တစ်ခါတုန်းက တက္ကသိုလ်မှာ

 

နွမ်ဂျာသိုင်း

 

မြကျွန်းသာမှာ   ကံ့ကော်တွေ   ပွင့်နေပြီ ခင်လေးရေ ...

ကံ့ကော်တောတစ်ခုလုံး မွှေးပျံ့ထုံသင်း နေလေရဲ့ ...

ဂျပ်ဆင်ဟောဘက်က လွင့်လာတဲ့ ဥဩသံလေး ကိုလည်း ကြားနေတယ် ...

သူဆိုတာကတော့... ဥသြ... ဥဩလို့ ထင်တာပဲ ...

ကိုယ် ကြားနေရတာကတော့ ...

ခင်လေး . . . ခင်လေးရယ်လို့ပဲပေါ့ ...

သတိရတယ် ... ခင်လေးရယ် ...

သတိရတိုင်းလည်း လွမ်းရတယ် ...

လွမ်းရတိုင်းလည်း မျက်ရည်ဝဲရတယ် ...

အတိတ်ဆိုတဲ့ အိပ်မက်နွမ်းလေးတွေ

ပျောက်စေချင်ပါပြီ ခင်လေးရယ် ...

ဘဝဆိုတာ သစ်ရွက်လေးလိုဖြစ်ရင်

ဘယ်လောက်ကောင်းမလဲ ...

သစ်ရွက်ဆိုတာ ... ဝေတုန်းက ဝေခဲ့တယ် ...

ကြွေချိန်ကျတော့လည်း အနှောင်အတွယ် ကင်းကင်းနဲ့ ကြွေသွားတတ်တယ် ...

ပန်းပွင့်လေးတွေလိုပေါ့ ...

ပန်းပွင့်လေးတွေလည်း ...

လန်းတုန်းက လန်းခဲ့ကြတယ် ...

နွမ်းချိန်ကျတော့လည်း အတွယ်အတာကင်း ကင်းနဲ့ နွမ်းသွားတတ်တယ် ...

ခင်လေးနဲ့ပတ်သက်တဲ့ အတိတ်ဆိုတာလေး တွေလည်း ...

သစ်ရွက်လေးလို ကြွေသွားစေချင်တယ် ...

ပန်းပွင့်လေးလို နွမ်းသွားစေချင်တယ် ...

ဒါပေမဲ့ ... ခင်လေးရယ် ...

ခင်လေးကို ... ကိုယ်ဘယ်လိုမေ့လို့ရမှာလဲ ...

တက္ကသိုလ်မှာ ကံ့ကော်လေးတွေ ...

အချိန်မှန် ပွင့်တတ်ကြတယ် ...

ပွင့်လာတဲ့ ကံ့ကော်ပန်းတွေနဲ့အတူ ...

ဥသြငှက်လေးကလည်း ခင်လေးရေ ...

ခင်လေးရေ ...လို့

တမ်းတမ်းတတလေး လာခေါ်တတ်တယ် ...

အဲဒီအခါတိုင်းမှာ ဘယ်သူမှ မမြင်နိုင်တဲ့

အိပ်မက်ရဲ့ ခြေရာလေးတွေကို ...

ကိုယ်တွေ့နေရတော့တယ် ...

ကံ့ကော်ပင်အောက်မှာ ...

ခြေရာလေးတွေ တွေ့မိတယ် ...

ခြေရာလေး လေးခု။

ပန်ပေးတုန်းက ခြေရာလေးနဲ့ ...

ပန်နေတုန်းက ခြေရာလေးရယ် ...

ကံ့ကော်ပင်ထက်မှာ ...

လက်ကလေးတွေ တွေ့မိတယ် ...

လက်ကလေး လေးခု။

ပန်ပေးတုန်းက လက်ကလေးနဲ့ ...

ပန်နေတုန်းက လက်ကလေးရယ် ...

ပြီးတော့ ...

ကံ့ကော်ပွင့်လေးတွေမှာ

အပြုံးလေးတွေ တွေ့မိတယ် ...

အပြုံးလေးက နှစ်ခု။

ပန်ပေးတုန်းက အပြုံးလေးနဲ့ ...

