ထူးမြတ်ပူဇော် ဥပ္ပါတသန္တိစေတီတော်(နေပြည်တော်)

 

 

ညိုထွန်းလွင်

 

နေပြည်တော်သည်  မြန်မာနိုင်ငံတော်၏  အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် လုံခြုံရေး အပါအဝင် အချက်အချာကျရာ မြို့တော်ကြီးဖြစ်သည်။ ယခင်အစိုးရရုံးစိုက်ခဲ့ရာ ရန်ကုန်မှ နေပြည်တော်တည်ရှိရာ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ တပ်ကုန်းမြို့နယ် အပါအဝင် ဥတ္တရသီရိ၊ ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိ၊ ဇမ္ဗူသီရိ၊ ဇေယျာသီရိမြို့နယ်များ ဖွဲ့စည်းလျက် သမ္မတရုံး၊ လွှတ်တော်၊ အစိုးရဝန်ထမ်းအိမ်ရာများ၊ ဝန်ကြီးရုံးများ တည်ဆောက်ခဲ့ရာ ယခုအခါ စည်ကားသိုက်မြိုက်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။

 

မြန်မာနိုင်ငံသည် ရှေးယခင် နှစ်ပေါင်းများစွာကတည်းက ထေရဝါဒ ဗုဒ္ဓဘာသာသာသနာ ကိုးကွယ်ရာ နိုင်ငံဖြစ်သည်နှင့်အညီ အောက်ဖော်ပြပါ စေတီ၊ ဘုရားများကို အကြီးအကဲတို့ ဝါယမစိုက်ကာ နေပြည်တော်၌ တည်ထားကိုးကွယ်ခဲ့ကြသည်။

 

( ၁ )   ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး။

( ၂ )   ဖွား၊ ပွင့်၊ ဟော၊ စံ သံဝေဇနိယ ၄ ဌာန ဗုဒ္ဓဂယာဘုရားများ။

( ၃ )   မဟာသကျရံသီ ရပ်တော်မူဘုရား။

( ၄ )   ထာဝရငြိမ်းချမ်းရေးစေတီတော်။

( ၅ )   မာရဝိဇယ ကျောက်တော်ကြီးဘုရား(တည်ဆောက်ဆဲ)။

 

ဥပ္ပါတသန္တိကုန်းတော်တွင်      “ဥပ္ပါတသန္တိ စေတီတော်၊ ဖိုးဇောင်းတောင်အောက်ခြေ၊ တပ်ကုန်းနှင့် ဒက္ခိဏသီရိ မြို့နယ်ကြားရှိ   တောင်ခြေ၊  တောင်ကုန်း၊  တောတန်းနေရာများ၌ “ဖွား၊ ပွင့်၊ ဟော၊ စံ သံဝေဇနိယ ၄ ဌာန  ဗုဒ္ဓဂယာဘုရားများ၊  ဖိုးဇောင်းတောင်ပေါ် (ယခင်အခေါ် အဖိုးစောင့်တောင်)ရှိ  “မဟာသကျရံသီ   ရပ်တော်မူ ကျောက်ဆစ်ရုပ်ပွားတော်၊ ဒက္ခိဏသီရိမြို့နယ်နှင့် လယ်ဝေး မြို့နယ် အစပ်ရှိ  “ထာဝရငြိမ်းချမ်းရေးစေတီတော်၊   ယခုတည်ဆောက်ဆဲ ဖြစ်သော   ဒက္ခိဏသီရိမြို့နှင့်    နေပြည်တော်- ရန်ကုန်- မန္တလေး အဝေးပြေးလမ်းမကြီးအနီးရှိ “မာရဝိဇယဘုရား (ကမ္ဘာ့အကြီးဆုံး ကျောက်ဆစ်ရုပ်ပွားတော်ဘုရားကြီး)တို့ကို နိုင်ငံတော်အကြီးအကဲတို့က သာသနာတော်ကို စောင့်ရှောက်ရင်း တည်ထားပူဇော် တည်ဆောက်ခဲ့ကြသည်။

