ထန်းတပင်မြို့နယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

ထန်းတပင် ဇူလိုင် ၃၀

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် သီရိမဂ်လာခန်းမတွင် ယနေ့ နံနက် ၇ နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် (၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား လူမျိုးဘာသာမရွေး ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ယနေ့တွင် မြို့ပေါ်ရပ်ကွက်(၆)ရပ်ကွက်နှင့် ချောင်းဝကျေးရွာအုပ်စုတို့မှ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံရာတွင် ရပ်ကွက်နှင့် ကျေးရွာများအား ထန်းတပင်မြို့ သီရိမဂ်လာခန်းမတွင်လည်းကောင်း၊ ဇရပ်ကြီးကျေးရွာ စာသင်ကျောင်းတွင် လည်းကောင်း၊ လှည်းလမ်းကူးကျေးရွာ စာသင်ကျောင်းတွင် လည်းကောင်း စုရပ်(၃)ဖွဲ့ခွဲ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ကာကွယ်ဆေးထိုးနှံမှု စနစ်တကျရှိစေရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီက တစ်မြို့နယ်လုံးအတွက် ကာကွယ်ဆေးထိုး စိစစ်ကြီးကြပ်ရေးအဖွဲ့ (၁၀)ဖွဲ့ ဖွဲ့စည်းကာ ရပ်ကွက်နှင့် ကျေးရွာများအလိုက် ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှမြင့်နှင့် တာဝန်ရှိသူများက ဆေးထိုးနှံနေမှုများအားကြည့်ရှုအားပေးကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၈၀၀) ရောက်ရှိကာ လူဦးရေ ၁၆၀၀ အား ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၉ အုပ်စုတွင် ဇူလိုင် ၂၉ ရက်မှ သြဂုတ်လ ၁ ရက်နေ့အထိ သက်ဆိုင်ရာစုရပ်များ၌ အသက် ၆၅ နှစ်အထက် အဘိုးအဘွားများအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)