တစ်ခါက ကင်းတပ်မြို့ မတ္တရာ

သီဟလုလင်

 

(ယခင်အပတ်မှအဆက်)


ရွှေသစ္စာရစေတီ
သမီးစောနန်းသီရိတည်ထားတဲ့ ရွှေသစ္စာရ ဘုရားကိုတော့ မန္တလေး - မိုးကုတ် ကားလမ်းဘေး ပန်းယျကျေးရွာမှာဖူးရမှာပါ။ သူကတော့ သွားရတာ နည်းနည်းလှမ်းသလို ရှိပါတယ်။ ပန်းယျရွာကို ရောက်ဖူးသွားတာလည်း တစ်မျိုးကောင်းပါတယ်။ မောင်နှမလေးဦးဟာ ရှစ်ဖာလုံစီအကွာအဝေးကိုမှ စတုရန်းကျကျထောင့်တွေမှာ တည်ဖို့ဖြစ်ပေမယ့် တကယ်ဘုရားတည် ရမယ့်နေရာက ရွှေတချောင်းဆိုတဲ့ ချောင်းထဲမှာဖြစ်နေခဲ့လို့ အနည်းငယ်ရွှေ့ပြီး တည်ခဲ့တယ်လို့ ဒေသခံတစ်ဦးရဲ့ စကားကို မှတ်သားခဲ့ရပါသေးတယ်။ ချောင်းဘေးမှာမို့ ဘုရားပွဲဆိုရင် လှေပြိုင်ပွဲထည့်သွင်းလေ့ရှိတယ်လို့ သိရပါတယ်။ ဘုရားပွဲကတော့ တော်သလင်းလဆုတ် ၁၅ ရက်နေ့ပါ။


မြို့ထောင့်ရွှေဂူစေတီ
ဒီမြို့ထောင့်ရွှေဂူဘုရားကတော့ သား အငယ်ဆုံးစောနေကျော်က တည်ထားတာဖြစ်ပြီး မတ္တရာမြို့ထဲမှာ တည်ရှိတယ်လို့ ဆိုနိုင် ပါတယ်။ အမှတ် (၃) နယ်မြေမှာပါ။ မြို့ရဲ့ ထောင့်မှာတည်ထားတာဖြစ်လို့ မြို့ထောင့် ရွှေဂူလို့ ခေါ်ဆိုကြတာဖြစ်တယ်လို့ သိရပါ တယ်။ ဘုရားပွဲကိုတော့ နှစ်စဉ် သီတင်းကျွတ်လဆန်း ၇ ရက်နေ့ကနေ ၁၁ ရက်နေ့ အထိပြုလုပ်လေ့ရှိပြီး ပွဲတော်ကာလဆို ပွဲဈေးကရှည်လျားတဲ့အပြင် မြို့ထဲမှာမို့ လူလည်း စည်ကားတတ်ပါတယ်။


ပန်းယျရွာ
ရွှေသစ္စာရဘုရားကို လာဖူးရင်း ပန်းယျရွာလေးကိုလည်း လေ့လာနိုင်ပါတယ်။ ရွှေတချောင်းဆိုတဲ့ မြောင်းအကြီးစား ချောင်းကြီးနဲ့ ဗမာ့လူမှုစရိုက်ပုံစံကိုမြင်တွေ့ရမယ့် ပန်းယျရွာလေးပါ။ သီးပင်စားပင်တွေ ဖြစ်ထွန်းတဲ့အရပ်လို့လည်း ဆိုစမှတ် ရှိပါတယ်။
တောင်ပြုန်းရွာ
မတ္တရာအကြောင်းပြောရင် တောင်ပြုန်းရွာကိုလည်း ထည့်ပြောရမယ်လို့ ထင်ပါတယ်။ တောင်ပြုန်းပွဲတော်နဲ့အတူ ဆုတောင်းပြည့်ဘုရားရှိတာမို့ အနယ်နယ်အရပ်ရပ်က ခရီးသွားတိုင်း မရောက်ဖူးရင်သာနေမယ် ကြားဖူးပြီးသား ဖြစ်ပါလိမ့်မယ်။