 

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသည် နေပြည်တော်ဟု တည်ဆောက်ခဲ့စဉ်မှစ၍ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဉာဏ်တော်အောက် တစ်ပေလျော့ကာ ဉာဏ်တော် ၃၂၅ ပေ အမြင့်ဖြင့် ရွှေတိဂုံစေတီတော် ပုံတော်အတိုင်း ၂၀၀၆ ခုနှစ် ဩဂုတ် ၄ ရက်မှစ၍ တည်ထားပူဇော်ခဲ့သည်။ ၂၀၀၉ ခုနှစ်တွင်  ရွှေထီးတော်တင်လှူနိုင်ခဲ့ပြီး သာသနာသက္ကရာဇ် ၂၅၅၂ ခုနှစ်(မြန်မာသက္ကရာဇ် ၁၃၇၀ ခုနှစ် တပေါင်းလဆန်း ၁၄ ရက်၊ ခရစ်သက္ကရာဇ် ၉ - ၃ - ၂၀၀၉  တွင် အပြီး တည်ဆောက်၍ “ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနား ကျင်းပခဲ့ပြီး ဖြစ်သည်။

 

မဟာမင်္ဂလာ ၉ ဆင့်ဖြင့် တည်ဆောက်ပူဇော်ခဲ့ပြီးဖြစ်ရာ ယခုအခါ စေတီတော်မြတ်ကြီးအား -

 

(၁) သဗ္ဗညုတ ဂေါတမဗုဒ္ဓဘုရားရှင်၏ သာရီရိက ဓာတ်တော်အစစ် ခြောက်ဆူ ဌာပနာသွင်းလှူ ပူဇော်ထားရှိခြင်း။

(၂) စေတီကုန်းတော်ပေါ်တွင် အရံစေတီများ၊ အာရုံခံတန်ဆောင်းများ မထားရှိခြင်း။

(၃) အမြင့် ၇၃ ပေ ၈ လက်မရှိသော ဘုရားဖူးပရိသတ် ၁၀၀၀၀ ဆံ့ လိုဏ်တော်စေတီကြီးဖြစ်ခြင်း။

(၄) လိုဏ်တော်အတွင်း  ဉာဏ်တော် ၃ ပေ ၂ လက်မရှိ ကကုသန္ဓ၊ ကောဏဂမန၊ ကဿပ၊ ဂေါတမ ကျောက်စိမ်းဗုဒ္ဓရုပ်ပွားတော် လေးဆူနှင့် သီရိလင်္ကာနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ လှူဒါန်းထား ရှိသော “ဗုဒ္ဓမြတ်စွယ်တော် နှစ်ဆူ ပူဇော်ထားရှိခြင်း။

(၅) စေတီရင်ပြင် အရှေ့မြောက်ထောင့်တွင် ဘုံခုနစ်ဆင့်ပါ ဂန္ဓကုဋိကျောင်းဆောင်တွင်း၌ “မဟာဆုတောင်းပြည့် ပန်းပေါင်းစုံ ရုပ်ပွားတော်မြတ်ကြီး ပူဇော်ထားရှိခြင်း။

(၆) စေတီတော် အရှေ့တောင်နှင့် အနောက်တောင်ထောင့်တို့၌ ဓာတ်လှေကား လေးစင်း တည်ဆောက်ထားရှိခြင်း။

(၇) စေတီတော်တွင် ခြင်္သေ့ရုပ်၊ ဘီလူးရုပ်ပုံများ မပါရှိခြင်း။

(၈) ရင်ပြင်တော်အကျယ်မှာ ၇၀၂ ပေဖြစ်၍ ရင်ပြင်တော်ပေါ်၌ ဘုရားဖူးပရိသတ် ၂၀၀၀၀ ခန့် ပူဇော်ဖူးမြော်နိုင်ခြင်း။

