တာချီလိတ်နယ်စပ် ဝင်ပေါက်မှတစ်ဆင့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ဝင်/ထွက် လည်ပတ်လျက်ရှိ

နေပြည်တော် ၂၁ စက်တင်ဘာ

 

နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များသည် မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာဝအလှများ၊ ခရီးသွားဆွဲဆောင်သည့် နေရာများ၊ တိုင်းရင်းသားတို့၏ မတူကွဲပြားသည့် ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များ၊ လူနေမှုဘဝပုံစံများကို ကြည့်ရှုလေ့လာ သိမြင်ခံစားနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ အဆက်မပြတ် ဝင်ထွက်သွားလာ လည်ပတ်လျက်ရှိသည်။

 

 

၂၀၁၈ ခုနှစ်၊ စက်တင်ဘာ (၁၄) ရက်မှ စက်တင်ဘာ (၂၀) ရက်အထိ တာချီလိတ် နယ်စပ်ဝင်/ ထွက်ပေါက်မှတစ်ဆင့် ညအိပ်/နေ့ချင်းပြန် ခရီးစဉ် လာရောက်လည်ပတ်ကြသည့် ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသား အများစုပါဝင်သော နိုင်ငံခြားသား ခရီးသွားဧည့်သည် (၂၀၇၈၅) ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံခရီးစဉ်အနေဖြင့် နိုင်ငံခြားသား ခရီးသွားဧည့်သည် (၅၃)ဦး၊ ဗီဇာဖြင့် လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသားခရီးသွားဧည့်သည် (၁၂၁) ဦးရှိကြောင်း သိရှိရသည်။

 

နေ့ချင်းပြန်ခရီးစဉ် လာရောက်လည်ပတ်ကြသော ခရီးသွားဧည့်သည် အများစုသည် တာချီလိတ်မြို့ရှိ အထင်ကရနေရာများဖြစ်သော တာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ်မုနိဘုရားကြီး၊ ဝမ်ကောင်းဈေး၊ ကိုးမြို့ရှင်နတ်နန်း၊ ရွှေတိဂုံစေတီတော်၊ မြို့လယ်ဓမ္မာရုံ၊ ပဒေါင်ကျေးရွာ၊ နဂါးနှစ်ကောင် ဆရာတော်ကျောင်း၊ ကွမ်ရင်မယ်တော် တရုတ်ဘုံကျောင်း၊ ကျောက်တန်းဈေးများသို့ သွားရောက်လည်ပတ်ကြသည်။

 

 

ညအိပ်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များသည် မိုင်းဖြတ်မြို့ရှိ မြတ်စွာဘုရားခြေတော်ရာစေတီ၊ ဈေးတန်းကြီး ဘုန်းကြီးကျောင်း၊ သမိုင်းဝင်ဆုတောင်းပြည့် ဆံတော်ရှင်စွန်တောင်းစေတီ၊ ကျိုင်းတုံမြို့အဝင် ဗုဒ္ဓဥယျာဉ်နှင့် ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိ၊ ဟိုခုံကျောင်း၊ မြဘုရားကျောင်း၊ ကျိုင်းရင်းဘုန်းကြီးကျောင်း၊ ဝပ်အင်းကျောင်း၊ စွန်တောင်စေတီ၊ ကျော့မ်ဆရီစေတီ၊ ရမ်ကုန်းကျောင်း၊ ပါလျန်ကျောင်း၊ ရပ်တော်မူ၊ သစ်တစ်ပင်တောင်၊ ကမ္ဘာအေးစေတီ၊ စံပြယန်းလောကျေးရွာ၊ ကတ်တောင်ကျေးရွာအနီးရှိ ကိုးထပ်ရေတံခွန် စသည့် အထင်ကရနေရာများသို့ သွားရောက်လည်ပတ်ကြသည်။

 

တာချီလိတ် နယ်စပ်ဝင်ပေါက်မှတစ်ဆင့် ဝင်ရောက်သည့် နိုင်ငံခြားခရီးသွားဧည့်သည် အရေအတွက်မှာ ၂၀၁၈ ခုနှစ်၊ ဧပြီ(၁)ရက်မှ စက်တင်ဘာ (၂၀) ရက်အထိ ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသားအများစု ပါဝင်သော နေ့ချင်းပြန်ခရီးသည် စုစုပေါင်းမှာ (၄၃၆၈၀၂) ဦးဖြစ်ပြီး မိုင်းဖြတ်၊ ကျိုင်းတုံခရီးစဉ်အနေဖြင့် ခရီးသည်စုစုပေါင်း (၃၈၂၀) ဦးနှင့် ဗီဇာဖြင့် တာချီလိတ်မှတစ်ဆင့် လေယာဉ်ခရီးစဉ်ဖြင့် ပြည်တွင်းသို့ ဝင်ရောက်လည်ပတ်သည့် ခရီးသည်စုစုပေါင်း (၃၂၉၁) ဦးတို့ ဝင်ရောက်လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

 

MDN