တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် နိုင်ငံတကာဆက်ဆံရေး

နေပြည်တော် ၆ အောက်တိုဘာ

 

ဆီးရီးယားပြည်တွင်းစစ်ဖြစ်ပွားနေသည်မှာ ခုနစ်နှစ်ခွဲခန့် ရှိသွားပြီ ဖြစ်ပါသည်။ ဤပြည်တွင်းစစ်အတွင်း ဆီးရီးယားပြည်သူ ငါးသိန်းကျော် သေဆုံးခဲ့ပြီး ဖြစ်ပါသည်။ ဤပြည်တွင်းစစ်အတွင်း ဆီးရီးယားနိုင်ငံပြင်ပသို့ရောက်ရှိသွားသော ဆီးရီးယားပြည်သူ ဒုက္ခသည်ဦးရေသည် ငါးသန်းကျော်ရှိ၍ ဆီးရီးယားပြည်တွင်း၌ပင် အိုးအိမ်စွန့်ခွာထွက်ပြေးရသော ဆီးရီးယားပြည်သူဦးရေသည် ခုနစ်သန်းကျော်ရှိပါသည်။ ဆီးရီးယားနိုင်ငံ၏လူဦးရေသည် ၁၈ သန်းကျော်သာ ရှိပါသည်။ ဆီးရီးယားပြည်တွင်းစစ်ကြောင့်ဆီးရီးယားပြည်သူတို့ ခံစားရလျက်ရှိသော အတိဒုက္ခသည် ထင်းခနဲပေါ်လွင်နေပြီး ဆီးရီးယားပြည်တွင်းစစ်အတွင်း နှစ်ဖက်စလုံးက လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် စစ်ရာဇဝတ်မှုကျူးလွန်မှုများ ပြုလုပ်ခဲ့သည်ဟုနိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့် လက်ခံယုံကြည်ထားပြီး ဖြစ်ပါသည်။တစ်နည်းဆိုသော် ဆီးရီးယားပြည်တွင်းစစ်သည် နိုင်ငံတကာဥပဒေတို့ကိုပြောင်ပြောင်တင်းတင်း ချိုးဖောက်နေပါသည်။ ဓာတုလက်နက်အသုံးပြုခြင်းကဲ့သို့သော နိုင်ငံတကာဥပဒေချိုးဖောက်မှုတို့ အထင်အရှားရှိပါလျက်ဆီးရီးယားပြည်တွင်းစစ်၏ တာဝန်ရှိသူတို့အား အဘယ်ကြောင့် နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC) ၌ စုံစမ်းစစ်ဆေးရန် ပျက်ကွက်နေရပါသနည်း။

 

ဆီးရီးယားအစိုးရက ဆီးရီးယားပြည်သူတို့အပေါ် ဓာတုလက်နက်တို့အသုံးပြုခဲ့သည်ဟူသော ယူဆချက်တို့ ကျယ်ကျယ်ပြန့်ပြန့် ရှိနေသော်လည်း ဤကိစ္စရပ်အား နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC) ၌ မကိုင်တွယ်နိုင် ဖြစ်နေပါသည်။ အဘယ်ကြောင့်ဆိုသော် ဆီးရီးယားနိုင်ငံသည် နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC)အဖွဲ့ဝင်နိုင်ငံမဟုတ်သောကြောင့် ဖြစ်ပါသည်။ နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC) အဖွဲ့ဝင်နိုင်ငံ မဟုတ်သောနိုင်ငံတစ်နိုင်ငံအား ဤခုံရုံးကကိုင်တွယ်မည်ဆိုပါက ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အတည်ပြုချက်ရရှိရန် လိုအပ်ပါသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ပါဝင်လျက်ရှိသော နိုင်ငံကြီးတို့၏ ရပ်တည်မှုအနေအထားများအရ ကုလသမဂ္ဂလုံခြုံရေးကောင်စီအတွင်း အဆိုပါအတည်ပြုချက်ရရှိရန် မဖြစ်နိုင်သည်ကိုလည်း ကမ္ဘာ့ပြည်သူအားလုံးက သိရှိနားလည်သဘောပေါက်ပြီး ဖြစ်ပါသည်။

