ထူးခြားရတနာ

သတင်းဆောင်းပါး - ညိုထွန်းလွင်

ရတနာလို့ပြောကြရင် ရတနာတို့ရဲ့ အထွတ်အမြတ်ဆုံးအဖြစ် ခံယူသိရှိထားတဲ့ရတနာက “ဘုရားရတနာ”ပါ။ အဲဒီကနေ ဒုတိယ အထွတ်အမြတ်ရတနာအဖြစ် “တရားရတနာ”၊ တတိယအထွတ် အမြတ်ရတနာကတော့ “သံဃာရတနာ”ပါပဲ။ ကျွန်တော်ဦးတည် ရေးသားလိုတာက “ထူးခြားရတနာ” ဆင်ရတနာဆိုတဲ့အထဲက “ဆင်ဖြူတော်ရတနာ” အကြောင်းပါ။

“ဆင်ဖြူတော်ရတနာ”နဲ့ပတ်သက်ပြီး ၂၃ - ၇ -၂၀၂၂ရက်နေ့ မင်္ဂလာနံနက် ၆နာရီခွဲအချိန် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် ဝါခေါင် လဆုတ် ၁၄ ရက် အင်္ဂါနေ့မှာပဲ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်း (သစ်တောဌာန)မှာ မိခင်ဆင်မကြီး “ဇာနန်းလှ” (၃၃)နှစ်က အရပ်၂' ၆" လုံးပတ် ၃' ၂"၊ အလေးချိန်ပေါင် ၂၀၀ ရှိတဲ့ ဆင်ဖြူတော်ရဲ့ ကြန်အင်လက္ခဏာတို့၌ ထိပ်ဆုံးမှာရှိတဲ့ ဆင်ဖြူတော်အထီးလေးကို မွေးဖွားသန့်စင်ပေး လိုက်တဲ့သတင်း ကြားသိရမှုပါပဲ။ အခုဆိုရင် သုံးလသားအရွယ် ပေါင် ၂၅၀ ခန့် ရှိနေပါပြီ။
ဒါဟာ အင်မတန်လေးနက်ထူးခြားတဲ့သတင်းကောင်းတစ်ခုပါ။ သာမန်အားဖြင့် ဆင်ဖြူတော်ရရှိလာဖို့ရာ သာမန်ဆင် ၁၀၀၀၀ မျှမှာ တစ်ကောင်မျှ ဖြစ်ခဲလှတယ်ဆိုတာ လေ့လာသိရှိဖူးပါတယ်။ နောက် အထီးကလေး၊ နိုင်ငံက “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ”မှာပါ။ ဒီနေရာမှာ ဘာထူးခြားလို့လဲမေးရင် ဆင်ဖြူတော်လေးဟာ “အင်္ဂါသား”၊ “အဖြူရောင်”၊ ဗေဒင်ကိန်းခန်းအရ “ဥဿာ၊ စိန်ပန်း၊ ဒန်းလှကိုရှာ” မိတ်ဓာတ်၊ “မြန်မာ”ဆိုတဲ့ နိုင်ငံတော်ရဲ့ မဟာမိတ် ဓာတ်ကြီးလို့ယူဆရင်လည်း မြန်မာနိုင်ငံတော်ရဲ့ ထူးခြားလှတဲ့ “ထူးခြားရတနာ” မဟာအဆွေတော်ဆင်ဖြူတော်ရယ်လို့ တင်စား ဖွဲ့ဆိုနိုင်ပါတယ်။ ။

ကျွန်တော် “ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး” ရှိရာကို ဦးခိုက် ဖူးမြော်ရင်း ထူးခြားရတနာ “ဆင်ဖြူတော် များ”ထားရှိရာကိုအရောက်သွားခဲ့ပါတယ်။ စေတီတော်အရှေ့ဘက်မုခ်ကားလမ်းမကြီးများလျက် အရှေ့ ဘက်ခြမ်းမှာ ဆင်ဖြူတော်ခန်းမဆောင်ကြီးကို ရောက်လာပါတယ်။ အဆောင်ကြီးတိုးချဲ့ တည်ဆောက်ဖို့ တာဝန်ရှိကြသူအဆင့် ဆင့်က စီစဉ်နေကြောင်း သိရပါတယ်။ ဆင်ဖြူတော်တွေအကြောင်း လေ့လာရာမှာ အောက်ဖော်ပြပါအတိုင်း တွေ့ရှိရပါတယ် -