စကျင်ရွာ
စကျင်ရွာကတော့ မတ္တရာရောက်ရင် မဖြစ်မနေလည်ပတ်သင့်တဲ့ ရွာအဖြစ် ညွှန်းဆိုချင်ပါတယ်။ စကျင်တောင်ကြီးတွေကိုလည်း မြင်တွေ့ရမယ့်အပြင် ကျယ်ဝန်းတဲ့ စကျင်အင်းကြီးလည်းရှိရာ အရပ်ပါ။ တစ်ရွာလုံးဟာ ပန်းတမော့လုပ်ငန်းနဲ့ အသက်မွေး ကြသူများလို့ တောင်ပြောနိုင်တဲ့ မြန်မာပြည်ကို ခရီးသွားသူတိုင်းကိုပြသင့်တဲ့ ရွာကြီးတစ်ရွာ ဖြစ်ပါတယ်။ မြန်မာ့အနုသုခုမ အစွမ်းကို တစ်ရွာလုံးက ကျွမ်းကျင်နေကြတာ ထူးခြားပါတယ်။ စကျင်ကျောက်တွေ အရွယ်အစားအကြီးအသေး အစုံကို ထုလုပ်နေကြတဲ့ မြင်ကွင်းဟာ ကျွန်တော်တို့လို တဒင်္ဂခရီးသည်တွေအတွက် သိပ်လှပေမယ့် လုပ်ဆောင်နေသူများ အတွက်ကတော့ နှာခေါင်းစည်းမပါဘဲ အလုပ်လုပ်နေကြတာ ရောဂါဖြစ်မလား စိုးရွံ့စရာပါ။ သဘာဝအရင်းအမြစ်တွေကို ထုတ်ယူသုံးစွဲနေရတဲ့ ဝန်းကျင်ဖြစ်တာမို့လည်း တစ်ခုကောင်း၊တစ်ခုမကောင်း ဖြစ်ရပါသေးတယ်။ မကြာခဏလည်းဒီဒေသရဲ့ လုပ်ကွက်တွေနဲ့ပတ်သက်လို့ ပြဿနာတွေ ဟိုမှာဒီမှာ ဖတ်ရကြားရဆဲပါ။


စကျင်ရွာဟာ ဓာတ်ပုံရိုက်ဖို့လည်း ကောင်းသလို ပန်းတမော့ပညာနဲ့ တစ်ရွာလုံး အသက်မွေးတဲ့ရွာလေးအဖြစ် ထူးခြားတာမို့ လည်ပတ်လေ့လာ သင့်တဲ့အရပ်လို့ ဆိုချင်ပါတယ်။


ရေနံသာမန်ကျည်းပင်တန်း
မန္တလေး-မိုးကုတ်လမ်းပေါ် ရေနံသာ ကန်ပေါင်ဘေးမှာရှိနေတဲ့ မန်ကျည်းပင်တန်း ကိုလည်းဓာတ်ပုံရိုက်ဖို့ အလည်လာကြပါ တယ်။ ဘာမှတော့ ထူးထူးထွေထွေမရှိပါဘူး။ မန်ကျည်းပင်လေးတွေ ဟိုဘက်ဒီဘက် ကန်ပေါင်ပေါ် စီတန်းစိုက်ပျိုး ထားတာကသိပ်လှတဲ့ ပန်းချီကားတစ်ချပ်လိုဖြစ်နေတာမို့ ဓာတ်ပုံရိုက်ဖို့လောက်ပဲ အဆင်ပြေပါမယ်။ မတ္တရာကနေ နည်းနည်းလှမ်းပါမယ်။


မတ္တရာဝန်းကျင်မှာလည်လို့ကောင်းမယ်လို့ အရင်က မထင်ထားမိဘူး။ တကယ်တမ်း ရောက်သွားချိန်မှာ အချိန်တစ်ရက်ဟာ နည်း တယ်လို့တောင် ခံစားရမိတယ်။ မတ္တရာရဲ့ အထင်ကရ ရွှေလေးဆူဘုရား လေးဆူကို တစ်နေ့တည်းဖူးပြီး ဆုတစ်မျိုး တည်းတောင်းရင် ပြည့်တယ်လို့လည်းဆိုကြတော့ ယုံကြည်သက်ဝင်သူတွေအတွက်လည်း ကြိုတင်အကြံကောင်း ပေးလိုက်ရ ပါတယ်ဗျာ။ လည်ပတ်စရာအစုံနဲ့ မတ္တရာမြို့ကို ရောက်ရင်ဖြင့် ဒီခရီးသွားစာလေးကိုအမှတ်ထားလို့ သတိရကြပါလို့ ဆိုချင်ပါတယ်။


အားလုံးပဲအစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။