ပန်နေတုန်းက အပြုံးလေးရယ်ပေါ့ကွယ် ...

ခင်လေးတော့ တွေ့မှတွေ့နိုင်မယ် ...

ခင်လေးတော့ သတိရချင်မှရတော့မယ် ...

ကိုယ်ကတော့ မေ့နိုင်မယ်မထင်တော့ဘူး

ခင်လေး ...

ဘာဖြစ်လို့လဲဆိုတော့ ...

မြကျွန်းသာမှာ ကံ့ကော်တွေ ပွင့်နေကြပြီ လေ ...။

 

( ၁ )

“သင့်ညာဘက်ကို အမြန်ဆုံး လှည့်ကြည့်လိုက်ပါ

 ရှေ့တည့်တည့်မှ  မြင်လိုက်ရသောစာတန်းကြောင့်ရင်ထဲ ထိတ်ခနဲဖြစ်သွားသည်။ စောစောက ခံစားခဲ့ရသောဒုက္ခများကို မေ့သွားပြီး ထိုင်လက်စကြီးသည် တိုးလိုးတန်းလန်း ဖြစ်သွား၏။ မလုံမခြုံများ ဖြစ်နေပြီလားဆိုသော အသိနှင့် အတူ မျက်နှာတစ်ခုလုံး ရှိန်းခနဲဖြစ်သွားသည်။

ခက်သည်မှာ ကိုယ်က ကျောင်းသားသစ်၊ မနေ့တစ်နေ့ကမှ တက္ကသိုလ်နယ်မြေကို ခြေချခဲ့သူ။ သည်ပတ်ဝန်းကျင်၊ သည်အနေအထားကို ကိုယ်က ဘာမှသိသူမဟုတ်။ လျှို့ဝှက်အပ်သော နေရာတွင် လူမြင်မခံရသော အလုပ်ကို လုပ်နေသည့်အချိန်မှာ ပိုဆိုးသည်။

ခုလည်း ဘာမှန်းမသိ ညာမှန်းမသိ၊ ကိုယ်ကတော့ လုံခြုံပြီဆိုပြီး စိတ်ချလက်ချရှိခဲ့သည်။ ဤသတိ ပေးချက်မြင်လိုက်မှ စောစောက လုံခြုံနေသော စိတ်များ ကစဉ့်ကရဲဖြစ်သွား၏။ ပြီးတော့ ဒီကိစ္စမျိုးကလည်း ကြာကြာဆိုင်းပြီး တွေဝေနေချိန်မရ။ ဘာများဖြစ်နိုင်သလဲဆိုသည်ကိုပင် ကြာကြာ မစဉ်းစားသင့်။ အမြန်ဆုံး လုပ်သင့်တာလုပ်မှဖြစ်မည်မို့ ညာဘက် သို့ ကမန်းကတန်းလှည့်ကြည့်လိုက်သည်။

မျက်လုံး ပြူးသွား၏။

ညာဘက်နံရံပေါ်မှာလည်း စာတန်းတစ်တန်း။

“ဟုတ်ပြီ ... မိတ်ဆွေ

ဒါပေမဲ့ ... ကျေးဇူးပြုပြီး

သင့်ဘယ်ဘက်ကို ကြည့်လိုက်စမ်းပါဦး

အင်း ... ဇာတ်ကတော့ ရှုပ်ပြီဟု ထင်လိုက်၏။

 စာတန်းက နံရံဖြူဖြူတွင် အကြီးကြီးမဟုတ်သော်လည်း ထင်ထင်ရှားရှားရေးထားရာ ဘာမှန်းမသိ သော်လည်း သူ့ဆွဲဆောင်မှုနောက်ကို ကိုယ်မပါ၍ မရတော့။

စောစောက ပျာယာခတ်နေခဲ့သော်လည်း ခုထိကိုယ်လုပ်ရမည့်အလုပ်ကို မလုပ်ရသေး။ ရှင်းရှင်း ပြောရလျှင် နေရာတကျမထိုင်ရသေး။ လုံချည်ကိုပင် လိုသလောက် မတင်ရဲဘဲဖြစ်နေသည်။ နေရာသစ်၏ မလုံလဲစရာအဖြစ်ကြောင့် ကုန်းကုန်းကွကွဖြင့် တိုးလိုးတန်းလန်းကြီးရှိသေး၏၊