(၁) နန္ဒဝတီ(NANDA WADDY) ခန့်မှန်း ၁၉၉၂  ခုနှစ်ဖွား (၃၀)နှစ်၊ ဆင်ဖြူတော်အမ။ 
(၂) ဟေမာဝတီ(HAYMAR WADDY) ခန့်မှန်း ၁၉၉၆ ခုနှစ်ဖွား
(၂၆)နှစ်၊ ဆင်ဖြူတော်အမ။ 
(၃) ငွေဆဒ္ဒန်(NGWE SADDAN) ခန့်မှန်း ၂၀၀၇ ခုနှစ်ဖွား
(၁၅)နှစ်၊ ဆင်ဖြူတော်အထီး။ 
(၄) သီရိမာလာ(THIRI MARLAR) ခန့်မှန်း ၂၀၀၈ ခုနှစ်ဖွား
(၁၄)နှစ်၊ ဆင်ဖြူတော်အမ။ 
(၅) ဘဒ္ဒဝတီ(BHADDA WADDY) ခန့်မှန်း ၁၉၇၂ ခုနှစ်ဖွား
(၅၀)နှစ်၊ ဆင်ဖြူတော်အမ။

(၆) ဇာတကလျာ (ZATA KALYAR) ၂၇ - ၁၁ - ၂၀၁၁ ခုနှစ်ဖွား (၁၁) နှစ်၊ ဆင်ဖြူတော်အမ။ ။

နေပြည်တော်သူ ဆင်ဖြူတော်မလေး 

ထူးခြားရတနာအဖြစ် ကျွန်တော်မှတ်တမ်းတင်ချင်တာက “ဇာတကလျာ” ဆင်ဖြူတော်အမလေးနဲ့ အခုထပ်မံမွေးဖွားလာခဲ့တဲ့ ဆင်ဖြူတော် အင်္ဂါသားလေးတို့ပါ၊ သူတို့ရဲ့ မွေးနေ့သက္ကရာဇ်ကို အတိအကျသိရှိရပြီး ဇာတကလျာက နေပြည်တော်သူစစ်စစ် ဖြစ်ခဲ့ ပါတယ်။ မွေးဖွားခဲ့စဉ်က ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးကို လှည့်လည် ပူဇော်ခဲ့ရာမှ ခမ်းနားတင့်တယ်စွာ အမည်ပေးကင်ပွန်းတပ်ခံခဲ့ရပြီး နေပြည်တော်သူ ဆင်ဖြူတော်မလေးအဖြစ် ထူးခြားစွာ ဘုရားစေတီ မှာ ယခုတိုင် ခစားလျက်ရှိနေပါတယ်။ ။

နေပြည်တော်မှာ ဆင်ဖြူတော်အမငါးစီးနဲ့ အထီးတစ်စီး စုစုပေါင်း ခြောက်စီးရှိနေကြပါတယ်။ ဆင်ဖြူတော်ရေချိုးသန့်စင်ဖို့နေရာ ကျန်းမာရေးအရ ကျယ်ပြန့်တဲ့သစ်တောလွှတ်ကျင်း၊ လုံခြုံတဲ့ခန်းမ အဆောင်နေရာကြီးနဲ့ ပြည့်စုံတဲ့အကာအရံတွေနဲ့ ၅၃ ဧကမျှကျယ်ဝန်းပြီး သစ်တောဦးစီးဌာနက တိရစ္ဆာန်ဆရာဝန်ကြီးတွေ၊ ဆရာဝန်တွေ၊ အရာထမ်းရှစ်ဦးအပါအဝင် အဆင့်ဆင့်နဲ့ ဆင်ဖြူတော်တွေကို ပြုစု | စောင့်ရှောက်ထားရှိတာ တွေ့ရှိရပါတယ်။

