြက်၊ လူနောက်များကို ဖတ်တုန်းက နှစ်ခြိုက်စွာ ဖတ်ခဲ့သော်လည်း ကိုယ်တိုင်ရောက်သောအခါ ခံရမှာတွေး၍ ကြောက်နေမိသည်။

သို့သော် ခုထိတော့ ခံရစရာ သိပ်အကြောင်းမဖြစ် သေးသဖြင့် -

“ဘားမိစ်ကပါ”

မြန်မာစာ အဓိကဟု ဆိုလိုက်သည်နှင့် သူ့မျက်နှာ ဝင်းခနဲဖြစ်သွားပြီး -

“ဟာ. . .ဒါဖြင့် ကိုယ်နဲ့အတူပဲပေါ့၊ ဘယ်နယ်ကလဲ”

ကျွန်တော်က ကျွန်တော်တို့အရပ်ကို ပြောပြလိုက်၏။ သူက ခေါင်းညိတ်ရင်း -

“ဪ. . . အနီးကလေးပဲ၊ ကိုယ်တို့က မန္တလေးကပါ၊ ကိုယ့်နာမည် ပေါ်ဦး”

အသားဖြူဖြူ မျက်မှန်နှင့် သဘောကောင်းဟန်၊ ဖော်ရွေဟန်ရှိသော မန္တလေးသား၏ ရာဇဝင်နှင့်ချီ လာသောအမည်ကြောင့် ကျွန်တော် ပြုံးစစဖြစ်သွားသည်။

“ကျွန်တော်က ထွန်းဝေပါ”

ထိုနေ့ ညဖက်တွင် မန္တလေးသားပေါ်ဦးက သူတို့မြို့မှ နာမည်ကျော် လက်ဖက်စုံသုပ်ဖြင့် ဧည့်ခံ ၍ မိတ်ဆုံစားပွဲလေးတစ်ခုလုပ်သည်။

ထိုဝိုင်းသို့ အခန်းနီးပါးမှ ဝင်းနိုင်၊ စန်းလွင်၊ အောင်လင်း၊ ခင်မောင်ထွေး စသူတို့ တက်ကြသည်။

ဝိုင်းစစဉ်ကတော့ တစ်ယောက်နှင့်တစ်ယောက် တွေ့စ ခင်စဖြစ်နေသဖြင့် အခေါ်အဝေါ်ကအစ သိမ်မွေ့လှ၏။

“လာဗျာ . . . ကိုဝင်းနိုင်”

“ဟုတ်ကဲ့ ကိုပေါ်ဦး”

“ထိုင်လေ . . . ကိုစန်းလွင်ရဲ့”

ဘာညာနှင့် သူများကိုလည်း ကိုကလေးတပ်၊ ကိုယ့်ကိုယ်ကိုယ်လည်း ကျွန်တော်သုံးနှင့် ယဉ်ကျေးမှုလေးများ ပါနေကြသည်။ စကားလည်း သိပ်ပွင့်ပွင့်လင်းလင်း မပြောရဲသေး၊ ဟန်လောက်သာ။

သည်မှာ ပေါ်ဦးက စကားတစ်ခုစလိုက်၏။

“ဒီမှာသူငယ်ချင်းတို့၊ မင်းတို့ကို ငါတစ်ခုပြောမယ်။ တို့တစ်တွေဟာ တစ်နယ် တစ်ကျေးကနေ မိကွဲဖကွဲ၊ ဆွေကွဲမျိုးကွဲ၊ မိတ်ကွဲဆွေကွဲနဲ့ လာခဲ့ရ တာ။ နောက်ပြီး လေး၊ ငါးနှစ်လောက် အတူတူနေသွားဦးမယ့် သူငယ်ချင်းတွေ”