ဝမ်းက ရစ်၍နာနေပြီ။

သို့သော် စိတ်ချလက်ချ မနေနိုင်သေးသဖြင့် ဘယ်ဘက်သို့ ချာခနဲလှည့်ကြည့်လိုက်သည်။

ရော် ... လာပြန်ပြီ တစ်ခု။

“ဟုတ်သွားပြီ မိတ်ဆွေ  တစ်ခုပဲ ကျန်ပါတော့သည်။

နောက်ဘက်အပေါ်သို့ လှည့်ကြည့်လျှင် အဖြေရှိပါသည်

သည်တစ်ခါတော့ ကျွန်တော် သိပ်မဆိုင်းတော့။ သိစရာရှိလျှင်လည်း ချက်ချင်းသိလိုက်ပြီ။ ကိုယ့်အခြေအနေကလည်း ကြာကြာဆိုင်းနေလို့ မရတော့။ ကြာလျှင် ဒုက္ခများသွားလိမ့်မည်။

ထိုင်တစ်ဝက်၊ ထတစ်ဝက်ကြီးနှင့် ပုံဆိုးပန်းဆိုး ဖြစ်နေသည့်အပြင် အနံ့အသက်ကလည်း ဆိုးသည်။

ထို့ကြောင့် သိချင်စိတ်နှင့်အတူ နောက်သို့ လှည့်ကြည့်သည်။ မျက်လုံးမီရာအရပ်တွင် ကျွန်တော် နှင့် ဆိုင်သည်ဟုထင်ရသော စာတန်းမရှိ။

နည်းနည်းလေး မိုးတိုးမတ်တတ်လုပ်ကြည့်မှတွေ့သည်။ စောစောက မင်ရောင်အတိုင်း စောစော က လက်ရေးနှင့် စာတန်းတစ်ခု။

“သတိထားပါ မိတ်ဆွေ . . .

သူများခိုင်းတိုင်း လျှောက်လုပ်သောသူသည် ငပေါဖြစ်၏ တဲ့ ...။

သေရော။

ကိုယ့်နဖူးကို ကိုယ့်လက်ဝါးနှင့် ပိတ်ရိုက်မိလိုက်သည်။ ကောင်းကောင်းကြီး ခံလိုက်ရပေပြီ။ သည်မှာဖြင့် ဝမ်းနာလွန်းသဖြင့် စာသင်ခန်းထဲမှ ဒရောသောပါး ပြေးလာရသူ၊ အိမ်သာထဲရောက်လာသည့်တိုင် သူနှောင့်ယှက်သဖြင့် ကိုယ့်ကိစ္စကိုယ် မလုပ်နိုင်သေးဘဲ ဗျာများနေရသူ။ နောက်ဆုံး စာရင်းချုပ်တော့ ကိုယ်ပဲငပေါဖြစ်ရသေးတယ်။

 

“သူတောင်းစားတွေ

 

ဘယ်သူလုပ်ထားမှန်းမသိသော်လည်း ဟုတ်တိပတ်တိနှင့် အခန့်သားရေးထားသော သူကောင်း သားများကို ပျစ်ပျစ်နှစ်နှစ် တွယ်လိုက်မိ၏။

သို့သော် သိပ်ကြာကြာ ဒေါပွချိန်မရပါ။ ကိုယ့်မှာကလည်း ကိုယ့်ပြဿနာနှင့်ကိုယ်။ လုပ်စရာရှိတာ လုပ်ရန် အရေးကြီးသဖြင့် လုပ်ရမည့်အလုပ်ဖြစ်သော အုတ်ခုံပေါ်ထိုင်ချခြင်းအမှုကို ပြုလိုက်မိ၏။ ခုမှလည်း ဝူးခနဲ သက်ပြင်းချနိုင်တော့သည်။

 

ဆက်လက်ဖော်ပြပါမည်။