ဆင်ဖြူတော်တွေကို ကျွေးမွေးရာမှာလည်း “ကြံ၊ ထန်းလျက်၊ ဝါးရွက်၊ ထနောင်းရွက်၊ ဂျုံ၊ ဖွဲ၊ ကုလားပဲပြုတ်၊ စပါးပြတ်၊ မြက်” စတာတွေဖြစ်ကြပြီး အဓိကမြက်အတွက် ဧက ၂၀ ခန့်နေရာမှ နေဗီယာမြက်မျိုး စိုက်ပျိုးပြီးကျွေးမွေးကြကြောင်း၊ ဆင်ဖြူတော် အစာဖိုးဟာလည်း အရွယ်အစားကြီးမားမှုကြောင့် နေ့စဉ်တန်ချီပြီး လစဉ်ခန့်မှန်း ငွေ ၂၇ သိန်းနဲ့ သိန်း ၃၀ ခန့်ရှိကြောင်း၊ ဆင်ရောဂါ တွေဖြစ်တဲ့ အကြောတင်၊ အကြောမျက်၊ ဖက်ခွက်နာ၊ နှင်းခူ၊ မျက်စိနာ၊ အစာအိမ်လမ်းကြောင်းနာ၊ လေချုပ်၊ သန်ကောင်ရောဂါ တွေအပြင် ကြိုတင်ကာကွယ်ဆေးအဖြစ် ထောင့်သန်း၊ မေးခိုင်၊ လည်ချောင်းကွဲရောဂါတွေအတွက် ထိုးနှံထားပြီး ဂရုတစိုက် စောင့်ရှောက်ရကြောင်း သိရှိခဲ့ရပါတယ်။

ထူးခြားရတနာဖြစ်ရတဲ့ အကြောင်းရင်းခံများစွာကို ဆက်လက် ရေးဖွဲ့လိုပါတယ်။ ဗုဒ္ဓဝင်ထဲက “ဝေဿန္တရာ မင်းကြီး” ရဲ့ အကြောင်းပါ။ မင်းကြီးဟာ “ပစ္စယ” အမည်တွင်ခေါ်တဲ့ ဆင်ဖြူတော်ကို အလှူခံ လာတဲ့ ကလိင်္ဂရာဇ်တိုင်းသားတို့နယ်မြေမှာ ရာသီဥတုမမှန်ကန်မှုကြောင့် အစာရေစာငတ်မွတ်ခေါင်းပါးလျက်ရှိရာ အလှူခံလာသူ ပုဏ္ဏား ကိုယ်စားလှယ်တို့ထံ ပေးဆပ်လှူဒါန်းခဲ့မှုပါ။ မင်းကြီးကို အမတ်တွေနဲ့တကွ မင်းတိုင်ပင်ခံ တို့ရဲ့ ကန့်ကွက်မှုကြောင့် ထီးနန်း စွန့်ခွာပြီး မြိုင်ရပ်ကိုနှင်ခြင်းခံခဲ့ရတဲ့ ဘုရားအလောင်းတော်ရဲ့ဘဝ ဗုဒ္ဓဝင် ဖြစ်စဉ်အမှန်ပါ။ 
ဆင်ဖြူတော်ရဲ့တန်ဖိုးကို မခန့်မှန်းနိုင်လောက် တဲ့အထိ ထူးခြားစွာရှိနေပြီး ဘုရားအလောင်းရဲ့ ပေးဆပ်ဝံ့ရဲမှုကို ကြက်သီးထမျှ ရင်မှာ ထူးခြားစွာခံစားမိပါတယ်။

ဆဒ္ဒန်ဆင်မင်းရဲ့ ဖြစ်စဉ် 

ထပ်မံထူးခြားတာက ဆင်ဖြူရတနာ “ဆဒ္ဒန်ဆင်မင်း” ရဲ့ ဖြစ်စဉ် ပါ၊ ဘုရားလောင်းလျာဆင်မင်းဟာ “ဆင်ဖြူရတနာ” ဖြစ်ပြီး အစွယ် လိုသူမိဖုရား၊ စေခိုင်းသူ မင်းဧကရာဇ်၊ ဘုရား ကျွန်တော် သောနုတ္တရ သတ်ရပါကြောင်း ဝန်ခံမှုအတွက် ဗုဒ္ဓဝင်လာအဆိုအရ မိမိအစွယ်ကို ဖြတ်ပြီး ပေးဆပ်ခဲ့မှုပါ။ အံ့မခန်းထူးခြားမှုပါပဲ။

