ထွန်းသစ်စအခွင့်အလမ်းများဖြင့် ကမ်းလင့်ကြိုဆို

၁၀  အောက်တိုဘာ

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေး၏ ဖိတ်ကြားချက်အရ (၁၁) ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အောက်တိုဘာလ ၈ ရက်နေ့တွင် အာဆီယံ-ဂျပန်စင်တာက ကြီးမှူး ကျင်းပသည့် မြန်မာ့ပိုးထည်မြှင့်တင်ရေးအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ထို့နောက် မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား ချိတ်ဆက်ဆောင်ရွက် မှုမြှင့်တင်ရေးခေါင်းစဉ်ဖြင့် ကျင်းပသည့် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှု ဆွေးနွေးပွဲတွင် ထွန်းသစ်စမြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများကို ဆွေးနွေးပြောကြားခဲ့သည်။

 

ဆွေးနွေးပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ရှည်ကြာလှသည့် အထီးကျန်ဘဝမှ ထွက်လာသည့် မြန်မာနိုင်ငံအနေဖြင့် လုပ်ဆောင်နေဆဲ ပြုပြင်ပြောင်းလဲမှုများသည် သမိုင်းအမွေဟုခေါ်သည့် ပြဿနာများကို အထူးဦးစားပေး ကိုင်တွယ်ဖြေရှင်းနေရပါကြောင်း၊ မိမိတို့အနေဖြင့် စိစစ်ဆောင်ရွက်နေဆဲ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများ အဆင်ပြေ ချောမွေ့စေမည့် ပတ်ဝန်းကျင်ကောင်းတစ်ရပ် ဖော်ဆောင်မည်ဆိုလျှင် လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးစနစ်များ ကောင်းမွန်စွာလည်ပတ်နိုင်အောင် လုပ်ဆောင်ရမည့်အလုပ်သည် မရှိမဖြစ်လိုအပ်မည်ဖြစ်ပါကြောင်း၊ မိမိတို့ပြည်သူများအတွက် ကောင်းမွန်သည့်အနာဂတ်ကို ဖော်ဆောင်ရန် မိမိတို့ အစိုးရသည် မည်သည့် အခြေအနေမှာပင်ဖြစ်ဖြစ် ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်လုပ်ဆောင်ရန် ခိုင်မာစွာသန္နိဋ္ဌာန် ချထားပြီးဖြစ်ပါကြောင်း” ပြောကြားခဲ့သည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများအတွက် ကောင်းမွန်သော အနာဂတ်ကို ဖော်ဆောင်နိုင်ရန် သန္နိဋ္ဌာန်ချထားပြီးဖြစ်သည့်အတိုင်း ဖွံ့ဖြိုးတိုးတက်သည့် ဂျပန်နိုင်ငံသို့ရောက်ရှိစဉ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လက်တွဲဆောင်ကြဉ်းနိုင်စေရန်အတွက် မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုများ၊ အလားအလာကောင်းများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ မြန်မာနိုင်ငံအပေါ် အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် နားလည်မှုရှိစွာ ချဉ်းကပ်ဆောင်ရွက်နေသော ဂျပန်နိုင်ငံအနေဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် အစောပိုင်းကာလများကတည်းက စိတ်ရင်းစေတနာမှန်ကန်စွာဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။

 

ခရီးစဉ်တွင် မြန်မာနိုင်ငံ၌ စီးပွားရေးဆိုင်ရာ အလားအလာကောင်းများ ပေါ်ထွန်းနေပြီဖြစ်၍ မြန်မာနိုင်ငံ၏ မိတ်ဆွေဖြစ်သည့် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်အားထက်သန်သည့် ကျန်ရှိနေသေးသော ဂျပန်စီးပွားရေး လုပ်ငန်းရှင်များနှင့်ခရီးသွားများကို မြန်မာနိုင်ငံသို့ ဗီဇာမပါဘဲ လာရောက်နိုင်ပြီဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဝမ်းမြောက်ဖွယ် သတင်းစကားပါးခဲ့သည်။ အခွင့်အလမ်းများ ပြည့်လျှမ်းနေသည့် မြန်မာနိုင်ငံ၏ အခြေအနေတစ်ရပ်နှင့် သက်ဝင်လှုပ်ရှားနေသည့် စီးပွားရေးအခြေအနေများကို မိတ်ဆွေဂျပန်နိုင်ငံသားများ ကိုယ်တိုင်ကိုယ်ကျ သိရှိမြင်တွေ့နိုင်အောင် ဖိတ်ခေါ်ခဲ့သည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်း ရှင်များနှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို အလေးအနက်စဉ်းစားပြီး မည်သည့်နည်းလမ်းဖြင့် ချဉ်းကပ်ဆောင်ရွက်နိုင်မည်တို့ကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့သည်။ မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရေးအပြင် နှစ်နိုင်ငံအကြား ပြည်သူများ၏ ဆက်ဆံရေးမြှင့် တင်ရန်နှင့် ကမ္ဘာ့နိုင်ငံများအကြား ဆက်ဆံရေးပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်ရန်လိုအပ်ကြောင်းကိုလည်း တိုက်တွန်းပြောကြားခဲ့သည်။

 

သို့ဖြစ်ရာ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် အရှည်တည်တံ့ ခိုင်မြဲသော ဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့ပြီးဖြစ်သည်။ ယခုလက်ရှိဖြစ်ပေါ်တိုးတက်လာသော ထွန်းသစ်စမြန်မာနိုင်ငံ၏ အလားအလာကောင်းများ ပေါ်ထွန်းနေချိန်တွင် မြန်မာနိုင်ငံနှင့်အတူ ပူးပေါင်း လက်တွဲဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်နှင့် ပြည်သူတို့၏ အနာဂတ်ပိုမို တိုးတက်တောက်ပြောင်လာမည်ဟု ယုံကြည်ပါကြောင်း။ ။

 

ကြေးမုံ