တာချီလိတ်၌ နန်းနန်းဘွန်းကျောက် ရွှေဆိုင်ဓားပြတိုက်မှုတွင် ပါဝင်သူတစ်ဦးကို ထပ်မံဖမ်းဆီးရမိ

တာချီလိတ် ၆ မေ 

တာချီလိတ်မြို့၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ နန်းနန်းဘွန်းကျောက် ရွှေဆိုင်ကို ဓားပြတိုက်ရာတွင် ပါဝင်သူ ခြောက်ဦးထဲက ဒုတိယမြောက်တစ်ဦးကို မေ ၄ ရက် နေ့လယ်ပိုင်းက ဝမ်ပုံကျေးရွာတွင် ဖမ်းဆီးရမိခဲ့သည်။

နန်းနန်းဘွန်းကျောက် ရွှေဆိုင်ကို ဓားပြတိုက်ရာတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သည့် အိုက်ခမ်းသန်း (ခ) ခမ်းထန် (ခ) ဆန်ခမ်းဆန်ရဲ့ နေအိမ်အား ဝမ်ပုံနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက မေ ၄ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ဝင်ရောက်ရှာဖွေရာမှာ ကျည်ဆံနှစ်တောင့်၊ ရွှေ/သတ္ထုအရည်ကြိုသည့် ဖားဖိုတစ်စုံအပါအဝင် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

မတ် ၂၉ ရက် နံနက် ၇ နာရီခွဲခန့်က တာချီလိတ်မြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ နန်းနန်းဘွန်းကျောက် ရွှေဆိုင်ကို လူခြောက်ဦးပါဝင်သည့် အဖွဲ့က လက်နက်များ ကိုင်ဆောင်ကာ ဓားပြဝင်တိုက်ခဲ့ပြီး ငွေသား၊ ရွှေထည်နဲ့ စိန်ထည်အပါအဝင် ကျပ်သိန်း ၂၉ဝဝ တန်ဖိုးခန့် တန်ကြေးရှိ ပစ္စည်းများကို ယူဆောင်သွားခဲ့ခြင်းဖြစ်သည်။ 

ဓားပြတိုက်မှုတွင် ပါဝင်သူတစ်ဦးကို တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့က ဧပြီ ၂ ရက်က မိုင်းကိုးကျေးရွာအုပ်စုတွင်းမှာ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ဒုတိယမြောက်ပါဝင်သူ တစ်ဦးကို မေ ၄ ရက်တွင် ထပ်မံဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မြင့်မိုရ်(တာချီလိတ်)