“ဆင်ရတနာ၊ မြင်းရတနာ”လို့ ခေါ်ဆိုသမုတ်ခဲ့မှုအပေါ်မှာ ရာဇဝင်ထဲက Alexandar the Great ဂရိသူရဲကောင်းဟာ စစ်ပွဲပေါင်း များစွာကို မြင်းစစ်သည်တွေနဲ့ အောင်နိုင်ခဲ့ရာမှာ အိန္ဒိယစစ်မြေပြင် မှာ အိန္ဒိယစစ်တပ်ရဲ့ ဆင်တပ်ကြောင့်သူ့ရဲ့ မဟာမြင်းတပ်ပျက်စီးပြီး ၎င်းမင်း ကျဆုံးခဲ့မှုသမိုင်းပါပဲ။ ဒါဟာ “ဆင်ရတနာ”ရဲ့ တန်ဖိုးတစ်ခု  ပါပဲ။ ဆင်ဆိုတဲ့သတ္တဝါတွေဟာ တစ်ကမ္ဘာလုံးမှာ အာဖရိကနဲ့ အာရှမှာပဲ များစွာရှိနေတာကိုလည်း သတိထားမိပြန်ပါတယ်။ မြန်မာနိုင်ငံမှာ ဆိုရင် ဆင်ဖြူတော်တစ်စီးပိုင်မင်းကို “တစ်စီးရှင်”၊ ငါးစီးပိုင်လျှင် “ငါးစီးရှင်”၊ ဆင်ဖြူများစွာပိုင်လျှင် “ဆင်ဖြူများရှင်” ဘွဲ့တွေ ခံယူ ခဲ့ကြတာကိုလည်း နားလည်ထားမိပါတယ်။ ဆင်တွေရဲ့ သက်တမ်း ဟာလည်း ခန့်မှန်း အနှစ် ၁၀၀ ကနေ ၁၂၀ ခန့်ရှိကြောင်းလည်း လေ့လာ သိရှိရပါတယ်။ 

ရှေးက အမိမြန်မာနိုင်ငံတော်ကြီး တည်ဆောက်ရာမှာ ဆင်တပ် ဟာ ထိပ်ဆုံးမှာ ဦးဆောင်ခဲ့ပြီး အရှေ့ဘက် ဇင်းမယ်၊ အယုဒ္ဓရ၊ အနောက်ဘက် အာသံ၊ မဏိပူရအထိ၊ ရှိခေါဘဏီ တပ်ကြီးတွေနဲ့ ရှေးဘုရင်တို့ အောင်နိုင်မှုရရှိခဲ့ကြောင်း သိရှိခဲ့ရပြန်ပါတယ်။ 

နိဂုံးချုပ်အနေနဲ့ မကြာမီရောက်ရှိလာမယ့် ဆင်ဖြူတော်တစ်စီး (အထီး)အတွက် နိုင်ငံတော်အကြီးအကဲတွေ၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရဲ့ ဂေါပကအဖွဲ့နဲ့ ဝန်ထမ်းတွေ၊ ဆင်ဖြူတော်ဝန်ထမ်း (သစ်တောဦးစီးဌာန)တွေ၊ ဆင်ဖြူတော်ခန်းမဆောင်ကြီး တိုးချဲ့ တည်ဆောက်ရေး၊ အလှူတော်ငွေရရှိရေး၊ ကျွေးမွေးစောင့်ရှောက်ရေး တို့ကို ဦးတည်ဆောင်ရွက်နေပါတယ်။ ။
မကြာမီ ဖွံ့ဖြိုးတိုးတက်လာတော့မယ့် အမိနိုင်ငံတော်ကြီး အတွက် “ထူးခြားဆင်ဖြူတော်ရတနာ”ဟာ အတိတ်နိမိတ်ကောင်း ကြီးတစ်ခုအဖြစ် ကျွန်တော်နဲ့တကွ ပြည်သူတွေ ယုံကြည်စွာ ရှိနေပါကြောင်းတင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။ ။ 

ကျမ်းကိုး။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှထုတ်ဝေသည့် ကောင်းမြတ်ချိန်ခါ ဆင်ဖြူတော်ရတနာစာအုပ်မှ အချက်အလက်အချို့ကို မှီငြမ်းကိုးကားပါသည်။