တာချီလိတ်၊ နောင်ချို၊ ပင်လောင်းနှင့် မိုင်းဆတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော် ၁၃  ဇူလိုင် 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များသည် ဇူလိုင် ၁၂ ရက် ညနေ ၄ နာရီတွင် တာချီလိတ်မြို့၊ ဆန်ဆိုင်းရပ်ကွက်(က)၊ ဆန်ဆိုင်းဈေးလမ်းတွင်တွေ့ရှိသူ ခိုင်ဇော်(ခ)ရွာသားအား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈,၀၀၀ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကိုလည်းကောင်း။

အလားတူ ယင်းနေ့ နံနက် ၁၁ နာရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် နောင်ချိုမြို့နယ်၊ လွန်းကျော်ကျေးရွာအဝင် ထင်းရှူးတောအနီး၊ မူဆယ်-မန္တလေးသွားကားလမ်းတွင် ကျော်စိုးဝင်း(ခ)ပါကျဲ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂,၀၀၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ အုမ္မခါးကျေးရွာအုပ်စု၊ ရွှေညောင်ပင်ကျေးရွာနေ ထွန်းလင်း(ခ)ဝမ်ခေး၏နေအိမ်အား ရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၉၄၅ နှင့် မြန်မာငွေကျပ် ၃၅၀,၀၀၀ တို့ကို လည်းကောင်း။

ထို့အတူ နံနက် ၉ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များသည် ပင်လောင်းမြို့နယ်၊ ပင်လောင်းကြီးကျေးရွာအုပ်စု၊ လွယ်ပြားကျေးရွာရှိ ပင်လောင်းမြို့အဝင် ဘီးခွန်ကောက်ခံရေးစခန်းတွင် ခရီးသည်တင်မော်တော်ယာဉ်ကိုရှာဖွေစဉ် ခရီးသည် တင်ဝင်းအောင် (ခ)ပေါက်စီ ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၆၀ ကိုလည်းကောင်း။

အလားတူ ဇူလိုင် ၁၀ ရက် ညနေ  ၃ နာရီခွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မိုင်းဆတ်မြို့နယ်၊ မိုင်းတွန်း(တောင်ပေါ်)ကျေးရွာအုပ်စု၊ ပလောင်ပူတွန်းကျေးရွာ၏အနောက်ဘက် မီတာ ၃,၃ဝဝ ခန့်အကွာရှိ ရေချောင်းဘေးလျှိုအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြားအကြေ ၄ ကီလို၊ ကဖင်း ၁၅၉ ဒသမ ၆ ကီလို၊  ဆာလဖြူရစ်အက်ဆစ် ၂,၅၅၄ ဒသမ ၃ လီတာတို့ကို သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ  သိရသည်။

(သတင်းစဉ်)