ထန်းတပင်မြို့နယ်၌ တရားမဝင်ကျွန်းခွဲသားများ တင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး ဖမ်းဆီးရမိ

ထန်းတပင် ၁၁ ဇွန်

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ ကုန်းလှည်းဆိပ်ကျေးရွာ၊ လမ်းဆုံအနီးတွင် ဇွန်လ  ၉ ရက် နံနက် ၇ နာရီ ၁၅ မိနစ်က တရားမဝင် ကျွန်းခွဲသားများ တင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးကို ဖမ်းဆီးရမိခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

ဖြစ်စဉ်မှာ  ရန်ကုန်မြောက်ပိုင်း ခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသောင်းနိုင် ဦးဆောင်၍ မှော်ဘီမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းရွှေ၊ ထန်းတပင်မြို့နယ် ဦးစီးမှူး ဦးမင်းသူ၊ အင်းစိန်တောအုပ်ကြီး ဦးဌေးဝင်းနှင့် သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့မှတပ်ကြပ် ကျော်နိုင်ပါ (၂) ဦး၊ ကုန်းလှည်းဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်းအဖွဲ့ဝင်များသည် ရေပေါ်သောင်တံတား၊ ထန်းတပင် - ကျူတော လမ်းဆုံနှင့် ကုက္ကိုဝ တံတားထိပ်တို့တွင် တရားမဝင်သစ်များ သယ်ဆောင်ခြင်းရှိ/မရှိ ပိတ်ဆို့စစ်ဆေးဆောင်ရွက်နေစဉ် တိုက်ကြီးဘက်မှ ထန်းတပင်ဘက်သို့ မသင်္ကာဖွယ်ရာ မောင်းနှင်လာသော အဖြူရောင် (၆) ဘီးယာဉ်တစ်စီးကို ရေပေါ်သောင် တံတားတွင် တွေ့ရှိသဖြင့် တားဆီးစစ်ဆေးခဲ့ရာ ၎င်းယာဉ်မှာ ရပ်တန့်ခြင်းမရှိဘဲ ကျူတောလမ်းဆုံဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့သည်။ မောင်းနှင်ထွက်ပြေး သွားသည့် ယာဉ်အား လိုက်လံတားဆီး စစ်ဆေးခဲ့ကြရာ ကုန်းလှည်းဆိပ်ကျေးရွာ လမ်းဆုံအနီးတွင် ၎င်းယာဉ်ကို ရပ်တန့်ထားရှိခဲ့ပြီး ယာဉ်ပေါ်ပါရှိသူများမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။

ထို့နောက် ရပ်တန့်ထားသည့် ယာဉ်အား ပူးပေါင်းအဖွဲ့သည် သက်သေများနှင့် အတူစစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် တရားမဝင် ကျွန်းခွဲသား (၄၁) ချောင်း၊ (၄ ဒသမ ၃၇၄၆) တန်ကို ဖမ်းဆီး သိမ်းဆည်းရမိခဲ့သည်။ ဖမ်းဆီးရရှိမှုနှင့်ပတ်သက်၍ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ယာဉ်ပိုင်ရှင်၊ ပစ္စည်းပိုင်ရှင်နှင့် ဆက်စပ်တရားခံများအား ဖော်ထုတ် အရေးယူနိုင်ရေးအတွက် တော်လတဲ့နယ်မြေ ရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း ထန်းတပင်မြို့နယ်ဦးစီးမှူး ဦးမင်းသူထံမှ သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)