(၉) အမြင့် ၁၀၈ ပေရှိသော ခံ့ညားကြီးမားလှသည့် တံခွန်တိုင်ကြီးအား ရင်ပြင်တော် အရှေ့တောင်ထောင့်အရပ်တွင် တည်ဆောက်ပူဇော်ထားရှိခြင်း စသည့် ထူးခြားမှုများဖြင့် သပ္ပာယ်စွာ ကြည်ညိုဖူးမြော်နိုင်ကြပြီ ဖြစ်သည်။

 

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် အခြားစေတီဘုရားများထက် ထူးခြားပြည့်စုံတော်မူသော အောက်ဖော်ပြပါ အဆောက်အအုံများစွာကိုလည်း ခံ့ညားထည်ဝါစွာ မြင်တွေ့ဖူးမြော်ပူဇော်နိုင်ကြသည် -

(၁) ဆင်ဖြူတော် ခုနစ်စီး (ဘဒ္ဒဝတီ၊ နန္ဒဝတီ၊ ဟေမဝတီ၊ ငွေဆဒ္ဒန်၊ ဇာတကလျာ၊ သီရိမာလာ၊ ရဋ္ဌနန္ဒက) ရှိရာ ဆင်ဖြူအဆောင်တော်ကြီး။

(၂) မာလိနီမင်္ဂလာရေကန်တော်နှင့် ရှင်ဥပဂုတ္တ စံကျောင်းတော်။

(၃) စေတီတော်လိုဏ်အတွင်း နံရံကပ်ဗုဒ္ဓဝင်ကျောက်ထွင်း ပန်းချီကားများ။

(၄) စေတီတော်ရင်ပြင် အနောက်မြောက်ထောင့်တွင် အကျယ် ပေ ၅၀ ရှိ မဟာအောင်မြေနေရာ။

(၅) စေတီတော်အောက်ခြေ ပရိဝုဏ်အတွင်း မြေနေရာများတွင် ပွင့်ရာဗောဓိ ၂၈ ပင်နှင့် နှစ်ကျိပ်ရှစ်ဆူဘုရားများ၊ ဗောဓိ ညောင်ပင် ၁၀၈ ပင်၊ မဟာဗောဓိညောင်ပင်ကြီး သုံးပင်။

(၆) အလျား ၇၅ ပေ၊ အနံ ၇၅ ပေ၊ အမြင့် ၁၆ ပေရှိ “ဝိသုံဂါမ ရွှေသိမ်တော် ၊ အလျား ၁၁၇ ပေ၊ အနံ ပေ ၅၀၊ အမြင့် ၁၅ ပေရှိ “စေတိယပါလစံကျောင်းတော်ကြီး၊ အလျား ပေ ၄၃၀၊ အနံ ၃၅၆ ပေ၊ အမြင့် ၁၉ ပေ ၆ လက်မရှိ “သာသနာ့မဟာ ဗိမာန်တော်ကြီး၊ အလျား ၄၅၆ ပေ၊ အနံ ပေ ၉၀၊ အမြင့် ၁၄ ပေရှိ အိပ်ခန်း ၁၅ ခန်းပါ “သံဃာရာမကျောင်းဆောင် လေးဆောင်၊ အလျား ၂၅၁ ပေ ၄ လက်မ၊ အနံ ၇၉ ပေ ၈ လက်မ၊ အမြင့် ၃၂ ပေရှိ “ပြတိုက်-ပိဋကတ်တိုက်-မော်ကွန်း တိုက် နှစ်ထပ်အဆောက်အအုံကြီး၊ အလျား ၁၉၅ ပေ၊ အနံ ၈၆ ပေ၊ အမြင့် ၂၄ ပေရှိ “ဂေါပကအဖွဲ့ရုံး နှစ်ထပ် အဆောက်အအုံကြီး။

(၇) စေတီတော် အရှေ့၊ အနောက်၊ တောင်၊ မြောက်တို့၌ တည်ရှိသော စောင်းတန်း လေးသွယ်နှင့် အရှေ့တောင်၊ အရှေ့မြောက်၊ အနောက်တောင်ဘက်ခြမ်းတို့၌ နားနေဇရပ် သုံးဆောင် တည်ဆောက်ထားရှိခြင်း။

