ရန်ကုန် ၁၇ ဇွန်

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနအောက် တာမွေမြို့နယ် (က+ဂ) ရပ်ကွက် ကျိုက္ကဆံလမ်းမကြီးဘေးရှိ တာမွေ(ယာယီ)ဈေးကြီးကို ယခုအခါ ခေတ်နှင့်လျော်ညီသည့် အဆင့်မြင့်ငါးထပ် ဈေးသစ်ကြီး တည်ဆောက်တော့မည်ဖြစ်ကြောင်း ဈေးများဌာနမှ သိရသည်။

 

“တာမွေဟာ ရန်ကုန်ရဲ့ မြို့ပြအင်္ဂါရပ်နဲ့အညီ အချက်အချာကျတဲ့နေရာဖြစ်တယ်။ ဒီလိုအချက်အချာကြတဲ့နေရာမှာ ဈေးကြီးက ယိုယွမ်းပျက်စီးနေတယ်။ မြို့ပြအင်္ဂါရပ်နဲ့လည်း ညီညွတ်မှုမရှိဘူး။ မြို့ဖွံ့ဖြိုးမှုအရလည်း ခေတ်နောက်ကျခဲ့တဲ့ အခြေအနေဖြစ်နေတယ်။ ဒါကြောင့် မဖြစ်မနေ အဆင့်မြင့်တင်ရမယ့် အခြေနေပါ။ လွတ်တော်ကိုယ်စားလှယ်ကလည်း လမ်းဘေးပျံကျဈေးတွေ ပျောက်သွားပြီး အဆင့်မြင့်ဈေးကြီးတွေ ပေါ်ထွန်းလာစေချင်တယ်။ ရည်ရွယ်ချက်က အတော်လေးကောင်းပါတယ်။ ဒါကြောင့်မို့လဲ အခုလို အကောင်အထည်ဖော်ဖြစ်တာပါ”ဟု တာမွေ(ယာယီဈေး)တာဝန်ခံ ဦးသူရဝင်းက ပြောသည်။ 

 

တာမွေ(ယာယီဈေး)သည် ယခင် ဈေးရုံအဟောင်း ၁၈ ရုံရှိပြီး ဆိုင်ခန်းပေါင်း ၆၀၈ ခန်းရှိသည်။ အဆိုပါ ဈေးဆိုင်ခန်းများအတွက် ယာယီဈေးဆိုင်တန်းများကို ပြီးခဲ့သော ၂၀၁၉ ခုနှစ် သြဂုတ်လဆန်းပိုင်းက စတင်တည်ဆောက်ခဲ့ရာ လာမည့် ဇူလိုင် ၁၀ ရက်တွင် ယာယီဈေးဆိုင်ခန်းသစ်များပေါ်သို့ ပြောင်းရွှေ့ရောင်းချခွင့် ရတော့မည်ဖြစ်သည်။ ယခုအခါ ယာယီဈေးဆိုင်ခန်းများ တည်ဆောက်မှု ၈၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီး အကြောင်းအမျိုးမျိုးကြောင့် ဆိုင်ဖွင့်ရောင်းချနိုင်မှုမရှိသော တာမွေပလာဇာမှ ဆိုင်ခန်း ၃၀ ကျော်ကိုလည်း ပြန်လည်နေရာချထားပေးမည်ဖြစ်၍ စုစုပေါင်း ဆိုင်ခန်း ၆၄၂ ခန်း ပြန်လည်နေရာချထားပေးတော့မည်ဖြစ်ကြောင်း သိရသည်။

 

ယင်းလုပ်ငန်းများပြီးစီးပါက ယခုဈေးဟောင်းမြေနေရာသို့ အဆင့်မြင့်ငါးထပ်ဈေးသစ်ကြီး စတင်တည်ဆောက်တော့မည် ဖြစ်သည်။ ဈေးသစ်ကြီးတွင် အထပ်ပေါင်း ငါးထပ်ပါရှိမည်ဖြစ်ကာ မြေညီထပ်နှင့် ပထမထပ်တို့တွင် ယခင်ဈေးဟောင်းမှ ဆိုင်ခန်းများကို ပြန်လည်နေရာချထားပေးမည် ဖြစ်သည်။ ဒုတိယထပ်နှင့် တတိယထပ်တို့တွင် ကာင်းအစီးရေ ၃၈၀ ဝန်းကျင်ဆံ့ ကားပါကင် ပါရှိမည်ဖြစ်ပြီး အပေါ်ဆုံးထပ်၌ အများပြည်သူ အပန်းဖြေနိုင်မည့် အင်တာတိန့်မန့် အခန်းများလည်း ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

“တာမွေ(ယာယီ)ဈေးကို အဆင့်မြင့်ငါးထပ်ဈေးသစ်ကြီးအဖြစ် တည်ဆောက်ပေးမယ်ဆိုတော့ ဝမ်းသာပါတယ်။ အခုလည်း မြို့တော်စည်ပင်ရော ကုမ္ပဏီပါ ပေါင်းပြီး အခုလို သပ်သပ်ရပ်ရပ်နဲ့ ယာယီဈေးဆိုင်ခန်းသစ်တွေ တည်ဆောက်ပေးတော့ အတော်လေးကို အဆင်ပြေပါတယ်။ တချို့တော့ အခက်အခဲ နည်းနည်းရှိတာပေါ့။ တစ်ခုပဲ တင်ပြချင်တာက အခုလိုဈေးတွေဆောက်ပြီးရင် သက်ဆိုင်ရာအနေနဲ့ လမ်းဘေးပျံကျဈေးသည်တွေကိုတော့ လုံးဝမရှိအောင် ထိန်းသိမ်းပေးစေချင်တယ်” ဟု တာမွေ(ယာယီဈေး)မှ ဈေးဆိုင်ရှင် ဦးမျိုးဝင်းဦးက ပြောသည်။

 

အဆင့်မြင့် ငါးထပ်တာမွေ ဈေးကြီးတည်ဆောက်ရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ၂၀၁၉ ခုနှစ်တွင် တင်ဒါခေါ်ယူခဲ့ရာ 111 (တစ်သုံးလုံး)ကုမ္ပဏီက တင်ဒါအောင်မြင်ခဲပြီး အကျိုးတူခံစားခွင့်အနေဖြင့် ရန်ကုန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ၅၈ ရာခိုင်နှိုင်းနှင့် တင်ဒါအောင်ကုမ္ပဏီက ၄၂ ရာခိုင်နှုန်း အကျိုးခံစားခွင့်ရရှိမည် ဖြစ်သည်။ တင်ဒါအောင် (တစ်သုံးလုံး) ကုမ္ပဏီမှ မြေပြင်လုပ်ငန်းများအပါအဝင် ယာယီဆိုင်ခန်းများကို ပြီးခဲ့သော သြဂုတ်လဆန်းပိုင်းမှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယာယီဆိုင်ခန်း နေရာချထားမှုများ ပြီးစီးပါက အဆင့်မြင့်ငါးထပ်ဈေးသစ်ကြီးကို လပေါင်း ၃၀ အတွင်း အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

ယခုအကောင်အထည်ဖော်မည့် အဆင့်မြင့်ငါးထပ်ဈေးသစ်မြေနေရာသည် ယခင် တရုတ်သုသာန်မြေနေရာဖြစ်ပြီး ၁၉၉၄ ခုနှစ် ဧပြီ ၁ ရက်မှစတင်ကာ တာမွေ(ယာယီ)ဈေးအဖြစ် စတင်အသုံးပြုခဲ့ခြင်းဖြစ်၍ ယခုအခါ နှစ်ပေါင်း ၃၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ- မင်းထက်