တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၇,၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော်၊ ဇန်နဝါရီ ၃၀

 

တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၇,၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဇန်နဝါရီ ၁၉ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဝှေလေလန် - ပါခုတ်သွားကားလမ်း၊ ပါခုတ်ကျေးရွာအနီးတွင် စိုင်းအွန် (ခ) အိုက်အွန် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို သတင်းအရရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁ သိန်း၊ ကတ်တမင်း ၁၀ ကီလို သိမ်းဆည်းရမိခဲ့ပြီး သတင်းကွင်းဆက်အရ မွန်းလွဲ ၂ နာရီခန့်တွင် တာချီလိတ်မြို့နယ်၊ နမ့်လွတ် (ရှမ်း) ကျေးရွာရှိ ယိန်း နှင့် မနန်းအင် တို့၏နေအိမ်အိပ်ခန်း အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ သိန်း ဆက်လက်သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

 

ကွင်းဆက်ဖော်ထုတ်ချက် အရ ည ၇ နာရီတွင် တာချီလိတ် မြို့နယ်၊ ပါခုတ်ကျေးရွာရှိ နေအိမ်တွင် အိုက်ဆီယွန်း (ခ) အိုက်ကျိုင်း ကို ထပ်မံဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် သိန်း ၇,၆၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၇ သိန်း၊ ကတ်တမင်း ၁၀ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ လေးဦးကို ဥပဒေအရအရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်