 

နှစ်ကျိပ်ရှစ်ဆူ ဘုရားများအား စေတီဝတ္တကမြေအတွင်း လှည့်လည် ပူဇော်နိုင်သလို ဝိသုံဂါမ ရွှေသိမ်တော်ကြီး၊ ဆရာတော်ကြီးများ နားနေ ဆောင် စေတိယပါလစံကျောင်းတော်ကြီးများနှင့်တကွ သာသနာ အခမ်းအနားပူဇော်ပွဲများကျင်းပရာ သာသနာ့မဟာဗိမာန်တော်ကြီး၊ သံဃာတော်များ နားနေရန် သံဃာရာမကျောင်းဆောင် လေးဆောင်အပြင် ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ရန် ဗုဒ္ဓစာပေဆိုင်ရာ ပြတိုက်-ပိဋကတ် တိုက်- မော်ကွန်းတိုက်နှင့် ဂေါပကအဖွဲ့ရုံးစိုက်ရာနေရာတို့တွင် မြန်မာမှုဗိသုကာလက်ရာများစွာကို အပြည့်အဝ တွေ့မြင်ခံစား လေ့လာခွင့်ရရှိကြမည်။

 

mdn

 

စေတီတော် အရှေ့ဘက်စောင်းတန်းအောက်ခြေ အရှေ့ဘက်ရှိ ဆင်ဖြူတော် ခုနစ်စီးထားရှိရာ ဆင်ဖြူတော်ဆောင်မှာ ခံ့ညားကျယ်ဝန်းလှသည်။ ဆင်ဖြူတော်များ ရေချိုးရန်နှင့် လှည့်လည်သွားလာနိုင်ရန် ၅၀ ဒသမ ၃ ဧက ကျယ်ဝန်းသည့် သစ်တောမြေနေရာရှိသည်။

 

ပင်လယ်ရေပြင်အမြင့် ၅၁၉ ဒသမ ၇၆၁ ပေတွင် စေတီကုန်းတော်ကြီး တည်ရှိပြီး ပွဲတော်များကျင်းပရာ ကွင်းမြေ ၅၄ ဒသမ ၈၉ ဧက၊ မီးရှူး မီးပန်း ကွင်းမြေ ၄၁ ဒသမ ၃၂ ဧက၊ ဝတ္တကမြေ ၁၇၇ ဒသမ ၉၃ ဧက၊ အဆောက်အအုံနှင့် ဘုရားစေတီနေရာများ အပါအဝင် စုစုပေါင်း ၃၂၄ ဒသမ ၄၄ ဧက ကျယ်ဝန်းသည်။

 

စေတီတော်၏ အနောက်မြောက်ထောင့်အရပ်တွင် ဗုဒ္ဓခြေတော်ရာ သိရီပါဒကျောင်းတော်နှင့် ဩဝါဒပါတိမောက်စေတီတော်ငယ်တစ်ဆူ၊ စေတီတော်အနောက်ဘက်အောက်ခြေ ကားလမ်းအနီး၌ အမြင့် ခုနစ်ပေရှိ ရပ်တော်မူကျောက်ဆစ်ရုပ်ပွားတော်တစ်ဆူနှင့် ကျောင်းဆောင်ငယ် တစ်ဆောင်တို့မှာလည်း ဝတ္တကနယ်မြေအတွင်း လှူဒါန်းတည်ဆောက် ထားရှိခဲ့ကြရာ မော်တော်ယာဉ်ဖြင့် လှည့်လည်ပူဇော်ဖူးမြော်နိုင် ကြသည်။

 

မော်တော်ယာဉ်များထားရှိရန် ကွန်ကရစ်ခင်းကွင်းပြင်များ၊ ဘုရားဈေးတန်းတို့မှာလည်း စေတီတော် ပတ်ပတ်လည် အခြေများ၌ တည်ဆောက်ထားရှိရာ လာရောက်ဖူးမြော်ပူဇော်ကြသူ ဘုရားဖူးများစွာ အတွက် အဆင်ပြေချောမွေ့လှသည်။