သူ့စကားဆီ အားလုံး၏အာရုံများရောက်သွား၏။

“ဒီတော့ တစ်ယောက်နဲ့တစ်ယောက် ဟန်တွေပန်တွေနဲ့ ကြီးကျယ်မနေချင်ဘူးကွာ။ ငယ်ပေါင်း ကြီးဖော်တွေလိုပဲ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး နေကြချင်တယ်၊ ဘယ့်နှယ်လဲ”

“ဟား . . . ကြိုက်တာပေါ့၊ ကျွန်တော်တို့လည်း ဒီလိုပဲဖြစ်ချင်တာပဲ”

ခင်မောင်ထွေးက ခပ်သွက်သွက်ထောက်ပေးသည်။ ပေါ်ဦးက ကျန်လူများကိုလည်း ဆန္ဒယူသလို လှမ်းကြည့်သည်။

“ကောင်းတာပေါ့ဗျာ”

ကျွန်တော်ဝင်ပြောလိုက်သောစကားကို ဝင်းနိုင်က ပြုံး၍ထောက်ခံသည်။ ပိန်ညှော်ညှော် ခါးကုန်းကုန်း သွားခေါခေါ အသားဖြူဖြူနှင့် အောင်လင်းဆိုသော ကျောင်းသားကလည်း ခေါင်းတညိတ်ညိတ် လုပ်နေ၏။

“ဒါဖြင့်ရင် ခုမင်းတို့ခေါ်ပြောနေသလို ခင်ဗျားတို့၊ ကျွန်တော်တို့၊ ကိုဘယ်သူ ကိုဘယ်ဝါဆိုတာတွေ ပြင်ကွာ။ ငယ်သူငယ်ချင်းတွေလို မင်း၊ ငါ၊ ပေါ်ဦး၊ ထွန်းဝေ၊ ဘာညာပဲခေါ်မယ် ဘယ်လိုလဲ”

“လုပ်လိုက်လေ ကြာသလားလို့”

အခန်း၏ထောင့်တွင်ထိုင်နေသော စန်းလွင်က ဝင်လာ၏။

အားလုံးကလည်း ပြုံး၍ ခေါင်းညိတ်လက်ခံ၏။

“တို့တစ်တွေဟာ ဒီအသုံးအနှုန်းလေးတွေ သုံးဖို့နောင်မလွယ်တော့ဘူး သူငယ်ချင်းတို့။ ဒီလိုပေါင်းပြီး ဒီလိုခေါ်နိုင်တာ တက္ကသိုလ်နယ်မြေဟာ နောက်ဆုံး ဖြစ်လိမ့်မယ်ထင်တယ်။ နောက်ဆို လူကြီးလိုနေ၊ လူကြီးလိုဟန်ဆောင်ပြီး ဒီလိုခေါ်ပြောရမယ့်သူ ဆိုလို့ တို့ဘဝမှာ ရှိမှာမဟုတ်တော့ဘူး”

“ငေးလှချည်လား ထွန်းဝေ၊ ဘာဆွေးနေတာလဲ”

ပေါ်ဦးက လှမ်းမေးလိုက်မှ ကျွန်တော်အတွေး များပျက်သွားသည်။

“ဪ . . . မဟုတ်ပါဘူး၊ တို့စတွေ့တဲ့နေ့က မင်းပြောတဲ့စကားတွေ သတိရလို့ပါ”

ပေါ်ဦးက ကျေနပ်စွာ ပြုံးသည်။

“ငါပြောတာ မဟုတ်ဘူးလားထွန်းဝေ။ ခုဆို မင်းနဲ့ ငါနဲ့ပြောပြီး လွတ်လွတ်လပ်လပ်နေရတာ မကောင်းဘူးလား”

ကျွန်တော်က သူ့မျက်နှာကို စေ့စေ့ကြည့်ရင်း- “ဟုတ်တယ်၊ မင်းမဆိုးဘူးကွာ။ အဲဒီတုန်းက မင်းပြောလိုက်တာ ငါတောင်မျက်ရည်ဝဲသွားတယ်”

