တအာင်း(ပလောင်)တိုင်းရင်းသားမျိုးနွယ်စုများ၏ထူးခြားသည့်မင်္ဂလာစည်တော်ကြီး

တိုင်းရင်းသားလူမျိုးစုများ၏စာပေယဉ်ကျေးမှုများနှင့်ပတ်သက်၍ကြေးမုံသတင်းစာမှစနေနေ့တိုင်းရင်းသားရေးရာကဏ္ဍတွင်အပတ်စဉ်ဖော်ပြပေးနေသည်ကိုတွေ့ရှိရပြီးလေ့လာမှတ်သားစရာဗဟုသုတများတိုးပွားခဲ့ရပါသည်။

 

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့တွင် မတ်၂၁ရက်မှ ၂၅ရက်အထိ စည်ကားသိုက်မြိုက်စွာကျင်းပပြီးစီးခဲ့သည့်ပြန်ကြားရေးဝန်ကြီးဌာနနှင့်ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ကြီးမှူးစီစဉ်ကျင်းပသည့် ''တိုင်းရင်းသားလူမျိုးစုများ၏စာပေယဉ်ကျေးမှုဖွံ့ဖြိုးရေးပွဲတော်နှင့် ဈေးရောင်းပွဲတော်'' တွင်ကျွန်တော်သည်ဌာန၏တာဝန်ပေးချက်အရရိုက်ကူးရေးတာဝန်ထမ်းဆောင်စဉ်သိရှိခဲ့သမျှများထဲမှ ဆောင်းပါးတစ်ပုဒ်ရေးသားရန်ကြံစည်ခဲ့သော်လည်းအကြောင်းအမျိုးမျိုးကြောင့်မရေးဖြစ်ခဲ့ဘဲယခုအချိန်မှသာလျှင် ရေးသားချင်စိတ်များတဖွားဖွားဖြစ်ပေါ်လာကာ ပြန်လည်မျှဝေလိုသဖြင့် တအာင်း (ပ လောင်) တိုင်းရင်းသားမျိုးနွယ်စုများ၏မင်္ဂလာစည်တော်ကြီး ပေါ်ပေါက်လာပုံအကြောင်းကို ရေးသား တင်ပြလိုပါသည်။

 

မွန်ခမာအနွယ်ဝင်တအာင်း (ပလောင်) မျိုးနွယ်စုများသည် အာရှတိုက်အလယ်ပိုင်းမွန်ဂိုကုန်းပြင်မြင့်ဒေသတွင် ပေါက်ဖွားဆင်းသက်လာကြသူများဖြစ်ကြပြီးဘာသာစကားနှင့်ယဉ်ကျေးမှုများထွန်းကားခဲ့သည့်လူမျိုးတစ်မျိုးဖြစ်သည်။အာရှတိုက်နေရာ ဒေသအနှံ့အပြားတွင်လည်း ပြန့်ကျဲစွာနေထိုင်ကြပါသည်။ တအာင်း(ပလောင်) မျိုးနွယ်စုများသည်မွန်ဂိုကုန်းပြင်မြင့်ဒေသတွင် နေထိုင်ခဲ့စဉ် ကပင် စည်တော်ကြီး (ကဘေဲန်းဒါင်း) ကိုတီးခတ်လာခဲ့ ကြောင်းလူကြီး သူမများ၏ တစ်ဆင့်စကားတစ်ဆင့်နားဖြင့် သိရှိရ ပါသည်။မွန်ဂိုလီးယားကုန်းပြင်မြင့်ဒေသတွင်နေထိုင်ခဲ့ကြစဉ်တစ်ခုသောကာလ၌ကြာရှည်စွာမိုးခေါင်ရေရှားကပ်ဘေးဆိုက်ရောက်ခဲ့သည်။

 

လယ်ယာခြံမြေထွန်ယက်စိုက်ပျိုးသည့် လုပ်ငန်းများမဖြစ်ထွန်းတော့ဘဲလူနှင့် အိမ်မွေးတိရစ္ဆာန်တို့၏ ကျန်းမာရေးလည်းအလွန်ပင်ဆုတ်ယုတ်ချို့တဲ့လာကြသည်။ထို့ကြောင့်ဝမ်းစာအတွက်သစ်ဥသစ်မြစ်၊သစ်သီးဝလံများကို တောထဲတောင်ထဲရှာဖွေစားသောက်ကြရသည်။

 

