ထန်းရွက်ထန်းဖူးခမောက် ရက်လုပ်ရောင်းချသူများ ပုံမှန်ဝင်ငွေရရှိနေ

အရာတော်   ၇   မေ

 

စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြီု့နယ် ငွေတွင်းကျေးရွာတွင် အိမ်တွင်းမှု ထန်းရွက်ထန်းဖူးခမောက် ရက်လုပ်ရောင်းချသူများ ပုံမှန်ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ယမန်နေ့က ယင်းကျေးရွာမှ ထန်းရွက်ထန်းဖူး ခမောက်ရက်လုပ်သူတစ်ဦးထံမှ သိရသည်။

 

ထန်းရွက်ထန်းဖူးများကို ရွာ၏ ယာမြေတောများတွင် ပေါက်ရောက်နေသော ထန်းပင်ကြီးများမှ ခုတ်ယူ၍ ထန်းဖူးအုပ်ကို အပြားကြီး အပြားသေး လွန်းဆွဲဆုပ်ယူပြီး အစိတ်အကျဲနှစ်မျိုး ရက်လုပ်သည်။ အကျဲရက် ထန်းဖူးခမောက်တစ်လုံးကို ငါးရာကျပ်ဖြင့်ပေးသွင်းရပြီး အစိပ်ရက်ထန်းဖူးခမောက်သည် ပို၍ခိုင်ခန့်တာကြောင့် ရှစ်ရာကျပ်နှန်းဖြင့် ဆိုင်ကြီးများသို့ပေးရသည်ဟု ထန်ဖူးခမောက်ရက်လုပ်သူ ဒေါ်မာရီမှ ပြောကြားသည်။

 

ထန်းရွက်ထန်းဖူးခမောက်ရက်လုပ်သူအနေဖြင့် တစ်နေ့လျှင် အလုံး(၂၀)ပြီးစီးပြီး တစ်နေ့ ကျပ်  ၁၅၀ဝ၀ ကျော်အထိရရှိသည်။ ထန်းဖူးခမောက်မှာ နွေရာသီတွင်အရောင်းသွက်၍ တစ်ပေါင်းလမှ နယုန်လအထိ နေ့စဉ်လုပ်ကိုင်ရသဖြင့် အိမ်တွင်းမှုလုပ်ငန်းဖြင့် ပုံမှန်ဝင်ငွေရလျက်ရှိကြောင်းသိရသည်။

 

ယခုအခါ ကိုဗစ်-၁၉ ရောဂါကာကွယ်ရန် အိမ်တွင်နေပါဆိုသည့်အတိုင်း အိမ်မှာနေပြီး အချိန်ရှိတိုင်း ထန်းရွက်ထန်းဖူးခမောက် ရက်လုပ်နေရသဖြင့် ယခင်ထက် အလုံးရေ ပိုရက်လုပ်နိုင်ကြောင်း ဆက်လက်ပြောကြားသည်။

 

သူရ(သနပ်ခါး)