တာမွေမြို့နယ်တွင် ဆိုင်ကယ်ဖြင့်လိုက်၍ လုယက်မှုကျူးလွန်သူနှစ်ဦး ဖမ်းဆီးရမိ

ရန်ကုန် ၃၀  အောက်တိုဘာ 

အောက်တိုဘာ ၂၅ ရက် ည ၈ နာရီခွဲက တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက်၊ (၁၃၇) လမ်း၊ အမှတ်(၂၄)နေ ဒေါ်-----သည် နေအိမ်သို့ပြန်လာစဉ် အမည်မသိအမျိုးသားသုံးဦး နောက်မှဆိုင်ကယ်ဖြင့်လိုက်လာပြီး ၎င်း၏ ဘယ်ဘက်ချိုင်းကြားတွင် ညှပ်ထားသော ငွေကျပ် ဆယ့်တစ်သိန်း သုံးထောင်ကျပ်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပါ ပိုက်ဆံအိတ်အား လုယူထွက်ပြေးသွားသဖြင့် အဆိုပါအမည်မသိ အမျိုးသားသုံးဦးအား အရေးယူပေး ပါရန် တာမွေမြို့မရဲစခန်းသို့ အမှုဖွင့်တိုင်တန်းခဲ့ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူများကို စုံစမ်းဖော်ထုတ်ဖမ်းဆီးရမိရေး ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှုဌာနခွဲမှ တပ်ဖွဲ့ဝင်များ၊ အရှေ့ပိုင်းခရိုင် မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် တာမွေမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ရပ်နှင့် ပတ်ဝန်းကျင်အား လိုက်လံစုံစမ်းဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူများမှာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ အောင်အောင်၊ မိုးဝင်းနှင့် စည်သူတို့ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၂၈ ရက်တွင် အောင်အောင် ကို ၎င်း၏နေအိမ်၌လည်းကောင်း၊ မိုးဝင်း ကို (၆၀) ရပ်ကွက်၊ မေတ္တာလမ်းမပေါ်၌လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် အောင်အောင် နှင့် မိုးဝင်း တို့ထံမှ ပြစ်မှုကျူးလွန်စဉ်အသုံးပြုသည့် ဆိုင်ကယ်တစ်စီးနှင့် သက်သေခံပစ္စည်း ငွေကျပ် ဆယ့်တစ်သိန်း သုံးထောင်ကျပ်တို့အား ပြန်လည်သိမ်းဆည်းရရှိခဲ့ပြီး ဥပဒေနှင့်အညီ အမှုဖွင့်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့