တစ်နေ့သောအခါ၌သစ်ဥသစ်မြစ်ရှာဖွေရင်း တောတွင်းတစ်နေရာတွင်မိုးခြိမ်းသံလိုလို တော်လည်း သံလိုလိုထူးဆန်းသည့်အသံဖြစ်ပေါ်လာပြီးထိုအသံလာရာသို့လိုက်လံရှာဖွေကြည့်ကြရာသစ်ပင်ကြီးတစ်ပင်မှအသံထွက်လာကြောင်းတွေ့ရသည်။ထိုသစ်ပင်ကြီးကိုခုတ်လှဲလိုက်ရာပင်စည်မှာအပေါက်ငယ်တစ်ပေါက်နှင့်ပင်စည်ထဲတွင်အခေါင်းဖြစ်နေသည်ကိုတွေ့ရသည်။အပေါက်ငယ်ပါရှိသည့်အပိုင်းကိုခုတ်ပိုင်းပြီးစည်တော်ကြီးအဖြစ်ပြုလုပ်ရန်သဘောတူညီခဲ့ကြသည်။



ထိုကဲ့သို့သဘောတူခဲ့ကြသည့်အတိုင်းအပေါက်ငယ်ပါသော သစ်လုံးအပိုင်းကိုပြုပြင်ပြီးစည်တော်ကြီးဖြစ်အောင်ထွင်းလုပ်ပုံဖော်ခဲ့ကြသည်။စည်တော်ကြီး၏ ရှေ့မျက်နှာပြင်နှင့် နောက်မျက်နှာပြင်ကိုနွားသား ရေဖြင့်လည်းကောင်း၊ ရှေ့နောက်မျက်နှာ ပြင်များကိုတင်းကျပ်နိုင်ရန် အတွက်တင်းကြိုးကိုကျွဲသား ရေဖြင့် လည်းကောင်းပြုလုပ်ကြကာခိုင်ခိုင်ခံ့ခံ့ရက်လုပ်ပုံဖော်ကြသည်။ ရှေ့မျက်နှာပြင်နှင့် နောက် မျက်နှာ ပြင်များကိုတင်းနေအောင်လည်းအထူးဂရုစိုက်တင်းပေးကြသည်။

 

သို့သော်စည်တော်ကြီး၏ မျက်နှာစာကိုတီးကြည့်သောအခါ အသံကောင်းကောင်းမထွက်ပေါ်ဘဲသိမ်သောအသံသာထွက်ပေါ်လာခဲ့သည်။ထိုအခါ ပါလာသောအပေါက်ငယ်ကို အဆို့ဖြင့်ပိတ်ပြီး တီးခတ် ကြည့်ကြသော်လည်း စည်တော်ကြီး၏ အသံသည် ထူးခြားမှု မရှိခဲ့ပေ။ ထို့နောက်နည်း အမျိုးမျိုးဖြင့် စမ်းသပ်ခဲ့ကြရာ ရှေ့မျက်နှာစာကို တောင်ပို့မြေ (ရွှံ့စေးမြေ)ဖြင့်ပတ်စာပတ်ပေးပြီး တီးခတ်ကြည့် ရာစည်တော်ကြီး၏ဟိန်းသံသည်ဒေသတစ်ခုလုံးလွှမ်းမိုးသွားပါတော့သည်။စည်တော်ကြီး၏ဟိန်းသံထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ယံတစ်ခွင်လုံးတွင်မိုးအုံ့လာပြီးလျှပ်စီးလက်ခြင်းများနှင့်အတူမိုးခြိမ်းသံများထွက်ပေါ်လာကာသဲသဲမဲမဲမိုးရွာသွန်းချပါတော့သည်။မမျှော်လင့်ဘဲသဲသဲမဲမဲမိုးကြီးရွာသွန်းသောအခါဒေသမှလူများသည်အလွန်ဝမ်းမြောက်ဝမ်းသာစွာဖြင့်ကခုန်ကြလေတော့သည်။

 

ကာလကြာရှည်မိုးခေါင်ရေရှားဖြစ်နေသော မွန်ဂိုကုန်းပြင်မြင့်ဒေသသည် ထိုမှစ၍မိုးမှန်မှန်ရွာသွန်းပြီးရာသီဥတုလည်းမျှတလာသည်။လယ်ယာခြံမြေစိုက်ခင်းပျိုးခင်းများလည်း ဖြစ်ထွန်း အောင်မြင်လာကာ စီးပွား ချမ်း သာကျန်းမာ ပျော်ရွှင်လာကြသည်။

 

