တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့် သြဂုတ် ၃ ရက်မှ ၉ ရက်အထိ ထိုင်းနိုင်ငံနှင့် တတိယနိုင်ငံသား ခရီးသည်ပေါင်း ၂၉၆၄၇ ဦး ဝင်ရာက်လည်ပတ်ခဲ့

တာချီလိတ် ၁၀ သြဂုတ် 

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့်   နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား ဧည့်သည် များ အဆက်မပြတ်ဝင်ရောက်လည်ပတ်လျက်ရှိရာ သြဂုတ် ၃ ရက်နေ့မှ  သြဂုတ်လ ၉ ရက်နေ့အထိ  ထိုင်းနိုင်ငံနှင့် တတိယနိုင်ငံသားများ ညအိပ်နှင့် နေ့ချင်းပြန် ခရီးသည်ပေါင်း ၂၉၆၄၇ ဦး၊  မိုင်းဖြတ်မြို့နှင့် ကျိုင်းတုံမြို့ ခရီးစဉ်တွင် ၁၀၆ ဦး၊ ဗီဇာဖြင့် တာချီလိတ်မြို့မှတစ်ဆင့် ပြည်တွင်းသို့ ၁၄၇ ဦး ဝင်ရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ခရီးသွားဧည့်သည်များသည်  နေ့ချင်းပြန်ခရီးအဖြစ် တာချီလိတ်မြို့ရှိ တာလော့ဈေး၊ဘုရင့်နောင် ရုပ်တု၊ မဟာမြတ် မုနိဘုရားကြီးကျောင်းတိုက်၊ ဝမ်ကောင်းရပ်ကွက်ရှိ မြို့မဈေး၊ ရွှေတိဂုံစေတီတော်၊ မြို့နယ်ဓမ္မာရုံ၊ နဂါးနှစ်ကောင် ကျောင်းတိုက်၊ ကိုးမြို့ရှင်နတ်နန်း၊ ပဒေါင်ကျေးရွာ၊ အာခါဈေး၊ တရုတ်ဘုံကျောင်း သို့လည်းကောင်း၊ ညအိပ်ခရီးစဉ်အဖြစ် မိုင်းဖြတ်မြို့ရှိ မြတ်စွာဘုရားခြေတော်ရာစေတီ၊ သမိုင်းဝင် ဆုတောင်းပြည့် စွန်တောင်းစေတီ၊ ဘီလူးရှာ၊ ကျိုင်းတုံမြို့အဝင် ဗုဒ္ဓဥယျာဉ်နှင့် ကျိုင်းတုံမြို့ရှိ  မဟာမြတ်မုနိ ဘုရား၊ စွန်တောင်းစေတီ၊ ရပ်တော် မူဘုရား၊ ဟိုခုံကျောင်း၊ ကျိုင်းရင်းဘုန်းကြီးကျောင်း၊ ဝပ်အင်းကျောင်း၊ကျော့မ်ဆရီစေတီ၊ ပါလျန်ကျောင်း၊ သစ်တစ် ပင်တောင်၊ နောင်တုံကန်၊  ကမ္ဘာအေးစေတီ ၊ လွယ်မွေဒေသ၊  ပင်းတောက်ရေတံခွန် စသည့် အထင်ကရနေရာများ သို့ သွားရောက်ကာ ဘုရားဖူးခြင်း၊ ရေမြေတောတောင် သဘာဝအလှရှုခင်းများနှင့် တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို ဗဟုသုတအဖြစ် လေ့လာသည့်အပြင်  လေယာဉ်ခရီးစဉ်ဖြင့် ပြည်တွင်းရှိ အထင်ကရ ဒေသများသို့ ဝင်ရောက်လည်ပတ်လျက်ရှိသည်။

 

တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့်  ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၉ ရက်နေ့ အထိ ထိုင်းနှင့် တတိယနိုင်ငံသား နေ့ချင်းပြန်ခရီးသည် စုစုပေါင်း ၃၀၆၈၉၁ ဦး၊ မိုင်းဖြတ် နှင့် ကျိုင်းတုံခရီးစဉ် အဖြစ် ခရီးသည် ၃၃၄၈ဦး၊ တာချီလိတ်မြို့မှ လေယာဉ်ခရီးစဉ်ဖြင့် ပြည်တွင်းသို့ ၂၅၆၈ဦး၊ စုစုပေါင်း ၃၁၂၈၀၇ ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တာချီလိတ်ရုံးခွဲမှ သိရသည်။

 

ဖြိုးလေး(တာချီလိတ်)