ထူးမြတ်သည့် အဘိဓမ္မာအခါတော်နေ့

၁၃  အောက်တိုဘာ

ယနေ့သည် ၁၃၈၁ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) ဖြစ်သည်။ မြတ်စွာဘုရားရှင်ကို ရည်မှန်း၍ ဆီမီးလျှံတို့ဖြင့် ပူဇော်ထူးကို ပြုလုပ်ကြသောကာလဖြစ်သည်။ အနှစ်ချုပ်မှာ မယ်တော်ဖြစ်ခဲ့ဖူးသူကို ကျေးဇူးဆပ်ခြင်း၊ အဘိဓမ္မာတရားကို မြတ်စွာဘုရားထံမှ နာကြားရခြင်း၊ နတ်ဗြဟ္မာအပေါင်းတို့ ပီတိသောမနဿ ပွားစေခြင်းငှာ တန်ခိုးပြာဋိဟာ ပြတော်မူခြင်းဟူသည့် ထူးခြားလေးနက်မှုများကို ဆောင်ပေသည်။

မြတ်စွာဘုရားရှင်သည် ဆဋ္ဌမဝါကို မကုလတောင်၌ ဝါဆိုတော်မူပြီးနောက် သတ္တမဝါကို တာဝတိံသာ နတ်ပြည်သို့ ကြွရောက်တော်မူသည်။ တာဝတိံသာနတ်ပြည်တွင် မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတ နတ်သားကိုအမှူးပြု၍ လောကဓာတ်တစ်သောင်းမှ စုဝေးရောက်ရှိလာကြကုန်သော နတ်ဗြဟ္မာအပေါင်းတို့အား ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရားကို ဟောကြားတော်မူသည်။

အဘိဓမ္မာတရားကို ဟောကြားသည်ဆိုရာ၌ မြတ်စွာဘုရားသည် ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရားကို ဟောကြားတော်မူ၍ ဒေသနာတော်၏အဆုံး၌ ကုဋေရှစ်သန်းမျှလောက်သော နတ်ဗြဟ္မာတို့သည် သစ္စာလေးပါးတရားကို မြင်ကြလေသည်။ မယ်တော်နတ်သားလည်း သောတာပတ္တိဖိုလ်၌ တည်လေသည်။ ကျေးဇူးတကာတို့တွင် တရားတော်ဖြင့် ကျေးဇူးဆပ်ခြင်းသည် အမြတ်ဆုံးပေတည်း။ ထိုသို့ ဝါတွင်းသုံးလပတ်လုံး နတ်ပြည်၌ အဘိဓမ္မာတရားဟောကြားချိန်၌ အရှင်သာရိပုတ္တရာသည်လည်း မြတ်စွာဘုရားထံမှ သင်ခဲ့ရသော အဘိဓမ္မာကထာမဂ္ဂကို မဇ္ဈိမဒေသသို့ ဆောင်ယူလာ၍ တပည့်ရဟန်းငါးရာတို့အား သင်ကြားပို့ချနေ၏။ နတ်တို့ရွာဝယ် အရှင်သာရိပုတ္တရာက တပည့်ငါးရာတို့အား အဘိဓမ္မာတရားသင်ကြားပြီးဆုံးခြင်းသည် တစ်ရက်တည်း၊ တစ်ပြိုင်တည်းဖြစ်သည်။

သီတင်းကျွတ်လပြည့်နေ့သို့ ရောက်သောအခါ မြတ်စွာဘုရားက သိကြားမင်းအား သင်တို့နတ်ရွာဝယ် ငါပြုအပ်သော ကိစ္စပြီးပြီ၊ လူ့ပြည်ခရီးသို့ ယနေ့ငါသက်တော်မူအံ့ဟု မိန့်တော်မူသောအခါ သိကြားမင်းက သုဒဿနမြို့ တောင်တံခါးမှသည် သင်္ကဿနဂိုရ်ပြည် တောင်တံခါးသို့တိုင်အောင် ပတ္တမြားစောင်းတန်း၊ ရွှေစောင်းတန်း၊ ငွေစောင်းတန်း စောင်းတန်းသုံးသွယ်ဖန်ဆင်းပေးသည်။ ဘုရားရှင်သည် သုဒဿနမြို့ထိပ်၌ ရပ်တော်မူပြီး နတ်ဗြဟ္မာတို့ ပီတိသောမနဿပွားစေခြင်းငှာ တန်ခိုးပြုဋိဟာ ပြတော်မူလျက် အထက်အောက်ကြည့်တော်မူသည်။

မြတ်စွာဘုရားတန်ခိုးတော်ကြောင့် လူတို့သည် နတ်ပြည်ခြောက်ရွာ ဗြဟ္မာ ၂၀ အလုံးစုံမြင်၏။ နတ်တို့လည်း လူ့ပြည်မှသည် အဝီစိတိုင်အောင် အကုန်မြင်၏။ ဘုရားရှင်လည်း ရောင်ခြည်တော်ခြောက်သွယ် အပြိုင်ထွန်းလင်းလျက် လူ့ပြည်သို့ဆင်းသက်တော်မူသည်။ ယင်းသို့ အံ့ဖွယ်သရဲထူးကဲလွန် မြတ်သော ဘုရားသခင်၏ အသရေတော်ကို လူအပေါင်းတို့ ရှုမျှော်ရလျှင် အဆအရာဝမ်းသာနှစ်သက် ချီးမွမ်းအံ့ကြကုန်လျက် အုန်းအုန်းကျွတ်ကျွတ်မျှ ပူဇော်ကြသည်။ ဤနေ့သည် သီတင်းကျွတ်လပြည့်နေ့ ဖြစ်သည်။

ထိုကဲ့သို့ ဂုဏ်ထူးဝိသေသများနှင့် ပြည့်စုံသော သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့တွင် ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင်သာမက လောကဓာတ်တစ်ခွင်တွင် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံနေမည်မှာ အမှန်ဖြစ်သည်။ ထိုနေ့တွင် မြတ်စွာဘုရားရှင်ကို ရိုသေမြတ်နိုးပူဇော်ခြင်းသာမက အဘိဓမ္မာတရားတော်များ၊ ပဋ္ဌာန်းဒေသနာတော်များ၊ နတ်တို့ချစ်ရာဒေသနာများကို မြန်မာနိုင်ငံအနှံ့ပူဇော်ကြသည်မှာ ကြည်နူးပီတိဝေဖြာ၍ ကောင်းကျိုးမင်္ဂလာ တိုးပွားစေမည်ဖြစ်ပါသည်။

သို့ဖြစ်ရာ သီတင်းကျွတ်ကာလ သီတင်းကျွတ်ပွဲတော်နှင့် ယနေ့ကျရောက်သော သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့တွင် ကောင်းမှုအထူးများပြုကြရင်း နောင်အရှည်တိုင်အောင် ကောင်းမြတ်သော ထိုအစဉ်အလာများကို ပြုလုပ်ကြခြင်းဖြင့် ပစ္စုပ္ပန်၊ သံသရာနှစ်ဖြာအကျိုးတိုးပွားအောင် ကြိုးစားဆောင်ကြဉ်းစေလိုပါကြောင်း။

ကြေးမုံ