တာချီလိတ်မြို့နယ်၌ သင်္ကြန်ကာလအတွင်း အေးချမ်းပျော်ရွှင် အပန်းဖြေရေကစားနိုင်ရန် ရေချောင်းများတွင် ဈေးဆိုင်ခန်းများဖွင့်လှစ်လျက်ရှိ

တာချီလိတ် ၂၉ မတ် 

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင်  နှစ်စဉ် သင်္ကြန်ကာလအတွင်း  မြို့တွင်း၌ မဟာသင်္ကြန် ဗဟိုမဏ္ဍပ်၊ ရပ်ကွက်အလိုက်မဏ္ဍပ်များနှင့် လူမှုရေးအသင်းအဖွဲ့ မဏ္ဍပ်များဆောက်လုပ်ကာ တေးသံရှင်များ၊  ယိမ်းအဖွဲ့များဖြင့် ကပြဖျော်ဖြေခြင်း၊  စတုဒိသာများ  ကျွေးမွေးဧည့်ခံခြင်းတို့ဖြင့်     အေးချမ်းပျော်ရွှင် စည်ကား သိုက်မြိုက်စွာ ကျင်းပလေ့ရှိရာ  ထိုင်းနိုင်ငံမှ လာရောက်သူများ၊ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ  ရောက်ရှိ နေသူများက ရေသဘင်ပွဲတော်ကို တပျော်တပါး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလေ့ရှိသည်။

 

 

 

 

 

ထို့အပြင်   ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ရုံးပိတ်ရက်အတွင်း  အေးချမ်းပျော်ရွှင်စွာ အပန်းဖြေ ရေကစားနိုင်ရန်  ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များက ပုန်းထွန်ရေချောင်း(ခေါ်)  လွယ်တော်ခမ်းရေချောင်းတွင်   ယာယီ ဝါးတဲများဆောက်လုပ်၍  စားသောက်ဆိုင်များ နှစ်စဉ် ဖွင့်လှစ်ရောင်းချပေးလျက်ရှိသည်။ 

 

အလားတူ တာချီလိတ်မြို့နယ်တွင် မယ်ဟုတ်ကျေးရွာအနီးရှိ မယ်ဟုတ်ရေချောင်းနှင့် မဲခေါင်မြစ်ကမ်း ဘေးရှိ  ဇွဲသာယာကမ်းခြေနေရာ၊ တာလေမြို့ မိုင်းလင်း(အရှေ့) ကျေးရွာအုပ်စု နမ့်မွေချောင်းတွင်   သင်္ကြန် ကာလ အပန်းဖြေ အနားယူ ရေကစားနိုင်ရန်နှင့် စားသောက်ဆိုင်ခန်းများ  စတင်ဖွင့်လှစ်လျက်ရှိသည်။

 

 

 

 

 

ယင်း နမ့်မွေချောင်းသည် တာလေမြို့မှ (၇)မိုင်ခန့်ကွာဝေးပြီး တာလေ-ကျိုင်းလပ်သွား ကားလမ်း ပေါ်တွင်တည်ရှိပြီး တာလေမြို့မှတစ်ဆင့်   သွားရောက်နိုင်မည်ဖြစ်သဖြင့်    သင်္ကြန်ကာလအတွင်း ရှမ်းပြည် နယ်(အရှေ့ပိုင်း)ရှိ  တာချီလိတ်မြို့နယ်အတွင်း အေးချမ်းပျော်ရွှင်စွာ အပန်းဖြေလာရောက်နိုင်ကြောင်း ခရိုင် ပြန်/ဆက် ဦးစီးဌာနမှ သတင်းရရှိသည်။

 

MDN