 

ဤသို့သော အခြေအနေ၌ ဂိုလန်ကုန်းမြင့်နှင့် ဆက်စပ်လျက်ရှိသောအစ္စရေးနိုင်ငံအပေါ် အကျိုးသက်ရောက်မှုကို ထည့်သွင်းသုံးသပ်ပါကကမ္ဘာ့နိုင်ငံရေး၏ သဘောတရားကို ပိုမိုသဘောပေါက်နားလည်မည်ဖြစ်ပါသည်။ ဂိုလန်ကုန်းမြင့်သည် ဆီးရီးယားနိုင်ငံ ပိုင်နက်မြေဖြစ်သော်လည်း အစ္စရေးနိုင်ငံကသိမ်းပိုက်ထားသည်ဖြစ်၍ ဆီးရီးယားနိုင်ငံကို နိုင်ငံတကာရာဇဝတ်မှုခုံရုံးကသာ အရေးယူကိုင်တွယ်ပါကအစ္စရေးနိုင်ငံပါ အကျုံးဝင်သက်ရောက်သွားမည်ဖြစ်ပါသည်။ အနောက်အင်အားကြီးနိုင်ငံတို့က အစ္စရေးနိုင်ငံအား နိုင်ငံတကာရာဇဝတ်မှုခုံရုံး(ICC)က ကိုင်တွယ်စစ်ဆေးခြင်းကို လက်ခံခွင့်ပြုနိုင်မည် မဟုတ်ပါ။သတိပြုရမည်မှာ အစ္စရေးနိုင်ငံသည်လည်း နိုင်ငံတကာရာဇဝတ်မှုခုံရုံး(ICC) ၏ အဖွဲ့ဝင်နိုင်ငံမဟုတ်ခြင်း ဖြစ်ပါသည်။ နိုင်ငံတကာဥပဒေတို့အား ချိုးဖောက်သည်ဟူသော စွပ်စွဲချက်တို့နှင့် ပတ်သက်၍ အနောက်နိုင်ငံကြီးတို့၏ ရပ်တည်ချက်သည် “ချစ်သူကို သာစေ၊ မုန်းသူကို နာစေ”ဟူသော ဘက်လိုက်သည့် မူဝါဒကိုကျင့်သုံးနေသည်မှာ ပေါ်လွင်ထင်ရှားနေပါသည်။

 

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ နိုင်ငံတကာဥပဒေတို့အားချိုးဖောက်မှုကိစ္စရပ်များရှိပါက တာဝန်ယူမှု၊ တာဝန်ခံမှု ဖော်ဆောင်ပေးရန်မြန်မာနိုင်ငံက ကတိကဝတ်ပြု ဖော်ဆောင်ပြီးဖြစ်ပါသည်။ သို့ဖြစ်ပါလျက်ရခိုင်ပြည်နယ်အတွင်းရှိ မတူကွဲပြားသော လူ့အသိုင်းအဝိုင်းနှစ်ရပ်အကြားတည်ငြိမ်ရေးနှင့် သဟဇာတဖြစ်ရေးကို ဒုတိယဦးစားပေးထားလျက်မြန်မာနိုင်ငံအား အတင်းအဓမ္မအရေးယူရန် ကြိုးပမ်းမှုတို့သည် ရခိုင်ပြည်နယ်အရေး၏ ရေရှည်တည်တံ့သော အဖြေကောင်းတစ်ရပ် ရရှိရေးကို လွဲချော်စေမည်ဖြစ်ကြောင်း လေးနက်စွာ သတိပေးတင်ပြအပ်ပါသည်။ ။