ထိုဒေသမှလူများသည် စည်တော်ကြီး၏ မြည်ဟိန်းသံကြောင့် မိမိတို့ဒေသမှာ မိုးမှန်မှန်ရွာသွန်း၍ ရာသီဥတုလည်းမျှတလာသောကြောင့်စည်တော်ကြီးကို ယုံကြည်လာကြပြီးစည်တော်ကြီးကိုမင်္ဂလာစည်တော်ကြီးဟုအသိအမှတ်ပြုလာကြသည်။ထို့ကြောင့်မင်္ဂလာစည်တော်ကြီးကို တစ်ရွာပြီးတစ်ရွာပင့်ဖိတ်ပြီးမင်္ဂလာစည်တော်ကြီးကြွ ချီလာရာရွာအဝင်တွင်အနီရောင်ပိတ်စ၊ငှက်ပျောဖီး၊လက်ဖက်ထုပ်နှင့်သပြေခက်တို့ဖြင့်ပွဲကြိုဆိုကာ မင်္ဂလာယူ၍ တီးခတ်ကြသည်။

 

နှောင်းပိုင်းတွင်ကျန်သောကျေးရွာများကလည်း မင်္ဂလာစည်တော်ကြီးကိုထွင်းလုပ်လာကြသည်။နှစ်စဉ်စုပေါင်းမင်္ဂလာစည်တော်ကြီးတီးပွဲများ၊ကပွဲများနှင့်စုပေါင်းပြီးမင်္ဂလာစည်တော်ကြီးအတီးပြိုင်ပွဲများကိုလည်းကျင်းပလာကြသည်။

 

မင်္ဂလာစည်တော်ကြီးအတီးပြိုင်ပွဲများကိုမိုးနှောင်း၊ ဆောင်းဦးရာသီ၊ နွေလယ်ကာလများ တွင်ကျင်း ပလေ့ရှိသည်။ယခင်ကမင်္ဂလာစည်တော်ကြီးကိုအလွတ်သာတီးခတ်ကြသော်လည်း နှောင်းပိုင်းတွင်ကြေးမောင်းကြီးနှင့် ကြေးလင်းကွင်းများ မြိုင်မြိုင်ဆိုင် ဆိုင်ပူးတွဲပြီး တီးခတ်လာခဲ့ကြသည်။ ထိုစဉ် ကတည်းက တအာင်း(ပလောင်) လူမျိုးများသည် မင်္ဂလာစည်တော်ကြီးကို အမြတ်တနိုး တန်ဖိုးထား ကာ အစဉ်အလာမပျက်ထိန်းသိမ်း လာခဲ့ကြပါသည်။ ယခုခေတ်တိုင်အောင် ဘုရားပွဲ၊ တရားပွဲ၊ အလှူပွဲ နှင့်ရိုးရာယဉ်ကျေးမှုပွဲတော်များ တွင်လည်း မင်္ဂလာစည်တော်ကြီးကို အမြတ်တနိုး တန်ဖိုး ထားရှိကာရိုးရာယဉ်ကျေးမှုတစ်ခုအဖြစ်ထိန်းသိမ်းနေဆဲ ဖြစ်သည်။ (တအာင်းမင်္ဂလာစည်တော်ကြီး ပေါ်ပေါက်လာပုံသမိုင်းကြောင်းမူရင်းမှ ပြန်လည်ကူးယူဖော်ပြသည်။)

 

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ကြီးမှူးစီစဉ်ကျင်းပသည့်''တိုင်းရင်းသားလူမျိုးစုများ၏စာပေယဉ်ကျေးမှုဖွံ့ဖြိုးရေးပွဲတော်နှင့် ဈေးရောင်းပွဲတော်''ကိုရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး မြို့တွင်မတ်၂၁ရက်မှ၂၅ရက်အထိ စည်ကားသိုက်မြိုက် စွာကျင်းပပြီးစီးခဲ့သည်။

 

တိုင်းရင်းသားလူမျိုးစုများ၏ စာပေနှင့်ယဉ်ကျေးမှုအမွေအနှစ်များအဓွန့်ရှည်တည်တံ့စေရန်၊ တိုင်းရင်းသားလူမျိုးစုများ၏ရိုးရာအစားအသောက်၊အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်းများကိုအားပေးမြှင့်တင်ရန်၊တိုင်းရင်းသားလူမျိုးစုများအချင်းချင်းရင်းနှီးချစ်ခင်မှုမှတစ်ဆင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပိုမိုခိုင်မာအားကောင်းလာစေရန်နှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ရေးနှင့်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာစေရေးအတွက်အထောက်အကူ ဖြစ်စေရန်စ သည့်မွန်မြတ် သောရည်ရွယ်ခ ချက်များဖြင့် အောင်မြင်စွာကျင်းပခဲ့သည်။