 

ယခုအခါ ရွှေစင်ရွှေပြားများကိုလည်း စေတီတော်၏ ဒုတိယဖောင်းရစ် အထိ ကပ်လှူ ပူဇော်ခဲ့ပြီးဖြစ်ရာ ရွှေစင်ရွှေပြားသင်္ကန်းတော်များစွာတို့သည် စေတီတော်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ငှက်ပျောဖူး၊ ငှက်ပျောဖူးအောက်ခါးစည်း၊ အထက်ကြာနု၊ ကြာလန်၊ ရွဲအထက် ဖောင်း၊ ရွဲ၊ ရွဲအောက်ဖောင်း၊ ကြာမှောက်၊ အောက်ကြာနု၊ အောက်ကြာနု အောက်ခါးစည်းကြီး၊ တတိယဖောင်းရစ်(တတိယဂေါ့)၊ ဒုတိယဖောင်းရစ် (ဒုတိယဂေါ့) ဒုတိယဖောင်းရစ်အထိ ရွှေရောင် တဝင်းဝင်းဖြင့် ကြည်ညို သပ္ပာယ်စွာ ဖူးတွေ့ရမည်ဖြစ်ပြီး စေတီတော်ကြီး၏ ကျန်ရှိနေရာများတွင် ရွှေစင်ရွှေပြားများ ကပ်လှူပူဇော်နိုင်ရေးအတွက်လည်း ဂေါပကအဖွဲ့က ကြိုးပမ်းဆောင်ရွက်လျက် ရှိကြသည်။

 

စေတီတော်ကြီးတွင် လစဉ်အလိုက် ပွဲတော်အခမ်းအနားများကိုလည်း စဉ်ဆက်မပြတ် နှစ်စဉ် ကျင်းပခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို ၁၂ လလုံး လစဉ် စီမံဆောင်ရွက် ခဲ့ကြပြီး တန်ခူးလ နှစ်ဆန်း ၁ ရက်နေ့ နံနက်တွင် နှစ်သစ်မင်္ဂလာအန္တရာယ် ကင်း ပရိတ်တရားတော်နာအခမ်းအနား၊ ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲတော်အခမ်းအနား၊ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာ အခါတော်နေ့)တွင် ဝါဆိုရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲ၊ သံဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း ပွဲအခမ်းအနား၊ ဝါတွင်း သုံးလတွင် လဆန်း ၈ ရက်၊ လဆုတ် ၈ ရက် နှင့် လပြည့်၊ လကွယ်နေ့များတွင် ဥပုသ်သီလပေးပွဲ၊ သီတင်းကျွတ်လပြည့် နေ့တွင် အဘိဓမ္မာအခါတော်နေ့ အခမ်းအနား၊ သီလပေးပွဲနှင့် ဆီမီး ထွန်းညှိ ပူဇော်ပွဲတော်၊ တန်ဆောင်မုန်းလပြည့်နေ့တွင် ရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားနှင့် ဆီမီးထွန်းညှိပူဇော်ပွဲတော်၊ တပေါင်းလတွင် ဗုဒ္ဓပူဇနိယပွဲ၊ ဘုရားပွဲ (ပျော်ပွဲ၊ ရွှင်ပွဲ)၊ သာသနာတော် ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ၊ ဆွမ်းဆန်တော် လောင်းလှူပွဲ အခမ်းအနားများ ပူဇော်ကျင်းပခဲ့ကြသည်။

 

မြန်မာနိုင်ငံတော်အတွင်း ထေရဝါဒဗုဒ္ဓသာသနာတော်အား စောင့်ရှောက်ရာ သာသနာ့နယ်မြေ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ခမ်းနားကြီးကျယ်မြင့်မြတ်မှုကို အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ လာရောက်ဖူးမြော်နိုင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။