တာချီလိတ်မြို့နယ်၌ ငွေကျပ်သိန်း ၅,၆၀၀ ကျော် တန်ဖိုးရှိ အိုက်စ်များ၊ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

 

နေပြည်တော်   ဇန်နဝါရီ   ၂၈

 

တာချီလိတ်မြို့နယ်၌ ငွေကျပ်သိန်း ၅,၆၀၀ ကျော် တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ၊ လက်နက် ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၅ ရက် မွန်းလွဲ ၂ နာရီခွဲတွင် တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်တွင် ဟောင်လိတ်စက်မှုဇုန်မှ မြို့ရှောင်လမ်း သို့ မောင်းနှင်လာသည့် Toyota Crown မော်တော်ယာဉ်ကို သတင်းအရ စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် အဆိုပါ ယာဉ်မှာ ဆက်လက်မောင်းနှင်၍ လမ်းဘေး တောစပ်တွင် ယာဉ်အားရပ်တန့်ပြီး ယာဉ်မောင်းမှာ ထွက်ပြေး သွား သဖြင့် ၎င်းမော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် သိန်း ၅,၆၀၀ ကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ကီလို ၇၀ သိမ်းဆည်းရမိခဲ့ကြောင်း၊ ဖော်ထုတ် ချက်အရ ပူးပေါင်းအဖွဲ့သည် ညနေ ၃ နာရီခွဲတွင် တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၊ အမှတ်(ဝလ/၉၅)ရှိ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများပိုင်ရှင် မောရှည်(၄၅)နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ အဆိုပါ နေအိမ်၌ ကျိုင်းတုံမြို့မှ ရောက်ရှိနေသည့် မောရှည်နှင့်အတူ အိုက်စ်(မက်သ်အဖက်တမင်း)များ ရောင်းဝယ်ရာတွင် အကျိုးတူ ပူးပေါင်းပါဝင်သူ မနာလောခမ်း (၄၄)နှစ်အား Toyota Crown မော်တော်ယာဉ် တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ မနာလောခမ်းအား စစ်ဆေး ဖော်ထုတ်ချက်အရ ညနေ ၅ နာရီခွဲတွင် တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ မာပို()ကျေးရွာရှိ မောရှည်ပိုင် ရော်ဘာခြံကို ဆက်လက် ရှာဖွေရာ လှဝင်း (၁၈)နှစ်အား စိတ်ကြွရူးသွပ်ဆေးပြား ၁,၈၀၀၊ ပွိုင့် ၂၂ သေနတ်ကိုယ်ထည် ၁ ခု၊ ပွိုင့် ၂၂ ပြောင်း ၁ ခု၊ ပွိုင့် ၂၂ စနိုက်ပါမှန်ပြောင်း ၁ ခု၊ ၄၀ မမ ဗုံးသီး ၃ လုံး၊  လက်ပစ်ဗုံးမျိုးစုံ ၈ လုံး၊ ကျည်မျိုးစုံ ၆၅၂ တောင့်နှင့် သေနတ်လွယ်ကြိုး ၅ ချောင်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်