ပေါ်ဦးမျက်နှာ တည်ငြိမ်သွားသည်။ ပြီးမှ လေးလေးနက်နက်လေသံဖြင့် ဖြည်းညင်းစွာ ပြော၏။

“တို့တွေ ကလေးလိုနေရဖို့ တစ်ဘဝလုံးမှာ လေးနှစ်လောက်ပဲလိုတော့တယ်နော်”

သူ့စကားမှာ တွေးစရာ အများကြီးပါသည်။ အညာသားမပီသစွာ အသားဖြူ၍ ပါးစပ်အငြိမ် မနေတတ်သော ပေါ်ဦးသည် အမည်နှင့်လိုက်အောင် ကတ်တီးကတ်ဖဲ့တွေးတတ်၊ ခံစားတတ်သည်မှာ ချစ်စရာ။ ကဗျာလေးစာလေး ရေးလေ့ရေးထရှိနေပြီဖြစ်သော ကျွန်တော်သည်ပင် သူ့လို လေးလေး နက်နက်မခံစားတတ်။

“ထွန်းဝေ၊ မင်း တက္ကသိုလ်ကိုမချစ်ဘူးလား”

ကျွန်တော် သူ့အကြောင်းတွေးနေစဉ်တွင် သူဘာကိုတွေးနေမိသည် မသိ။ ဖျတ်ခနဲ အမေးတစ်ခု ကျွန်တော့်ဆီရောက်လာသည်။ ကျွန်တော့်ဆီမှ အဖြေကလည်း တုံ့ဆိုင်းစရာမရှိ။

“ချစ်တာပေါ့ကွာ၊ အထူးသဖြင့် ကံ့ကော်ပင်တွေပဲ။ ငါနေ့တိုင်း ဒီပြတင်းပေါက်ကမြင်နေတဲ့ တို့အဆောင်ရှေ့က ကံ့ကော်ပင်တွေကိုကြည့်ပြီး ခံစားနေတာ။ ပြီးတော့ စာကြည့်တိုက်ဘေးက ကံ့ကော်ပင်အုပ်စု ကိုလည်း သိပ်သဘောကျတာပဲ”

“အဲဒါ တက္ကသိုလ်က နာမည်ကြီး ကံ့ကော်တောပေါ့”

“ကံ့ကော်ပင်တွေတွေ့ရင် ရွာကိုလည်း သတိရတယ်။ တို့ အထက်တန်းကျောင်းရှေ့မှာလည်း ကံ့ကော်ပင်တွေရှိတယ်ကွ”

“ဘာလဲ၊ ကံ့ကော်ပင်အောက်က ကြိုနေမယ့် ကောင်မလေးကိုလား”

သူက ရယ်ကျဲကျဲနှင့် နောက်သည်။ ကျွန်တော် ခေါင်းခါပြီး-

“မဟုတ်ပါဘူး၊ ဘာမှမဆိုင်ပါဘူး။ ရည်းစားများ မူးလို့တောင် ရှူစရာမရှိဘူး”

“ဒါဖြင့် ဘုန်းကြီးဝတ်မလို့လား”

“မဟုတ်ဘူး၊ တက္ကသိုလ်ရောက်မှ ပိုးဖို့ချန်ထားတာ”

“ကောင်းတယ်၊ ငါလည်းဒီလိုပဲ”

နှစ်ယောက်သား ရယ်လိုက်ကြ၏။ ပွင့်လင်းပျော်ရွှင်၍ မျှော်လင့်ချက်ဖြင့်ပြွမ်းသော ရယ်သံများ။

