ထရမ့်နှင့် ဘိုင်ဒင်တို့ အမေရိကန်အနောက်အလယ်ပိုင်းပြည်နယ်များတွင် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်

ဝါရှင်တန်  ၁  နိုဝင်ဘာ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဒီမိုကရက်တစ်သမ္မတလောင်း ဂျိုးဘိုင်ဒင်တို့သည် အမေရိကန် အနောက်အလယ် ပိုင်းပြည်နယ်များတွင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများ လုပ်ဆောင်လျက်ရှိကြောင်း နိုင်ငံတကာသတင်း တစ်ရပ်တွင် ဖော်ပြလိုက်သည်။

အဆိုပါဒေသသည် ကူးစက်မှု မြင့်တက်နေသည့် ဒေသဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အနောက်အလယ်ပိုင်း ပြည်နယ်သုံးခုဖြစ်သော ဝစ္စကွန်ဆင်း မင်နီ ဆိုးတားနှင့် မီချီဂန်တို့တွင် အောက်တိုဘာ ၃၀ ရက်က မဲဆွယ် စည်းရုံးမှုများ လုပ်ဆောင်ခဲ့သည်။ ပြည်သူ့သဘောထားအမြင် စစ်တမ်းများက အမေရိကန်သမ္မတထရမ့်က ဂျိုးဘိုင်ဒင်ကို အမီလိုက်နေရကြောင်း ဖော်ပြထားသည်။

အမေရိကန်သမ္မတ ထရမ့်က ဝစ္စကွန်ဆင်ပြည်နယ် မဲဆွယ်စည်းရုံးမှုတွင် လာမည့်သီတင်းပတ် အနည်းငယ်အတွင်း အမေရိကန် ပြည်သူများကို လုံခြုံစိတ်ချရသည့် ကာကွယ်ဆေးများ ဖြန့်ဝေမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က စီးပွားရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများ ပြန်လည်ဖွင့်လှစ်ရန် တိုက်တွန်းပြောကြားလိုက်သည်။ ရွေးကောက်ပွဲတွင် မိမိအောင်နိုင်ခဲ့ပါက နောက်နှစ်တွင် စီးပွားရေး ပြန်လည် နာလန်ထူနိုင်အောင် လုပ်ဆောင်မည် ဖြစ်ကြောင်း၊ သို့သော်လည်းဘိုင်ဒင်သာ အောင်နိုင်ခဲ့ပါက စီးပွားရေး ဒီထက်ပိုပြီးကျဆင်း လာမည်ဖြစ်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ဘိုင်ဒင်သာ အနိုင်ရခဲ့ပါက သူ့အနေဖြင့် အမေရိကန်နိုင်ငံကို နောက်တစ်ခါ ထပ်မံပြီး ကန့်သတ်ပိတ်ဆို့မှုများ ပြုလုပ်မည်ဖြစ်သောကြောင့်ဖြစ်ကြောင်း ထရမ့်က ပြောကြားလိုက်သည်။

နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲမတိုင်မီ ထရမ့်၏ အစီအစဉ်တွင် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှု ၁၇ ခု ပါဝင်မည်ဖြစ်ကြောင်းနှင့် အဓိကအားဖြင့် ရွေးကောက်ပွဲတစ်ဆစ်ချိုး ပြောင်းလဲမှုဖြစ်ပေါ်မည့် ပြည်နယ်များ ပါဝင်ကြောင်း သိရသည်။ ဘိုင်ဒင်သည် အနောက်အလယ်ပိုင်း ပြည်နယ်သုံးခုတွင်မဲဆွယ်စည်းရုံး မှုပြုလုပ်ခဲ့ကြောင်း သိရသည်။ ဝစ္စကွန်ဆင်ပြည်နယ်တွင် ဘိုင်ဒင်က သမ္မတထရမ့်သည် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုကို လက်လျှော့လိုက်ပြီ ဖြစ်ကြောင်း ပြောကြားလိုက်သည်။ ဘိုင်ဒင်သည် အမေရိကန်သမ္မတဟောင်း ဘားရတ်အိုဘားမားနှင့် မီချီဂန်ပြည်နယ်တွင် အောက်တိုဘာ ၃၁ ရက်၌ ပူးတွဲမဲဆွယ်ခဲ့သည်။

ယခုလို သမ္မတဟောင်းနှင့်အတူ ပူးတွဲမဲဆွယ်မှုပြုလုပ်ခြင်းသည် အမေရိကန် ရွေးကောက်ပွဲလှုပ်ရှားမှုသမိုင်းတွင် ပထမဆုံးဖြစ်သည်။ အမေရိကန် ပြည်ထောင်စု တစ်ဝန်း အောက်တိုဘာ ၂၉ ရက်က တစ်ရက်တည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်အတည်ပြု သူပေါင်း ၉၀၀၀၀ ခန့်ရှိခဲ့ပြီး ၁၀၀၀ ထက်မနည်း သေဆုံးခဲ့သည်။

အင်န်အိတ်ချ်ကေ