တာလေ၌ တရားမဝင် ရွှေတူးသည့် ဝါးဖောင်သုံးဖောင်ကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိ

တာလေ ၃  ဇွန် 

 

တာလေမြို့၊ နားယောင်းအုပ်စု၊ ပါးဟုတ်ကျေးရွာနှင့် ကျတားရွာကြားရှိ နမ့်လင်းချောင်းအတွင်း၌ တရားမဝင် ရွှေသတ္တုတူးဖော်သည့် ဝါးဖောင် သုံးဖောင်ကို ဇွန်လ ၂ ရက် ညနေပိုင်းက ပိုင်ရှင်မဲ့ သိမ်းဆည်းရမိသည်။

 

ဇွန် ၂ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်တွင် တာလေနယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် သိန်းထိုက်ဇော် ဦးစီးအဖွဲ့ဝင်များ၊ တာလေတပ်နယ်မှ ဗိုလ်မှူး ဇေယျာကျော် ဦးစီးအဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်း သတင်းစုံစမ်းရန် ထွက်ခွာလာစဉ် ဝါးဖောင်ဖြင့် တရားမဝင် ရွှေသတ္တုတူးဖော်ခြင်းလုပ်ငန်းများ လုပ်ကိုင်နေကြောင်း သတင်းအရ သွားရောက်ကြည့်ရှုစစ်ဆေးရာ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ ပါဟုတ်ကျေးရွာနှင့် ကျတားကျေးရွာကြားရှိ နမ့်လင်းချောင်းအတွင်း၌ ဝါးဖောင်သုံးဖောင်အား ကြိုးဖြင့်ချည်ထားပြီး ပိုင်ရှင်မဲ့တွေ့ရ၍ ၎င်းဝါးဖောင်ပေါ်မှ တရားမဝင်ရွှေသတ္တုတူးဖေါ်ရာတွင် အသုံးပြုသော တရုတ်နိုင်ငံလုပ် အင်ဂျင်သုံးလုံး၊ ရေခရု နှစ်ခု၊ ၄ လက်မရေပိုက်ဖြူ နှစ်ချောင်း၊ ရွှေဖမ်းရာတွင် အသုံးပြုသော အစိမ်းရောင်ကော်ဇော သုံးခုတို့အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိသည်။

 

အမှုမှ တရားမဝင် ရွှေသတ္တုတူးဖော်သူများအား ဥပဒေအရ စုံစမ်းဖော်ထုတ်နိုင်ရန် တာလေနယ်မြေရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 

မြင့်မိုရ်(တာချီလိတ်)