ရယ်နေရင်းနှင့်ပင် ကျွန်တော်က မှတ်မှတ်ရရ ပြောလိုက်သည်။

“တို့တက္ကသိုလ်ကြီးဟာ တကယ်လှတယ်ကွနော်။ စိတ်ကူးယဉ်စရာလည်း  သိပ်ကောင်းတယ်။ ကံ့ကော်ပင်တွေ၊ စိန်ပန်းပင်တွေ၊ ရေတမာပင်တွေ၊ ပြီးတော့ သစ်ပုပ်ပင်၊ ဂျပ်ဆင်ဟော၊ ဘွဲ့နှင်းသဘင် ခန်းမကြီး၊ ပြီးတော့ အင်းလျားကန်၊ အဲ . . . ပြီးတော့ အင်မတန်လှပြီး ပိုလှအောင် ဝတ်တတ်ဆင်တတ်တဲ့ ကောင်မလေးလှလှတွေ။ ငါတော့ တက္ကသိုလ်ကို ချစ်သွားပြီ”

“ငါတော့ ကောင်မလေးလှလှလေးတွေကို ပိုချစ်တယ်”

နှစ်ယောက်သား ရယ်လိုက်ကြပြန်သည်။

“လုပ်မနေနဲ့ဟေ့ . . . ငါက မင်းတို့အရင် ပိုချစ်ထားတာ”

နောက်ဘက်ခန်းမှ အမှတ်မထင်ပေါ်လာသော အသံကြောင့် နှစ်ယောက်သား မျက်လုံးပြူးသွား၏။

ကျွန်တော်တို့စကားများကို အခြားအခန်းများမှလည်း နားထောင်နိုင်၊ နားထောင်နေကြ ပါလားဟု သတိပြုလိုက်မိ၏။

“ဟေ့ကောင်တွေ ငါ့ကွယ်ရာမှာ မင်းတို့ သူများသားမယားကို မပြစ်မှားနဲ့နော်။ ဒု သ န သော ဆိုတာ သိပ်အပြစ်ကြီးတာ. . . ။ မနေ့ကပဲ ငါ ကောင်မလေးတွေအကုန်လုံးကို ငါ့ဘက်က ယူပြီးသား။ လက်တောင်ထပ်ပြီးပြီ”

ဘေးခန်းမှအသံကြောင့် ကျွန်တော် ပြုံးလိုက်မိ၏။

* * *

အဲဒီတုန်းကစပြီး အချစ်ဆိုတဲ့ငှက်ကလေးဟာ ဥကပေါက်လာတယ်ပေါ့ ခင်လေးရယ် . . . ။ ဒါပေမဲ့ ပိုင်ရှင်မဲ့ပါ။ ချစ်စရာကောင်းတဲ့ နယ်မြေလေးက ရိုက်ခတ်လာတဲ့ မေတ္တာလှိုင်းလေးတွေကြောင့် နှလုံးသားလေး နိုးကြားစပြုလာခြင်းရယ်ပါ။

အချစ်ဆုံး ခင်လေးရေ . . .

တကယ်တော့ တက္ကသိုလ်ဆိုတာ မချစ်တတ်သေးတဲ့လူတွေကို ချစ်တတ်အောင်သင်ပေးတဲ့ ကျောင်းတော်ကြီးလည်း ဖြစ်ပါသေးရဲ့ . . . ။

 

* * *

( ၃ )

ဝေါခနဲရယ်သံများက တစ်ခန်းလုံး ဆူညံသွားသည်။

ရယ်သံများကြားမှ မှားသွားမှန်းသိပြီး ကမန်းကတန်း ပြန်ထိုင်ကြသည်။ ရှက်ရှက်နှင့် လုပ်မိ လုပ်ရာများလည်း လုပ်ကုန်ကြသည်။

ယောက်ျားလေးများက ပါးစပ်ကြီးများဖြဲ၍ တဟားဟား အရှက်ပြေရယ်၏။ မိန်းကလေးများ ကမူ ခုံပေါ်တွင် မျက်နှာမှောက်၍ ရယ်ရင်း အရှက်ပြေအောင် ပြုလုပ်ကြသည်။

ဖြစ်ပုံက သည်လို . . . ။

 

ဆက်လက်ဖော်ပြပါမည်။