 

အဆိုပါပွဲတော်တွင်တိုင်းလုံ(ရှမ်းကြီး)၊ဂုံရှမ်း၊တိုင်းခမ်းတီ၊တိုင်းဆာ(ခ)မိုင်းတာ၊တိုင်းလိုင်(ရှမ်း)၊တိုင်းနေ(ရှမ်း)၊'ဝ'၊ပအိုဝ်း၊ဓနု၊အင်းသား၊တအာင်း(ပလောင်)၊ကိုးကန့်၊ကချင်၊ကယန်း၊ယင်းနက်၊ယင်းကျား၊လီဆူ၊အာခါ၊ တောင်ရိုး၊ထနော့၊လားဟူ၊အဲန်၊ မြောင်ဇီးစသည့် တိုင်းရင်းသား မျိုးနွယ်စုများ ကမိမိတို့၏ ရိုးရာအသုံးအဆောင်တူရိယာပစ္စည်းများ၊ရိုးရာဝတ်စုံများ၊ရိုးရာအကအလှများ၊ ရိုးရာအစားအသောက် များ ခင်းကျင်း ပြသရောင်းချ၍ပါဝင်ဆင်နွှဲခဲ့ကြသည်။

 

မည်သို့ပင်ဆိုစေကာမူရိုးရာဓလေ့၊ စာပေယဉ်ကျေးမှု၊ ဘာသာစကားကွဲပြားသော်ငြားလည်း မြန်မာနိုင်ငံအတွင်းမှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားမျိုးနွယ်စုများ ပင်ဖြစ်ကြ သည်။အချို့ သောတိုင်းရင်း သားမျိုးနွယ်စုများမှာဘာသာစကား၊ရိုးရာဝတ်စုံ၊အစားအသောက်၊ရိုးရာအကများတည်ရှိသော်လည်းစာပေမရှိကြပါ။

 

တိုင်းရင်းသားမျိုးနွယ်စုများ၏ စာပေစာတမ်း၁၅စောင်နှင့် တိုင်းရင်းသားလူမျိုးစုသမိုင်းယဉ်ကျေးမှုဓလေ့ဆိုင်ရာစာတမ်း ၁၂ စောင်ကို တောင်ကြီးတက္ကသိုလ် ဘွဲ့နှင်းသ ဘင်ခန်း မ၌ စာတမ်းဖတ်ကြားခြင်းကို မတ်၂၁ရက်မှ၂၄ရက်အထိဆောင်ရွက်ခဲ့ကြသည်။အလားတူတိုင်းရင်းသားယဉ်ကျေးမှုပြခန်း၂၃ ခန်း၊ ဌာနဆိုင်ရာပြခန်းကိုးခန်း၊စာအုပ်အရောင်းဆိုင် ၅ဝ ၊ရိုးရာအစားအသောက် ပြပွဲ၊ ဈေးရောင်းပွဲတို့ကို မီးပုံးပျံကွင်းတွင်မြိုင်မြိုင်ဆိုင်ဆိုင်ပြသခဲ့ကြသည်။ထို့အတူတိုင်းရင်းသားယဉ် ကျေးမှုအကအဖွဲ့၄၅ဖွဲ့တို့ကလည်း တစ်ညလျှင်အကအဖွဲ့ကိုး ဖွဲ့နှုန်းဖြင့်ငါးညတိုင်တိုင်ည၇နာရီမှစတင်၍ရိုးရာအကအလှများဖြင့် ညစဉ်ကပြဖျော်ဖြေခဲ့ကြသည်။

 

စာရေးသူသည် ''တိုင်းရင်းသားလူမျိုးစုများ၏ စာပေယဉ်ကျေးမှုဖွံ့ဖြိုးရေးပွဲတော်နှင့် ဈေးရောင်းပွဲတော်''တွင်တိုင်းရင်း သားညီအစ်ကိုများ၏စာပေနှင့် ရိုးရာယဉ်ကျေးမှုများကို ကိုယ်တိုင်ကိုယ် ကျမှတ် တမ်းတင်လေ့လာခဲ့ရသည်။ ထိုကဲ့သို့ရိုးရာ မပျက်အစဉ် အလာကောင်းများ ကိုမျိုး ဆက်သစ်လူငယ် များကလက်ဆင့်ကမ်းအမွေဆက်လက်ထိန်းသိမ်းစောင့်ရှောက်သွားရန်လိုကြောင်း ရေးသားတင်ပြလိုက်ပါသည်။

 

မိုးလွင်ဦး(လွိုင်လင်)