ထန်းသီးမှ တန်ဖိုးမြှင့်စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်

မြစ်ကြီးနား ၈  အောက်တိုဘာ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့မင်းတန်းရပ်ကွက်ရှိ အညာသားကြီး၊ အသေးစား စားသောက်ကုန်လုပ်ငန်းတွင် ထန်းသီးတစ်လုံးအား စွန့်ပစ်ပစ္စည်းများမရှိအောင် တန်ဖိုးမြှင့်စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိ ကြောင်း ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရှိရသည်။

“ဒီမှာကတော့ ကျွန်တော်တို့အညာဒေသလောက် ထန်းသီးမပေါဘူး။ အညာမှာတော့ ထန်းသီးတွေ ကြွေကျ တာနဲ့ အခုလို စားသောက်ကုန်ထုတ်လုပ်ဖို့ ဘယ်သူမှ မစဉ်းစားဘူး။ နွားတွေစားသွားတာပဲများတယ်။ ဒါကြောင့်မို့ ကျွန်တော်က အခုမြစ်ကြီးနားမှာ စမ်းသပ်လုပ်လိုက်တာပါ အခုအောင်မြင်နေပါပြီ။ နောက်ဆို အညာဘက်ကို သွားပြီး လုပ်ငန်းတိုးချဲ့လုပ်ကိုင်သွားမှာပါ”ဟု ဝိုင်းမော်မြို့၊ မင်းတန်းရပ်ကွက်နေ စီးပွားရေးလုပ်ငန်းရှင် ဦးဥက္ကာဒိုး က ပြောသည်။

ထိုသို့ ထန်းသီးမှ တန်ဖိုးမြှင့် စားသောက်ကုန် ပစ္စည်းများ ထုတ်လုပ်ရာတွင် ထန်းသီးအခွံအား စက်ဖြင့် ညစ်၍ ရရှိသောအရည်များအား ဂျယ်လီ၊ အချိုရည်၊ ထန်းသီးဝိုင်နှင့် ထန်းသီးဆံအနုများမှ အချိုရည်များ ညှစ်ပြီးသား ထန်းသီးအမျှင်များအား အခြောက်လှန်း၍ ခေါင်းအုံး၊ အိပ်ယာခင်းများ၊ ထန်းသီးအခွံ များအား လောင်စာအစားထိုး ပစ္စည်းများအဖြစ် အသုံးပြုလျက်ရှိပြီး ဈေးကွက်တွင် ဖြန့်ဖြူးလျက်ရှိကြောင်း သတင်းရရှိသည်။

စိန်ဝင်း (IPRD)